လိုအပ်လို့ အီရန်နဲ့ စစ်ပွဲပြန်စရမယ်ဆိုရင် မနက်ဖြန်မှာတင် အစ္စရေးဖက်က အသင့်ဖြစ်နေနိုင်တယ်လို့ အစ္စရေး ကာကွယ်ရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။
အစ္စရေး ပိုင်နက်ထဲကို အီရန်က ဒုံးကျည်တွေနဲ့ ပစ်ခတ်တာမျိုး ရန်စမှု တစ်ခုခုနဲ့တင် အစ္စရေးက စစ်ပွဲကို ပြန်စဖို့ ချက်ချင်း အသင့်ဖြစ်လာနိုင်တယ်လို့ ကာကွယ်ရေး ဝန်ကြီး အစ္စရေးကတ်ဇ်က ဆိုပါတယ်။
လောလောဆယ်မှာတော့ အီရန်နဲ့ အမေရိကန်တို့ရဲ့ စစ်ပြေငြိမ်းရေး သဘောတူ စာချုပ်အရ အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ အစ္စရေးကလည်း အီရန်နဲ့ စစ်ပွဲကို ရပ်နားထားရပါတယ်။ အစ္စရေးနဲ့ အမေရိကန်တို့ဟာ ဖေဖော်ဝါရီ လကုန်ပိုင်းမှာ အီရန်ကို တိုက်ခိုက်ခဲ့ရာက သုံးလခွဲလောက် ကြာမြင့်တဲ့ အီရန် စစ်ပွဲ အစပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ အီရန်-အမေရိကန်ကြား တင်းမာမှုတချို့ ရှိခဲ့ပြီး နှစ်ဖက်ကြား တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။ အာရပ်နိုင်ငံတချို့မှာ ရှိနေတဲ့ အမေရိကန် စစ်စခန်းတွေကို အီရန်က ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့ပြီး နောက်ပိုင်းမှာတော့ နှစ်နိုင်ငံကြား ရန်လိုမှုတွေ ရပ်တန့်ဖို့ သဘောတူခဲ့ကြပါတယ်။

Public Service Announcement
ကတ်ဇ်ကတော့ အီရန်သာ အစ္စရေးပိုင်နက်ထဲကို ဒုံးကျည်နဲ့ ပစ်ရင် အစ္စရေးက ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီ အခြေအနေမျိုး ကြုံလာရင် အစ္စရေးဟာ ဘာဖြေရှင်းချက်ကိုမှ လက်ခံမှာ မဟုတ်ကြောင်း၊ ဒီသဘောထားကို အမေရိကန်ဆီကိုလည်း အသိပေးထားကြောင်း၊ ပြောရမယ်ဆိုရင် အစ္စရေးက ဒီအခြေအနေကို စောင့်နေပြီး အသင့်အနေအထား အမြဲရှိနေကြောင်း၊ ပြီးတော့ ကြိုတင် ရည်ရွယ်ထားတဲ့ ပစ်မှတ်တွေကိုတောင် ရွေးချယ်ထားကြောင်း ကတ်ဇ်က ဆိုပါတယ်။
လိုအပ်လာမယ်ဆိုရင် အစ္စရေးဟာ မနက်ဖြန်တောင်မှ အီရန်နဲ့ စစ်တိုက်လို့ရကြောင်းလည်း ကတ်ဇ်က သတင်းထောက်တွေကို ပြောဆိုသွားခဲ့ပါတယ်။
အစ္စရေးဟာ အခြေအနေတွေကို သံတမန်ရေး နည်းလမ်းတွေနဲ့ ညှိနှိုင်းဖြေရှင်းဖို့ ကြိုးစားနေတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အားထုတ်မှုတွေကို နှောင့်ယှက်ဖို့ မရည်ရွယ်ဘူးလို့ သူက ဆက်ပြောပါတယ်။
ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လိုအပ်လာရင်တော့ အစ္စရေးဟာ ဘယ်သူနဲ့မှ ညှိနှိုင်းနေမှာ မဟုတ်ကြောင်း၊ ဒီအခြေအနေဟာ လက်ဘနွန်နဲ့ဖြစ်ဖြစ်၊ အီရန်နဲ့ဖြစ်ဖြစ် သဘောထား တူတူပဲဖြစ်ကြောင်းလည်း ကတ်ဇ်က ပြောကြားသွားပါတယ်။
ကိုးကား: Ynet


















































