ဆယ်စုနှစ် တစ်ခုလောက်ကြာအောင် ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံအဖြစ် သတ်မှတ်ထားမှုကနေ ပြန်လည် ရုပ်သိမ်းပေးမယ်လို့ အမေရိကန် အစိုးရက အတည်ပြုခဲ့ပါတယ်။
အာဏာရှင် သမ္မတဟောင်း ဘာရှာအယ်လ်အာဆတ် အုပ်စိုးနေတဲ့ ကာလအတွင်း အမေရိကန်ဟာ ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံအဖြစ် စာရင်းသွင်း သတ်မှတ်ထားခဲ့ပါတယ်။ အာဆတ်ရဲ့ အစိုးရကို ဖြုတ်ချခဲ့ပြီး အာမက် အယ်လ် ရှာရားက သမ္မတအဖြစ် ဦးဆောင်နေတဲ့ ဆီးရီးယား တော်လှန်ရေး အစိုးရသစ်ကတော့ အနောက်နိုင်ငံတွေနဲ့ရော၊ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေနဲ့ပါ ဆက်ဆံရေးကို မြှင့်တင်ဖို့ အလေးအနက် ကြိုးပမ်းနေပါတယ်။
ဇူလိုင် ၈ ရက်မှာတော့ ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံအဖြစ်ကနေ ပယ်ဖျက်မယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက အတည်ပြု ပြောကြားခဲ့ပါတယ်။ ဒါဟာ ဆီးရီးယား ပြည်သူတွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပေးအပ်လိုက်တဲ့ နောက်ထပ် ခမ်းနားတဲ့ အခွင့်အရေး တစ်ခုလို့ ရူဘီရိုက ဆိုပါတယ်။
အမေရိကန် လွှတ်တော်က ကြားဝင်နှောင့်ယှက် ပိတ်ပင်တာမျိုး မရှိဘူးဆိုရင် အခုသတ်မှတ်ချက်ဟာ ၄၅ ရက် အကြာမှာ တရားဝင် စတင်မှာ ဖြစ်ပါတယ်။ လွှတ်တော် အမတ်တွေကလည်း ဒီကိစ္စမှာ ကန့်ကွက်မယ့် အခြေအနေ မရှိပါဘူး။

Public Service Announcement
ထရမ့်ဟာ တူရကီမှာ NATO ထိပ်သီးညီလာခံ တက်ရောက်ရင်း သီးခြား အစီအစဉ် တစ်ခုအဖြစ် အယ်လ် ရှာရားနဲ့ တွေ့ဆုံပြီးတဲ့နောက် ဒီကြေညာချက် ထွက်ပေါ်လာခဲ့တာပါ။ အကြမ်းဖက်အားပေး နိုင်ငံအဖြစ် သတ်မှတ်ချက်ကနေ ဖယ်ရှားလိုက်ခြင်းက ဆီးရီးယားအပေါ် အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှုတွေကိုလည်း ပိုမို လျော့နည်းသွားစေမှာ ဖြစ်ပါတယ်။
ပိတ်ဆို့မှုတွေ ဖယ်ရှားပေးလိုက်တဲ့အတွက် ဆီးရီးယားအတွက် နိုင်ငံတကာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ လမ်းကြောင်းတွေ ပိုပြီး ပွင့်လာမှာ ဖြစ်ကြောင်း၊ ဆီးရီးယား ပြည်သူတွေအတွက် ကဏ္ဍသစ် တစ်ခုဆီ စတင် ဝင်ရောက်နိုင်တော့မှာ ဖြစ်ကြောင်း ရူဘီရိုက ဆိုပါတယ်။ တည်ငြိမ်ပြီး စည်းလုံးတဲ့ ဆီးရီးယားဟာ နိုင်ငံနဲ့ ဒေသတွင်း အတွက်သာ မကဘဲ တစ်ကမ္ဘာလုံးကို ကောင်းကျိုး ဖြစ်ထွန်းစေမှာဖြစ်ကြောင်းလည်း ရူဘီရိုက ပြောပါတယ်။
အမေရိကန်ရဲ့ မဟာမိတ် အစ္စရေး အစိုးရက ကန့်ကွက်တာတွေ ရှိခဲ့ပေမယ့် တူရကီဆီ အယ်လ် ရှာရား ရောက်လာခဲ့တာကို ထရမ့်က ထောက်ခံ သဘောတူခဲ့ပါတယ်။ ဆီးရီးယားဟာ အစ္စရေး အတွက်တော့ သမိုင်းကြောင်း ခါးသီးတဲ့ ရန်ဘက်နိုင်ငံ တစ်ခုဖြစ်ပြီး လက်ရှိ အချိန်ထိလည်း ဆီးရီးယား ပိုင်နက်ထဲမှာ အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။
ဆီးရီးယားဟာ ဆယ်စုနှစ် တစ်ခုကျော် ရှည်လျားခဲ့တဲ့ ပြည်တွင်းစစ်၊ အိုင်အက်စ် အကြမ်းဖက် အဖွဲ့ရဲ့ သောင်းကျန်းမှုတွေကြောင့် အကြီးအကျယ် ယိမ်းယိုင်ခဲ့ရပြီး လက်ရှိမှာတော့ အယ်လ် ရှာရား ဦးဆောင်တဲ့ အစိုးရဟာ ပြန်လည် ထူထောင်ရေးအတွက် နိုင်ငံတကာ အကူအညီတွေ ရရှိဖို့ ဘက်ပေါင်းစုံကနေ ကြိုးစားနေပါတယ်။
အယ်လ် ရှာရားနဲ့ တွေ့ဆုံချိန်မှာတော့ လက်နက်ကိုင် တော်လှန်ရေးသမား ဘဝကနေ နိုင်ငံရေးသမား ဖြစ်လာတဲ့ သမ္မတဟာ အရင် အစိုးရ လက်ထက်တုန်းက အရှုပ်ထုပ်ကြီး ဖြစ်သွားခဲ့တဲ့ ဆီးရီးယားနိုင်ငံကို မယုံကြည်နိုင်လောက်အောင် စည်းလုံးစေခဲ့ကြောင်း ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။
ကိုးကား: Al Jazeera

















































