တောမီးလောင်ကျွမ်းမှုတွေကြောင့် စပိန်နိုင်ငံ တောင်ပိုင်းမှာ လူ ၁၁ ဦးထက်မနည်း သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
ဥရောပနိုင်ငံ တချို့နည်းတူ စပိန်မှာလည်း အပူချိန် လွန်လွန်ကဲကဲ မြင့်တက်တဲ့ဒဏ်ကို ခံစားနေရပြီး အန်ဒါလူးရှန်း ဒေသမှာ ပြင်းထန်တဲ့ တောမီးတွေ ကူးစက် လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။
အန်ဒါလူးရှန်း ဒေသခံ ကယ်ဆယ်ရေးဌာန တာဝန်ရှိသူတွေက ကနဦး စစ်ဆေးချက်တွေအရ သေဆုံးသူတွေထဲက အနည်းဆုံး ၄ ဦးဟာ ဗြိတိန်နိုင်ငံသားတွေအဖြစ် အတည်ပြု သိရှိထားကြောင်း ပြောပါတယ်။
မျက်မြင်တွေရဲ့ အဆိုအရ ဓာတ်ကြိုး ပြတ်တောက်မှု တစ်ခုကစတဲ့ မီးလောင်မှုဟာ အနီးမှာရှိတဲ့ ရွက်ခြောက်တော တစ်ခုဆီ ကူးစက်သွားရာက တောမီးအဖြစ် ကြီးထွားလာခဲ့ကြောင်း သိရပါတယ်။

Public Service Announcement
ပျမ်းမျှ နေ့အပူချိန် ၄၀ ဒီဂရီ ဆဲလ်ဆီးရပ်စ်လောက်ထိ ပူပြင်းတဲ့ ရာသီဥတုကြောင့် ဥရောပ တောင်ပိုင်းမှာ တောမီးတွေ နေရာအနှံ့ လောင်ကျွမ်းနေပါတယ်။ စပိန်တောင်ပိုင်း တောမီးကတော့ လက်ရှိ ဖြစ်ပေါ်နေသမျှထဲမှာ အသေအပျောက် အများဆုံး တစ်ခု ဖြစ်လာပါတယ်။
ပြင်သစ်နဲ့ ပေါ်တူဂီတို့မှာလည်း ပမာဏ ကြီးမားတဲ့ တောမီးတွေကို မီးသတ်သမား ရာနဲ့ချီ ကြိုးစား ငြှိမ်းသတ်နေရပြီး အိမ်ခြေ သောင်းနဲ့ချီ အရေးပေါ် ပြောင်းရွှေ့ထားရပါတယ်။
အန်ဒါလူးရှန်း ဒေသက တောမီးမှာတော့ ဘက်ဒ်ဂျာဆိုတဲ့ ကျေးရွာအပြင်ဖက်မှာ သေဆုံးသူ ၁၁ ဦးရဲ့ ရုပ်အလောင်းတွေကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူ အများစု၊ ဒါမှမဟုတ် အားလုံးဟာ နိုင်ငံခြားသားတွေ ဖြစ်နိုင်တယ်လို့လည်း အန်ဒါလူးရှန်း ပြည်နယ် အစိုးရက ခန့်မှန်းထားပါတယ်။
တောမီးဟာ ခပ်မြန်မြန် ကူးစက်ပြီး ခန့်မှန်းရ ခက်လောက်အောင် ရှုပ်ထွေးတဲ့ သဘာဝမျိုး ရှိနေတယ်လို့လည်း သိရပါတယ်။
တောမီးလောင်ကျွမ်းမှုကြောင့် ဒေသတွင်းမှာ လမ်းကြောင်းတချို့လည်း ပြတ်တောက်ကုန်ပြီး ဒေသခံတွေ ရွှေ့ပြောင်းရေးမှာလည်း အခက်အခဲတွေ ရှိလာပါတယ်။
စပိန်စစ်တပ်ရဲ့ အရေးပေါ် အခြေအနေ ကိုင်တွယ် တုံ့ပြန်ရေး ယူနစ်ဖြစ်တဲ့ UMEကလည်း မီးငြှိမ်းသတ်မှု လုပ်ငန်းစဉ်တွေအတွက် မီးသတ်ဝန်ထမ်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ကြေညာခဲ့ပါတယ်။
အခုနှစ် ဇွန်လဟာ ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း စပိန်မှာ ပျမ်းမျှ အပူဆုံး ဇွန်လအဖြစ် စံချိန်တင်ခဲ့ပြီး နိုင်ငံရဲ့ တချို့အစိတ်အပိုင်းတွေမှာ အပူချိန် ၄၂ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ ရောက်ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်တုန်းက စပိန်မှာ လောင်ကျွမ်းခဲ့တဲ့ တောမီးတွေကြောင့် မြေအကျယ်အဝန်း ဧကပေါင်း ၉၇၁၀၀၀ ကျော်ထိ ဆုံးရှုံးခဲ့ပြီး အဲဒီ အကျယ်အဝန်းဟာ ၂၀၀၆ ကနေ ၂၀၂၄ ခုနှစ်အတွင်း ကြုံဖူးသမျှ တောမီးဒဏ်သင့် မြေအကျယ်အဝန်းထက် ၆ ဆ ပိုများခဲ့ကြောင်း သိရပါတယ်။
ကိုးကား: BBC


















































