Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်း ရှားပါး ပုံနှိပ်မိတ္တူကို ဗြိတိန်မှာ မတော်တဆ ရှာတွေ့

အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်းရဲ့ ပုံနှိပ်ထားတဲ့ ရှားပါး မိတ္တူ တစ်စောင်ကို ဗြိတိန်နိုင်ငံမှာ မမျှော်လင့်ဘဲ ရှာတွေ့ခဲ့ပါတယ်။

ဓာတ်ပုံ - The National Archives

အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်းရဲ့ ပုံနှိပ်ထားတဲ့ ရှားပါး မိတ္တူ တစ်စောင်ကို ဗြိတိန်နိုင်ငံမှာ မမျှော်လင့်ဘဲ ရှာတွေ့ခဲ့ပါတယ်။

ဗြိတိန်ရဲ့ အမျိုးသား မော်ကွန်းတိုက်မှာ စေတနာ့ဝန်ထမ်းအဖြစ် လုပ်အားပေးနေတဲ့ မိုက်ကယ် စကူရာဟာ မေလကုန်ပိုင်းလောက်တုန်းက စာရွက်စာတမ်းတွေကို ကဏ္ဍတွေခွဲပြီး ပြန်စီပေးနေရင်း အဲဒီစာရွက်ကို မတော်တဆ ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ စကူရာဟာ ၁၈ ရာစု ရေတပ်တွေအကြောင်း မှတ်တမ်း အချက်အလက်တွေကို စနစ်တကျ ပြန်လည် နေရာချနေရင်း ရောနှောပါနေတဲ့ ပုံနှိပ်စာရွက်ရဲ့ ခေါင်းစဉ်ကို မတော်တဆ ဖတ်မိသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ခေါင်းစဉ်မှာတော့ ၁၇၇၆ ခုနှစ်၊ ဇူလိုင် ၄ ရက် နေ့စွဲတပ်ထားပြီး အမေရိကန် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ကြေညာချက်လို့ ရေးသားထားပါတယ်။ အဲဒီနေ့စွဲဟာ ခေတ်သစ် အမေရိကန်နိုင်ငံ ထူထောင်မှုကို တရားဝင် ထုတ်ပြန်တဲ့ လွတ်လပ်ရေးနေ့လည်း ဖြစ်ပါတယ်။

သူက စာရွက်ကို တွေ့တွေ့ချင်း ကြီးကြပ်ရေး အရာရှိကို လှမ်းအကြောင်းကြားပြီး စစ်ဆေးပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီအခါမှာတော့ ပျောက်ဆုံးနေတဲ့ သမိုင်းဝင် စာရွက်စာတမ်း မိတ္တူတစ်ခုမှန်း အတည်ပြုနိုင်ခဲ့ပါတယ်။ ဒီတွေ့ရှိမှုဟာ တကယ့်ကို စိတ်လှုပ်ရှားစရာ အခိုက်အတန့်လို့ စကူရာက ဆိုပါတယ်။ အဲဒီမိတ္တူဟာ အမေရိကန်နိုင်ငံ ပြင်ပမှာ တွေ့ရှိဖူးသမျှ တစ်ခုတည်းသော ပုံနှိပ် မိတ္တူလည်း ဖြစ်ပါတယ်။ သမိုင်းကြောင်း ခိုင်မာမှုနဲ့ သက်တမ်းတွေအရ အဲဒီစာရွက်ဟာ အထူး တန်ဖိုးရှိတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစာရွက်ကို အမေရိကန် စစ်သင်္ဘောဟောင်း တစ်စီးဖြစ်တဲ့ Daltonကနေ ယူဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ၁၇၇၆ ခုနှစ်၊ အမေရိကန် တော်လှန်ရေး စစ်ပွဲကာလတုန်းက စပိန်ကမ်းလွန်မှာ အဲဒီသင်္ဘောကို ဗြိတိန် တိုက်သင်္ဘော တစ်စီးက ကြားဖြတ် ဖမ်းဆီးခဲ့တာပါ။ ဇူလိုင် ၄ ရက်နေ့မှာ အမေရိကန် လွတ်လပ်ရေး ကြေညာခဲ့ပြီးတဲ့နောက် ဇူလိုင် ၁၆ ကနေ ၁၉ ရက်အတွင်း နယူးဟမ့်ရှိုင်းယား ပြည်နယ်ထဲမှာ ပုံနှိပ်ပြီး မိတ္တူတွေ ထုတ်ဝေခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ အမေရိကန်ဟာ လွတ်လပ်ရေး ကြေညာလိုက်ပြီဆိုတဲ့ သတင်းစကားကို မြန်နိုင်သမျှမြန်မြန် ဖြန့်ဝေဖို့ ဖြစ်ပါတယ်။

Daltonရဲ့ ရေယာဉ်မှူး အီလီဇာ ဂျွန်ဆန်ဟာ နယူးဟမ့်ရှိုင်းယားမှာရှိတဲ့ ပို့တ်စ်မောက်သ် ဆိပ်ကမ်းမှာ ကမ်းကပ်ရင်း အဲဒီပုံနှိပ်စာရွက် မိတ္တူတစ်စောင်ကို ရရှိလာခဲ့တာလို့ ယုံကြည်ရပါတယ်။ အဲဒီနောက် သူ့ရဲ့သင်္ဘောဟာ ဗြိတိန် ရေတပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။

၁၇၇၆ ခုနှစ်၊ ဇူလိုင် ၄ ရက်နေ့မှာ အမေရိကန်က ဗြိတိန်လက်အောက်ကနေ လွတ်လပ်ရေး ရယူလိုက်ပြီလို့ ကြေညာခဲ့ပေမယ့် အဲဒီတုန်းက ဗြိတိန်ကတော့ လက်မခံခဲ့ပါဘူး။ ၁၇၈၃ ခုနှစ်၊ ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှာ ချုပ်ဆိုခဲ့တဲ့ စာချုပ်အပြီးမှသာ ဗြိတိန်ဟာ အမေရိကန်ရဲ့ လွတ်လပ်ရေးကို တရားဝင် အသိအမှတ် ပြုခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းအတွက် ဒရုန်းတွေ ထောက်ပံ့ပေးနေတာနဲ့ ပတ်သက်ပြီး ဗြိတိန်ကို ရုရှားက သတိပေး ခြိမ်းခြောက်သွားခဲ့ပါတယ်။

သတင်း

ကင်းဘရစ်ဂျ် တက္ကသိုလ်ရဲ့ လူမည်း ပါမောက္ခ တစ်ဦး စာတမ်းခိုးယူမှု စွပ်စွဲချက်တွေကြောင့် ရာထူးက နုတ်ထွက်ပြီး မကြာခင်မှာပဲ သေဆုံးလျက်သား ရှာတွေ့ခဲ့တဲ့ ဖြစ်စဉ်ဟာ ဗြိတိန်မှာ အတော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်လာခဲ့ပါတယ်။

နိုင်ငံတကာ

ဗြိတိန်နိုင်ငံမှာ ရထားလမ်းချော်မှု ဖြစ်ပွားခဲ့ပြီး ၁၈ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

Facebook