ဇူလိုင်-၆၊၂၀၂၆။People’s Spring
မြန်မာနိုင်ငံ ပိုင်နက်ထဲကအထိန်းအကွပ်မဲ့ သတ္တုတူးဖော်မှုတွေကြောင့် မဲခေါင်မြစ်နဲ့ တခြားမြစ်လက်တက်တွေမှာ ဓာတု အဆိပ်သင့်မှုတွေ ဖြစ်ပေါ်နေတာနဲ့ ပတ်သက်ပြီး တရုတ် အစိုးရက ကြပ်မတ် အရေးယူပေးဖို့ ထိုင်းလူမှုအဖွဲ့အစည်းတွေက ဒီကနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
ချင်းမိုင် နဲ့ ချင်းရိုင် ပြည်နယ် အခြေစိုက်အရပ်ဘက်အဖွဲ့အစည်းတွေက ဇူလိုင် ၆ ရက်နေ့က ချင်းမိုင်မှာ စုဝေးပြီး ဆန္ဒပြ လှုပ်ရှားမှု တစ်ခုကို အကောင်အထည် ဖော်ခဲ့တာပါ။ ထိုမြန်မာနိုင်ငံမှာ အကြီးစား သတ္တုတူးဖော်မှုတွေနဲ့ မြစ်ချောင်းတွေထဲ ဓာတုအဆိပ်အတောက်ပစ္စည်းတွေ စွန့်ပစ်မှုရဲ့နောက်ကွယ်မှာ တရုတ်က ငွေကြေး ထောက်ပံ့ထားတဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေရှိနေတယ်လို့ ဆန္ဒပြသူတွေကစွပ်စွဲကြပါတယ်။
ဒါ့အပြင် ချင်းမိုင်မြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးအနီး ယနေ့မနက် ၁၁ နာရီကျော်မှာဆန္ဒပြစဥ် ထိုင်းရဲတပ်ဖွဲ့က တားဆီးရာမှာအင်အားသုံးခဲ့တဲ့အတွက် ဆန္ဒပြသူ ၂ ဦးဒဏ်ရာရခဲ့တယ်လို့လည်း Thai PBS သတင်းဌာနကဖော်ပြပါတယ် ။

Public Service Announcement
မြန်မာဖက်ခြမ်းက မြစ်ရေတွေထဲ အဆိပ်အတောက်ဓာတ်တွေ ပါလာတဲ့နောက် ထိုင်းဖက်ကို နယ်စပ်ဖြတ်ကျော် စီးဆင်းတဲ့အခါ ထိုင်းဒေသခံ လူ့အဖွဲ့အစည်းတွေပါ ဆိုးကျိုးသက်ရောက်မှု ကြုံရတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
မဲခေါင်မြစ်နဲ့ ဆက်စပ် မြစ်လက်တက်တွေကို ထိုင်းလူ့အဖွဲ့အစည်းအများအပြားကသောက်ရေ၊ စိုက်ပျိုးရေးလုပ်ငန်းနဲ့ စားဝတ်နေရေးအတွက် အကြီးအကျယ် မှီခိုထားရကြောင်း လူမှုရေးအသင်းတွေက ပြောပါတယ်။ မြစ်ရေတွေထဲမှာ အဆိပ်အတောက် ဓာတုပစ္စည်းတွေ ရောပါလာမှုက ငါးသယံဇာတနဲ့ တခြားရေနေသက်ရှိတွေကိုပါ ထိခိုက်ကျဆင်းစေတယ်လို့ ထိုင်းရဲ့ တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။
ရေထဲမှာ ဓာတုအဆိပ်အတောက်တွေ ရောပါလာနိုင်တာကို စိုးရိမ်ပြီးငါးတွေမဝယ်ကြတော့လို့မြစ်ကမ်းနံဘေးကျေးရွာ၆၀ လောက်က တံငါတွေဟာ သူတို့ရဲ့ စားဝတ်နေရေး အလုပ်ကို ဆုံးရှုံးခဲ့ရကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်။ ချင်းရိုင်မှာလည်း ကမ္ဘာလှည့် ခရီးသွားတွေက မြစ်ကမ်းနံဘေးမှာ ဖွင့်ထားတဲ့ စားသောက်ဆိုင်တွေနဲ့ ဆက်စပ်လုပ်ငန်းတွေဆီမလာကြတော့လို့မိသားစုလေးသောင်းလောက် စီးပွားရေးကျပ်တည်းကုန်တယ်လို့ သိရပါတယ်။
ထိုင်းက အရပ်ဖက် အဖွဲ့အစည်းတွေဟာ တရုတ် သမ္မတ ရှီကျင့်ဖျင်ဆီ လိပ်မူတဲ့ ပေးစာတစ်စောင်ကိုလည်း တရုတ် ကောင်စစ်ဝန်ချုပ်ဆီ ပေးပို့ခဲ့ပါတယ်။အဲဒီစာထဲမှာတော့ လက်ရှိ ပြဿနာကိုတရုတ်အစိုးရက အာရုံစိုက် အရေးယူ ကိုင်တွယ်ပေးဖို့ တောင်းဆိုထားပါတယ်။ ပြီးတော့ တရုတ်အစိုးရဟာ တရုတ်ကုမ္ပဏီတွေနဲ့ တရုတ်ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းတွေရဲ့ကြောင့် ဖြစ်ပေါ်လာတဲ့ ပတ်ဝန်းကျင် ညစ်နွမ်းမှုတွေကို စိုးရိမ်ကြောင်းနဲ့ လိုအပ်တဲ့ စည်းမျဉ်း ကြပ်မတ်မှုတွေ ပြဋ္ဌာန်းပေးဖို့ ကတိပြုကြောင်း ပြီးခဲ့တဲ့နှစ်ဇွန်လ ၈ ရက်နေ့နောက်ပိုင်းထုတ်ပြန်ချက် ၃ ခုကြေညာခဲ့ဖူးတာကိုလည်းထိုင်းအဖွဲ့အစည်းတွေကထောက်ပြထားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာတရုတ်ပိုင်ကုမ္ပဏီတွေ၊ တရုတ်က ငွေကြေးထောက်ပံ့ထားတဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေက မြစ်ချောင်းတွေထဲကို အဆိပ်အတောက် ဓာတုပစ္စည်းတွေ စွန့်ပစ်နေတာကို တရုတ် အစိုးရ အနေနဲ့ စုံစမ်းစစ်ဆေးဖို့၊ စည်းမျဉ်းတွေ တင်းကျပ်ဖို့၊ အပြစ်ပေး အရေးယူမှုတွေ လုပ်ဆောင်ဖို့လည်း စာထဲမှာ တောင်းဆိုထားပါတယ်။
ပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ အဲဒီ လုပ်ငန်းတွေဆီတရုတ်အစိုးရကကိုယ်စားလှယ် အဖွဲ့တစ်ခုစေလွှတ်ပြီးသတ်မှတ်စည်းမျဉ်းတွေကို အမှန်တကယ်လေးစားလိုက်နာမှု ရှိ၊မရှိ စစ်ဆေးပေးဖို့လည်းပန်ကြားထားပါတယ်။
မြေရှားသတ္တုနဲ့ ရွှေတို့အပါအဝင် မြစ်ချောင်းတွေနားမှာသတ္တုတူးဖော်နေတဲ့လုပ်ငန်း အများစုဟာ ဝပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA)လို တိုင်းရင်းသား လက်နက်ကိုင် တပ်တွေ ထိန်းချုပ်ထားပြီးတရုတ်နယ်စပ်နဲ့ နီးကပ်တဲ့ နေရာတွေမှာ အဓိက တည်ရှိနေကြောင်းလည်း သိရပါတယ်။
ကိုးကား- Thai PBS

















































