ဇူလိုင်-၉၊၂၀၂၆။ဇော်ရမ်း/People’s Spring
တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းဖြစ်တဲ့ မြစ်ကြီးနား – ကန်ပိုင်တည်မြို့ကြားက ကန်ပိုင်တည်နဲ့ ဆဒုံးမြို့ကြားမှာ မိုးကြီးပြီး မြေပြိုမှုကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေပါတယ်။
” တောင်ပြိုလို့လမ်းအပိုင်းလိုက် ပြတ်ကျတာ။ တနေရာနဲ့ တနေရာ ပေ ရာချီတယ်။ ပြင်ဖို့ကို မလွယ်ဘူး။ မိုးက ရွာတာအရမ်းပဲ။ ကားတွေလည်း ပိတ်မိနေတာပါ”လို့ ဆဒုံးမြို့ခံတစ်ဦးက ပြောပါတယ်။
အဆိုပါ ကုန်သွယ်ရေးလမ်းဟာ မြစ်ကြီးနား- ဝိုင်းမော်-ဆဒုံး- ကန်ပိုင်တည်လမ်းအတိုင်းရှိပြီး ကန်ပိုင်တည်နဲ့ ဆဒုံးမြို့ကြားမှာ ဇူလိုင် ၆ရက်ကစပြီး မြေပြိုနေတာလို့ ဒေသခံတွေ ပြောပါတယ်။

Public Service Announcement
ဇူလိုင် ၈ရက်ညနေအထိ မြေပြိုနေပြီး ဒီနေ့ ဇူလိုင် ၉ရက် မနက်ပိုင်းမှာတော့ မိုးတိတ်နေလို့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ကန်ပိုင်တည်မြို့ဘက်ခြမ်းမှာရော ဆဒုံးမြို့ဘက်ခြမ်းမှာပါ ကားတွေပိတ်မိနေတယ်လို့ သိရပါတယ်။
ကန်ပိုင်တည်နယ်စပ်ဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ထိန်းချုပ်ထားပါတယ်။
တရုတ်−မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကုန်သွယ်ရေး မြို့တွေက ရှမ်းမြောက်မှ မူဆယ်၊ ချင်းရွှေဟော်၊ ရှမ်းအရှေ့မှာ ကျိုင်းတုံ၊ ကချင်ပြည်နယ်မှာ လွယ်ဂျယ်နဲ့ကန်ပိုင်တည်မြို့တို့ဖြစ်သည်။ မူဆယ်က ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်နဲ့ ကျင်စန်းကျော့ဂိတ်ကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၊ ချင်းရွှေဟော်နယ်စပ်ဂိတ်ကို MNDAA၊ လွယ်ဂျယ်နဲ့ကန်ပိုင်တီနယ်စပ်ကို KIAက သိမ်းယူထားတာဖြစ်ပါတယ်။
ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ဇွန်လကစတင်ပြီး ဖားကန့်၊ မိုးကောင်း၊ နမ္မတီးမြို့နယ်တွေမှာ မိုးကြီးပြီး ရေဘေးကြုံတွေ့ခဲ့ပါတယ်။
ဖားကန့်မြို့နယ်မှာ တောင်ကျရေနဲ့ နေအိမ်ပေါ် မြေပြိုလို့ လူ ၂ဦးသေဆုံးခဲ့ပြီး ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် နှစ်ခု မြေပြိုလို့ ရေမဆေး ကျောက်ရှာဖွေသူ၁၅ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။နမ္မတီးမြို့နယ်မှာ ရေဘေးကြောင့်လူတစ်ဦးသေဆုံးခဲ့ပါတယ်။
ယခုရက်ပိုင်း ဘင်္ဂလားပင်လယ်အော်မှာလေဖိအားနည်းရပ်ဝန်းဖြစ်နေပြီး ဇူလိုင် ၁၂ရက်မှာလည်း နောက်ထပ်လေဖိအားနည်းရပ်ဝန်းတစ်ခု ထပ်ဖြစ်နိုင်လို့ ဒေသအများစုမှာမိုးဆက်ကောင်းနိုင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)ကသတိပေးထားပါတယ်။
မိုးကြီးလို့ဖြစ်နိုင်တဲ့ရေဘေးအပြင် လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တပြက် ရေလွှမ်းမိုးခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်းနဲ့ကမ်းပါးပြိုခြင်းတွေ အထူးသတိပြု နေထိုင်ကြဖို့ MoSLHA သတိပေးထားပါတယ်။

















































