ဇူလိုင်-၇၊၂၀၂၆။People’s Spring
ကမ္ဘာ့ဖလား ဗိုလ်စွဲဖို့ရေပန်းစားခဲ့တဲ့ ထိပ်သီး နှစ်သင်းတွေ့ဆုံပွဲမှာ စပိန်က မိုရီနိုရဲ့ ၉၁ မိနစ်မှာသွင်းယူတဲ့ဂိုးနဲ့အနိုင်ရပြီး ကွာတားဖိုင်နယ်ကိုတက်ရောက်သွားပါတယ်။
ပေါ်တူဂီအသင်းဟာ ၁၆ သင်းအဆင့်ကနေ အိမ်ပြန်ခဲ့ရတာကြောင့် အသက် ၄၁ နှစ်အရွယ်ရော်နယ်ဒိုအတွက် ကစားသမားအနေနဲ့ ကမ္ဘာ့ဖလား ရယူဖို့ အခွင့်အလမ်းမရှိတော့ပါဘူး။ပွဲချိန်ပြည့်ဝင်ကစားခဲ့ပြီး ပွဲပြီးချိန်မှာ ရော်နယ်ဒို ဝမ်းနည်းပြီး ခေတ္တငိုကြွေးခဲ့ပါတယ်။
ဂန္တဝင်ကစားသမားတွေဖြစ်ပြီး သူတို့အတွက်နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်တဲ့ မိုဒရစ်၊ နေမာ တို့အပြီး ရော်နယ်ဒိုလည်း ပြိုင်ပွဲကို နှုတ်ဆက်ခဲ့ရတာဖြစ်ပါတယ်။ရော်နယ်ဒိုဟာကမ္ဘာ့ဖလားပြိုင်ပွဲ ၆ ကြိမ်ဆက်ဝင်ကန်ခဲ့ပြီး

Public Service Announcement
၂၇ ပွဲကစား ၁၁ ဂိုးသွင်းယူနိုင်တဲ့ မှတ်တမ်းစိုက်ထူခဲ့ပါတယ်။ဒါပေမယ့်အမြင့်ဆုံး ၂၀၀၆ ခုနှစ်မှာ ဆီးမီးဖိုင်နယ်အထိရောက်ခဲ့ပြီး စတုတ္ထအဆင့်ရခဲ့တာဖြစ်ပါတယ်။နောက်အကြိမ်တွေမှာ ကွာတားဖိုင်နယ်အထိ ၁ ကြိမ်ပဲရောက်ပါတယ်။
ထိပ်သီး နှစ်သင်းတွေ့ဆုံမှုမှာအကြိိတ်အနယ်ရှိခဲ့ပြီး ပွဲချိန်အများစုမှာ စပိန်က အသာစီးနဲ့ကစားနိုင်ခဲ့ပါတယ်။ စပိန်က ဂိုးကန်သွင်းခွင့်မှာရော ဘောလုံးပိုင်ဆိုင်မှုမှာရော ဂိုးပေါက်တည့်အောင်ကန်နိုင်မှုမှာရောအသာစီးရခဲ့ပေမယ့် ဂိုရဖို့ ရုန်းကန်ခဲ့ရပါတယ်။
ယာမယ်လ်ရဲ့အတိုးအလှုပ်တွေကို ပေါ်တူဂီကစားသမား နှစ်ဦး၊သုံးဦးနဲ့အဆင့်ဆင့်ပိတ် သတိထားကစားခဲ့ရပြီး ယာမယ်လ်ကိုထိန်းရတဲ့ နူနိုမန်ဒက်စ် ၅၆ မိနစ်မှာ ဒဏ်ရာရပြီးလူစားလဲခဲ့ရတာက ပေါ်တူဂီ ကစားကွက်အပေါ်ထိခိုက်စေခဲ့ပါတယ်။
တစ်လုံးတည်းသော အနိုင်ဂိုးကို လူစားဝင်ကစားသမားမိုရီနို က ကွင်းအတွင်းဝင်လာပြီး ၆ မိနစ်အကြာမှာပဲ ဖာရန်တောရက်စ်ရဲ့ လှပတဲ့ဖန်တီးမှုကနေ ဂိုးသမားနဲ့တစ်ဦးချင်းအတွေ့မှာအပိုင်ကန်သွင်းခဲ့တာပါ ။
အကောင်းဆုံးကစားသမားဆုကို တော့ စပိန်အသင်းခေါင်းဆောင် ရိုဒရီက ရရှိခဲ့ပါတယ်။စပိန်ဟာ ကွာတားဖိုင်နယ်မှာ အမေရီကန်-ဘယ်လ်ဂျီယံ ပွဲက နိုင်တဲ့အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဓါတ်ပုံ-Fifa , Getty

















































