ဖိလစ်ပိုင်နဲ့ ပိုင်နက် အငြင်းပွားမှုတွေ ရှိနေရာ တောင်တရုတ်ပင်လယ် အစိတ်အပိုင်းမှာ တရုတ်က ရေပြင်နဲ့ဝေဟင် စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
စကားဘရော့ ကမ်းဝေးသောင်ခုံကျွန်းတွေတဝိုက် ရေပြင်မှာ လေ့ကျင့်မှုတွေ လုပ်ခဲ့တာလို့ စက်တင်ဘာ ၂၇ ရက်နေ့မှာ တရုတ်စစ်တပ်က ထုတ်ပြန်ပါတယ်။ အဲဒီကျွန်းကို တရုတ်က ဟွမ်ယမ်းလို့ ခေါ်ဝေါ်လေ့ရှိပါတယ်။ ဖိလစ်ပိုင်ကတော့ ဘိုဂျာဒီ မာဆင်လော့လို့ ခေါ်ဝေါ်ပြီး ပိုင်နက်ရေပြင်အဖြစ် သတ်မှတ်ထားပါတယ်။
တရုတ်ရဲ့ ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က အခု စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို ကွပ်ကဲခဲ့ပါတယ်။ ပြီးတော့ ဒေသတွင်း ရေပြင်ရဲ့ တည်ငြိမ် အေးချမ်းမှုကို နိုင်ငံတချို့က ထိပါးချင်နေတာကြောင့် ဒီလို စစ်ရေးလေ့ကျင့်မှုမျိုး မဖြစ်မနေ လိုအပ်တယ်လို့လည်း PLAက ဆိုပါတယ်။
တရုတ်ဟာ အချုပ်အခြာ အာဏာနဲ့ ရေပိုင်နက်ဆိုင်ရာ အကျိုးစီးပွားတွေ၊ အခွင့်အရေးတွေကို စောင့်ရှောက်ဖို့အတွက် ကာကွယ်ရေး အစီအမံတွေ ထိရောက်မှု ရှိမရှိ ဆန်းစစ်နေဖို့၊ အဆင့်မြှင့်တင်နေဖို့ လိုအပ်တယ်လို့လည်း PLAက ထုတ်ပြန်ပါတယ်။

Public Service Announcement
စစ်ရေးလေ့ကျင့်မှုမှာ ရေတပ်နဲ့ ကမ်းခြေစောင့်တပ်ရဲ့ ကြားဖြတ်ဟန့်တား တိုက်ခိုက်ရေး ရေယာဉ်တွေ၊ ဖရီးဂိတ် စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေ၊ ပင်လယ်ပြင် ကင်းလှည့်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုအပေါ် ဘေဂျင်းမှာရှိတဲ့ ဖိလစ်ပိုင် သံရုံးကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။
စကားဘရော့ ကမ်းဝေးသောင်ခုံကျွန်းဟာ ပင်လယ်ပြင်မှာ ရေအိုင်တစ်ခုကို ဝန်းရံပြီး သန္တာကျောက်တန်းတွေ၊ သဲသောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ နေရာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် ရေပြင်ဟာ ငါးနဲ့ တခြား ရေထွက် သယံဇာတတွေ ပေါကြွယ်ဝမှုကြောင့် ထင်ရှားပါတယ်။
၁၉၈၂ ခုနှစ်၊ ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေ ကွန်ဗင်းရှင်း ဆုံးဖြတ်ချက်အရ အဲဒီနေရာဟာ ဖိလစ်ပိုင် ကမ်းလွန် ရေမိုင် ၂၀၀ အတွင်း အထူးစီးပွားရေးဇုန် ကန့်သတ် ရေပြင်ထဲမှာ ပါဝင်နေပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့က ခုံရုံး ဆုံးဖြတ်ချက်မှာတော့ အဲဒီကျွန်းကို ဘယ်နိုင်ငံရဲ့ ပိုင်နက်ရေပြင်လို့မှ မသတ်မှတ်ပေမယ့် ဖိလစ်ပိုင် တံငါတွေ မျိုးရိုးစဉ်ဆက် ငါးဖမ်းခဲ့ရာ ရေပြင်လို့ အသိအမှတ် ပြုပေးခဲ့ပါတယ်။ ပြီးတော့ အဲဒီနေရာကို ပိုင်နက်ရေပြင်အဖြစ် ထည့်သွင်းသတ်မှတ်လိုတဲ့ တရုတ်ရဲ့ တောင်းဆိုချက်ကို ပယ်ချခဲ့ပါတယ်။
တရုတ်ကတော့ ခုံရုံး ဆုံးဖြတ်ချက်ကို လက်ခံဖို့ ငြင်းဆိုထားပြီး စကားဘရော့ဟာ တရုတ်ပိုင် ကျန်းရှကျွန်းစုရဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့ ကြေညာထားပါတယ်။
ကိုးကား: Bloomberg


















































