Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သီရိလင်္ကာက ထောင်ဆူမှုမှာ နှစ်ဒါဇင်ကျော်သေပြီး ရာနဲ့ချီ ဒဏ်ရာရ

သီရိလင်္ကာ နိုင်ငံမှာ ထောင်ဆူမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အကျဉ်းသားတွေနဲ့ ထောင်ဝန်ထမ်း နှစ်ဒါဇင်ကျော် သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

သီရိလင်္ကာ နိုင်ငံမှာ ထောင်ဆူမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အကျဉ်းသားတွေနဲ့ ထောင်ဝန်ထမ်း နှစ်ဒါဇင်ကျော် သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ကိုလံဘိုမြို့တော် မြောက်ဖက်၊ သီရိလင်္ကာနိုင်ငံ အနောက်ဖက် ကမ်းရိုးတန်းမှာ တည်ရှိတဲ့ နီဂိုဘွမ်မြို့က အကျဉ်းထောင်မှာ နှစ်ရက်ဆက်တိုက် ရုန်းရင်းဆန်ခတ် အခြေအနေတွေ ဖြစ်ခဲ့တာပါ။ ဇူလိုင် ၅ ရက်နေ့က နီဂိုဘွမ် ထောင်ထဲမှာ အကျဉ်းသားတွေက ထောင်စောင့်တွေဆီက သေနတ်တွေကို လုယက်ပြီး စတင်ဆူပူ အုံကြွလာခဲ့ပါတယ်။

အဲဒီနေ့က လူ ၂ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။ နောက်တော့ ထောင်သား အမျိုးသားတွေ၊ အနီးမှာရှိတဲ့ အမျိုးသမီးဆောင်က အကျဉ်းသူတချို့ဟာ ထောင်ရဲ့ ခေါင်မိုးပေါ်ကို တက်ပြီး သူတို့ကို လွှတ်ပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။

ဇူလိုင် ၆ ရက်နေ့မှာတော့ ထောင်သားတွေက အပြင်စည်းကနေ လုံခြုံရေး တင်းကျပ်ထားတဲ့ ထောင်ဂိတ်ဝတွေကို တရကြမ်း ဝင်စီးဖို့ ကြိုးစားခဲ့ရာက အခြေအနေတွေ ပိုရှုပ်ထွေးကုန်ပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကလည်း အင်အားသုံး တုံ့ပြန်ခဲ့ပြီး ပစ်ခတ်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထောင်ထဲမှာ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်တဲ့ ကွန်ရက်တစ်ခု လည်ပတ်နေတဲ့အကြောင်း အကျဉ်းသား တစ်ယောက်က ဖော်ကောင်လုပ်ခဲ့ရာက အခုလို အကြမ်းပတမ်း အခြေအနေတွေ စတင်လာခဲ့တာလို့ ရဲတွေက ဆိုပါတယ်။

ဇူလိုင် ၆ ရက် ညနေပိုင်းမှာတော့ အကျဉ်းထောင်ရဲ့ အခြေအနေကို ပြန်လည် ထိန်းသိမ်းနိုင်ခဲ့ပြီး ပဋိက္ခတွေအတွင်း ထောင်ဝန်ထမ်း ၇ ဦးနဲ့ အကျဉ်းသား ၁၉ ဦး၊ စုစုပေါင်း ၂၆ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ဒဏ်ရာရသူကလည်း ၁၀၀ ကျော်ခဲ့ပြီး အဲဒီထဲက ထောင်ဝန်ထမ်း ၂၃ ဦးနဲ့ အကျဉ်းသား ၅၄ ဦးကတော့ ဆေးဝါးကုသမှုတွေ ဆက်လက် ခံယူနေရဆဲ ဖြစ်ပါတယ်။ ဒဏ်ရာပြင်းသူ တချို့ကိုတော့ ထောင်ဆေးရုံကနေ နီဂွမ်ဘို ပြည်သူ့ဆေးရုံနဲ့ ကိုလံဘို ဆေးရုံတွေဆီ လွှဲပြောင်းပေးခဲ့ပါတယ်။ နီဂွမ်ဘို ဆေးရုံအုပ်ကြီးက လက်ရှိ လက်ခံကုသပေးနေရသူတွေထဲက တချို့ဟာ သေနတ်ဒဏ်ရာ ရထားသူတွေ ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

ထောင်ဆူခဲ့တဲ့ ဖြစ်စဉ်အတွင်း အကျဉ်းထောင်ရဲ့ အမိုးအစိတ်အပိုင်းတချို့ ပြိုကျခဲ့ကြောင်း၊ ဒဏ်ရာရသူတွေထဲမှာ အကျဉ်းသူ တချို့လည်း ပါဝင်ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

ထောင်ဆူမှုအတွင်း သေဆုံးမှုတွေ ရှိခဲ့ကြောင်း သတင်းတွေ ပျံ့နှံ့လာတဲ့နောက် ထောင်ဘူးဝ အပြင်ဖက်မှာတော့ အကျဉ်းသားတွေရဲ့ မိသားစုတွေ လာရောက်စုဝေးပြီး စိုးရိမ်တကြီးနဲ့ သတင်းလာစုံစမ်းနေတာကိုလည်း တွေ့ခဲ့ရပါတယ်။

ဇူလိုင် ၇ ရက် မနက်ပိုင်းမှာတော့ ထောင်ရဲ့ အတွင်းပိုင်းမှာ ရှင်းလင်းရေးတွေ ဆက်လက် လုပ်ဆောင်နေသလို ရဲတပ်ဖွဲ့ရဲ့ အကူအညီ တောင်းခံမှုကြောင့် သီရိလင်္ကာ စစ်တပ်ကပါ လုံခြုံရေး လာရောက် ဖြန့်ကျက်ပေးထားပါတယ်။

အခုဖြစ်စဉ်အပြီး ထောင်ထဲက အကျဉ်းသား တချို့ကို တခြားထောင်တွေဆီ ခွဲထုတ်ပြီး ပြောင်းရွှေ့ဖို့ စီစဉ်နေတယ်လို့လည်း အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရ အရာရှိက အတည်ပြုခဲ့ပါတယ်။ ထောင်ဆူမှုနဲ့ ပတ်သက်ပြီး အသေးစိတ် တိတိကျကျ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့လည်း တရားရေးနဲ့ အကျဉ်းဦးစီး ဝန်ကြီး ဟာရှနာ နာနေယက်ကာရာက သက်ဆိုင်ရာ အာဏာပိုင်တွေကို တိတိကျကျ ညွှန်ကြားထားပါတယ်။

သီရိလင်္ကာမှာတော့ အကျဉ်းသားဦးရေ မတန်တဆ ပြွတ်သိပ်ထားရှိတဲ့ ထောင်တွေထဲမှာ ထောင်ဆူမှုတွေ ကြိုကြားကြိုကြား ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတုန်းကလည်း တခြားထောင် တစ်ခုမှာ အကျဉ်းသားတွေ ဆူပူအုံကြွရာက ၁၁ ဦး သေခဲ့ပြီး ၁၁၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

သီရိလင်္ကာမှာ အကျဉ်းသား ၄၁၀၀၀ ကျော် ရှိနေပြီး အဲဒါဟာ နိုင်ငံရဲ့ အကျဉ်းထောင်တွေ ထိန်းသိမ်း လက်ခံထားနိုင်တဲ့ ဝင်ဆံ့သူ ဦးရေထက် ၄ ဆ ပိုများတဲ့ ပမာဏလည်း ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မေလရဲ့ ပထမဆုံး သီတင်းပတ်မှာတင် အွန်လိုင်း ငွေကြေးလိမ်လည်မှု (ကျားဖြန့်)နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နိုင်ငံခြားသား ၂၆၀ ကျော်ကို သီရိလင်္ကာက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်ချေးငွေနဲ့ တည်ဆောက်ခဲ့ပြီး ဆိုးဆိုးရွားရွား အရှုံးပေါ်နေတဲ့ လေဆိပ်တစ်ခုကို ရောင်းချနိုင်ဖို့ သီရိလင်္ကာ အစိုးရက ဝယ်လိုက်တွေ လိုက်ရှာနေပါတယ်။

သတင်း

ပြည်တွင်း လောင်စာသုံးစွဲမှု လျှော့ချရေး အစီအမံ တစ်ခုအနေနဲ့ သီရိလင်္ကာ အစိုးရဟာ တစ်ပတ်ကို ၄ ရက်ပဲ ရုံးတက်စေဖို့ ညွှန်ကြားလိုက်ပါတယ်။

နိုင်ငံတကာ

အီရန် စစ်သင်္ဘောတစ်စီးကို အမေရိကန်ကတိုက်ခိုက် နှစ်မြှုပ်ခဲ့တဲ့နောက် အခြားအီရန် ရေတပ်သင်္ဘောတစ်စီးကို သီရိလင်္ကာက ကယ်ဆယ်ထားခဲ့ရတယ်လို့ သိရပါတယ်။