ဆီးရီးယားနိုင်ငံ၊ ဒမတ်စကက် မြို့တော်မှာ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန် တည်းခိုနေတဲ့ ဟိုတယ်နားမှာ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။
ဆီးရီးယား အာဏာပိုင်တွေက ပေါက်ကွဲမှုတွေ အတောအတွင်း လူ ၁၈ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ဇူလိုင် ၇ ရက်နေ့ ပေါက်ကွဲမှုတွေဟာ ဆီးရီးယား ကမ္ဘာလှည့် ခရီးသွား ဝန်ကြီးဌာနနဲ့ အမျိုးသား ပြတိုက်ကြားက လူအသွားအလာ စည်ကားတဲ့ ဧရိယာမှာ ဖြစ်ပွားခဲ့တာပါ။
အဲဒီနားမှာ မာခရွန် တည်းခိုနေတဲ့ Four Season ဟိုတယ် ရှိနေခဲ့ပါတယ်။ မာခရွန်ဟာ ဇူလိုင် ၆ ရက်က အဲဒီမှာ ညအိပ်ခဲ့သလို ဇူလိုင် ၇ ရက် မနက်ပိုင်းတုန်းကလည်း ဆီးရီးယား အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေနဲ့ ဟိုတယ်မှာ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
မာခရွန်ရဲ့ ရုံးကတော့ ပေါက်ကွဲမှုတွေရဲ့ အသံကို ပြင်သစ် သမ္မတက မကြားခဲ့ရကြောင်းနဲ့ သူဟာ ကြိုတင် စီစဉ်ထားတဲ့အတိုင်း ဆီးရီးယား သမ္မတ အာမက် အယ်လ်ရှာရားနဲ့ တွေ့ဆုံခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

Public Service Announcement
မာခရွန်ဟာ အာဏာရှင် သမ္မတဟောင်း ဘာရှာ အယ်လ်အာဆတ် အစိုးရ ပြုတ်ကျခဲ့တဲ့နောက်ပိုင်း ဆီးရီးယားဆီ ပထမဆုံး တရားဝင် အလည်အပတ် ခရီးစဉ် ရောက်ရှိလာတဲ့ ဥရောပ နိုင်ငံတစ်ခုရဲ့ ခေါင်းဆောင်လည်း ဖြစ်လာပါတယ်။ သူတည်းခိုတဲ့ ဟိုတယ်နားမှာ ဗုံးတွေ ပေါက်ကွဲခဲ့တယ် ဆိုပေမယ့် သူ့ရဲ့ ခရီးစဉ်ကိုတော့ မဖျက်သိမ်းခဲ့ဘူးလို့ မာခရွန်က လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။
အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနဲ့ လုံခြုံရေးအတွက် ဆီးရီးယား ပြည်သူတွေရဲ့ ဆန္ဒပြင်းပြမှုတွေကို ဘယ်အရာကမှ တားဆီးနိုင်မှာ မဟုတ်ကြောင်း၊ မနက်ပိုင်းတုန်းက သူဟာ ဆီးရီးယား နိုင်ငံရဲ့ အလွှာအသီးသီး၊ လူမျိုးစု အသီးသီးရဲ့ ကိုယ်စားလှယ်တွေကို တွေ့ဆုံခဲ့ပြီး ဂုဏ်သရေရှိမှု၊ သတ္တိနဲ့ စိတ်ဓာတ်ခိုင်မာမှုတွေကို မြင်တွေ့ခဲ့ရကြောင်း မာခရွန်က ဆိုပါတယ်။
သတင်းတွေအရ မာခရွန်ရဲ့ ယာဉ်တန်းက ဟိုတယ်ကနေ သမ္မတ နန်းတော်ဆီ ထွက်ခွာသွားပြီး မကြာခင်မှာ ပထမဆုံး ဗုံးကွဲခဲ့ပြီး အဲဒီနောက် မီတာအနည်းငယ် အကွာမှာ ဒုတိယ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ သိရပါတယ်။ ဒုတိယဗုံးဟာ လူနာတင်ယာဉ် တစ်စီးနားမှာ ပေါက်ကွဲခဲ့ပြီး အဲဒီတုန်းက အနီးတဝိုက်မှာ လူပေါင်း နှစ်ဒါဇင်လောက် စုဝေးနေခဲ့ကြောင်း မျက်မြင်တွေက ဆိုပါတယ်။
ဒီတိုက်ခိုက်မှုတွေကို ဘယ်အဖွဲ့အစည်းက ကျူးလွန်သလဲဆိုတဲ့ ကြေညာချက် တစ်ခုခုလည်း ထွက်ပေါ်မလာသေးပါဘူး။ ဆီးရီးယား သမ္မတ အယ်လ်ရှာရားဟာ အရင်က အယ်လ်ကိုင်ဒါ စစ်ဦးစီးဟောင်းတစ်ဦး ဖြစ်ခဲ့ပေမယ့် အာဆတ် အစိုးရကို ဖြုတ်ချပြီးနောက်ပိုင်း အနောက်နိုင်ငံတွေရော၊ အရှေ့အလယ်ပိုင်း ဒေသနဲ့ပါ ဆက်ဆံရေး မြှင့်တင်ဖို့ အားထုတ် ကြိုးစားနေပါတယ်။
ကိုးကား: Reuters


















































