ဇူလိုင်-၈၊၂၀၂၆။People’s Spring
မျှတမှု ကင်းမဲ့တယ်လို့ ယူဆဲတဲ့အတွက် ကမ္ဘာ့ဖလား ပွဲစဉ်တွေကို ဆက်မကြည့်တော့ဘူးလို့ အီဂျစ်အသင်း မန်နေဂျာ ဟိုဆမ် ဟာဆန်က ပြောကြားခဲ့ပါတယ်။
အီဂျစ်အသင်းဟာ လက်ရှိ ချန်ပီယံ အာဂျင်တီးနားကို သုံးဂိုး-နှစ်ဂိုးနဲ့ အရေးနိမ့်ပြီး ၁၆ သင်း ရှုံးထွက်အဆင့်ကနေ ထွက်ခွာခဲ့ရတဲ့နောက် ဟာဆန်က အခုလို ပြောဆိုခဲ့တာပါ။ ဟာဆန်က သူ့အသင်းဟာ ကွင်းတွင်းကွင်းပြင်မှာ မမျှမတ ဆက်ဆံမှုတွေ ကြုံတွေ့ခဲ့ရတယ်လို့ ယုံကြည်ကြောင်းလည်း စွပ်စွဲခဲ့ပါတယ်။
အာဖရိက အသင်းတစ်သင်းဖြစ်တဲ့ အီဂျစ်ဟာ ပွဲချိန် မိနစ် ၈၀ လောက်ထိ နှစ်ဂိုးအသာနဲ့ ဦးဆောင်နေခဲ့ပြီး ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် တက်လှမ်းခွင့် အိပ်မက်နဲ့ အရမ်းနီးစပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အာဂျင်တီးနား အသင်းရဲ့ နောက်ဆုံးမိနစ် ရုန်းအားတွေနဲ့အတူ သုံးဂိုးသွင်းပြီး အီဂျစ်ရဲ့ မျှော်လင့်ချက်တွေ ရေစုန်မျောခဲ့ရတာပါ။

Public Service Announcement

အီဂျစ်အသင်းဟာ အခုပွဲစဉ်ကို ကြီးကြပ်ကိုင်တွယ်တဲ့ ပြင်သစ်နိူင်ငံသား ဒိုင်လူကြီးဖရန်ဆွာ လက်တက်စီယာရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း မကျေမနပ်ဖြစ်နေပါတယ်။ အာဂျင်တီးနား ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ရဲ့ နောက်ဆုံးမိနစ် အနိုင်ဂိုး မတိုင်ခင် အာဂျင်တီးနားဖက်က ပြစ်ဒဏ်ဘော ကျူးလွန်တာကို လက်တက်စီယာက မျက်ကွယ်ပြုခဲ့ကြောင်း သူကစွပ်စွဲခဲ့ပါတယ်။
နောက်ဆုံးတော့ အရာရာဟာ လူစိတ်ဝင်စားပြီး ငွေရစေဖို့ တစ်ခုတည်းအတွက်ပဲဖြစ်လာကြောင်း၊ဘောလုံးအားကစားမှာတော့ အကျိုးစီးပွားကို အကြောင်းပြုပြီး ကွင်းထဲမှာ ကိစ္စမျိုးစုံ ဖြစ်ပျက် ပြောင်းလဲသွားတတ်ကြောင်း၊ အခုပွဲမှာ ကြုံခဲ့ရတာတွေက လုံးဝ မမျှတခဲ့ကြောင်း၊ အီဂျစ်ဟာ ပိုကောင်းတဲ့ အသင်းဖြစ်ခဲ့သလို နောက်တစ်ဆင့်တက်ဖို့ ထိုက်တန်ကြောင်း သူက မှတ်ချက် ပေးခဲ့ပါတယ်။
ကစားသမား ဘဝတုန်းက အီဂျစ်ရဲ့ ဂိုးသွင်းအများဆုံး စံချိန်ကို ဒီနေ့ထိ ထိန်းသိမ်းထားနိုင်ဆဲဖြစ်တဲ့ ဟာဆန်ကအားကစားဟာ ဘာကြောင့် မျှတမှု မရှိတော့သလဲ ဆိုတာကို မေးခွန်းထုတ်ချင်ကြောင်း၊ သတင်းစာ ရှင်းလင်းပွဲမှာ စကားလုံး လှလှလေးတွေနဲ့ ပြောဆိုမနေချင်တော့ကြောင်း၊ အီဂျစ်ဟာ အခုပွဲမှာ မမျှမတ ဆက်ဆံခံရပြီး မတရားမှုရဲ့ဒဏ်ကို ခံခဲ့ရကြောင်း၊ ဒီလို ထုတ်ပြောတာဟာ သူ့မကျေနပ်မှုကို ဖွင့်ချတဲ့ သူ့ကိုယ်ပိုင် ရွေးချယ်မှု ဖြစ်သလို မျှတမှု ကင်းမဲ့တဲ့ ပြိုင်ပွဲရဲ့ နောက်ထပ် ဘယ်ပွဲကိုမှ ကြည့်ရှုတော့မှာ မဟုတ်ကြောင်း ဟာဆန်က သူ့အမြင်တွေကိုထုတ်ဖော်ပြောကြားသွားပါတယ်။
အီဂျစ် ကစားသမား တစ်ဦးဖြစ်တဲ့ မိုစတာဖာ ဇီကို ကလည်း ပွဲစီစဉ်သူတွေ၊တာဝန်ရှိသူတွေဟာ ပြိုင်ဘက်အပေါ် မျက်နှာသာပေးခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ပွဲကို နှစ်ဂိုးအသာနဲ့ ဦးဆောင်ပြီးချိန်မှာ အရာအားလုံးက အီဂျစ်အတွက် ထင်သာမြင်သာ ဆန့်ကျင်လာခဲ့တယ်လို့ သူက ဆိုပါတယ်။ သူက အီဂျစ်အသင်း ရရှိခဲ့တဲ့ သွင်းဂိုးတစ်ဂိုးကို ပယ်ဖျက်ခဲ့တဲ့ ဒိုင်ဆုံးဖြတ်ချက်ကိုလည်း ဘယ်လိုမှ နားမလည်နိုင်ကြောင်း ဝေဖန်သွားပါတယ်။
တစ်ဖက်မှာတော့ အာဂျင်တီးနား မန်နေဂျာ လီယွန်နယ် စကာလိုနီဟာ စိတ်လှုပ်ရှားမှုကြောင့် မျက်ရည်တွေ ကျနေပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဘယ်လောက်တောင်အံသြဖို့ကောင်းတဲ့ကစားသမားတွေလဲလို့ ကစားသမားတွေအပေါ်ချီးကျူးပြီးခပ်စောစော သိမ်းသွားခဲ့ပါတယ်။ သူက ဒီပွဲမှာ ကိုယ်တိုင် တစ်ဂိုးသွင်းပြီး အသင်းကို အကောင်းဆုံး ဦးဆောင်မှု ပေးခဲ့တဲ့ အသက် ၃၉ နှစ်အရွယ် အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို အထူးချီးကျူးသွားပါတယ်။
မက်ဆီဟာကိုယ်တိုင် ပင်နယ်တီ လွဲချော်ခဲ့ပေမယ့် အသင်းကို အကြိမ်ကြိမ် ဦးဆောင်မှုပေးပြီး ရုန်းကန်ပြခဲ့ကြောင်း၊ ဒီပွဲမှာ သူ့အနေနဲ့ အရမ်း စိတ်လှုပ်ရှားခဲ့တယ်ဆိုတာ ဝန်ခံရမှာဖြစ်ပြီး စိတ်ရောကိုယ်ပါ အားသွန်ခွန်စိုက် ကစားခဲ့တဲ့ အသင်းသားတွေအတွက်လည်း ဂုဏ်ယူကြောင်း စကာလိုနီက ပြောဆိုသွားပါတယ်။
နောက်ပိုင်းမှာတော့ စကာလိုနီက “ဒီနေ့ဟာ ကျွန်တော်တို့အတွက် အမှတ်ရစေမယ့် စမ်းသပ်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီနေ့ဖြစ်ပျက်ခဲ့တာတွေဟာ ကျွန်တော်တို့ အရင်က ကြုံခဲ့ဖူးတဲ့ အကြီးမားဆုံး အခိုက်အတန့်တွေနဲ့ ယှဉ်နိုင်လောက်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအသင်းဟာ ဘယ်တော့မှ အရှုံးမပေးဘဲ အမြဲရှေ့ကိုပဲ တွန်းတင်နေတဲ့ အသင်းဖြစ်လို့ပါ။ ဒါက ဘောလုံးရဲ့ အနှစ်သာရပါ။ နည်းဗျူဟာနဲ့ ဗျူဟာတွေက အရေးကြီးပေမယ့် ဒီနေ့ ကျွန်တော်တို့မှာ ရှိခဲ့တဲ့ စိတ်ဓာတ်၊ ယုံကြည်ချက်နဲ့ တိုက်ပွဲဝင်စိတ်ဓါတ်သာ မရှိခဲ့ရင် ကျွန်တော်တို့ ပြိုင်ပွဲကနေ ထွက်ခွာသွားရမှာ ဖြစ်ပါတယ်။”လို့ဖြည့်စွက်ပြောကြားပါတယ်။
အာဂျင်တီးနားဟာ ကွာတားဖိုင်နယ် အဆင့်မှာတော့ ဆွစ်ဇာလန် အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ကိုးကား- Guardian


















































