Connect with us

Hi, what are you looking for?

ရုပ်ရှင်ခံစားမှု

မပြီးဆုံးသေးတဲ့ အိပ်မက်တွေနဲ့ ပြန်လာခဲ့သူတွေ… Phantom Lawyer (၂၀၂၆)

သူ့နာမည်က ရှင်းအီရန်းပါ။ သူက ဥပဒေစာမေးပွဲအောင်မြင်ထားပေမဲ့ သူ့ရဲ့ဖခင်ဟာ အကျင့်ပျက်ခြစားခဲ့တယ်လို့ စွပ်စွဲခံရပြီး သေဆုံးသွားခဲ့တဲ့ အစိုးရရှေ့နေဖြစ်တာကြောင့် ဘယ်ဥပဒေလုပ်ငန်းစုတွေကမှ သူ့ကို အလုပ်မခန့်ခဲ့ပါဘူး။ နောက်တော့ ရှင်းအီရန်းဟာ ကိုယ်ပိုင်ရုံးခန်းလေးတစ်ခုရအောင်ဖွင့်ပြီး ဥပဒေအကျိုးဆောင်လုပ်ငန်းလုပ်ဖို့ ကြိုးစားပါတော့တယ်။

-ဝဇီရာ ရေးသည်

သူ့နာမည်က ရှင်းအီရန်းပါ။ သူက ဥပဒေစာမေးပွဲအောင်မြင်ထားပေမဲ့ သူ့ရဲ့ဖခင်ဟာ အကျင့်ပျက်ခြစားခဲ့တယ်လို့ စွပ်စွဲခံရပြီး သေဆုံးသွားခဲ့တဲ့ အစိုးရရှေ့နေဖြစ်တာကြောင့် ဘယ်ဥပဒေလုပ်ငန်းစုတွေကမှ သူ့ကို အလုပ်မခန့်ခဲ့ပါဘူး။ နောက်တော့ ရှင်းအီရန်းဟာ ကိုယ်ပိုင်ရုံးခန်းလေးတစ်ခုရအောင်ဖွင့်ပြီး ဥပဒေအကျိုးဆောင်လုပ်ငန်းလုပ်ဖို့ ကြိုးစားပါတော့တယ်။

ရှင်းအီရန်းဟာ ငွေရေးကြေးရေးအခက်အခဲကြောင့် စျေးပေါတဲ့အခန်းတစ်ခုကို ငှားလိုက်တယ်။ ရုံးခန်းထဲရောက်တော့ စားပွဲတင်အံဆွဲထဲကနေ အမွှေးတိုင် တစ်ချောင်းတွေ့တာနဲ့ ထွန်းလိုက်မိတယ်။ အဲဒီမှာ ငါးပါးစမှောက်တော့တာပါပဲ။ သူ့စားပွဲရှေ့ အမျိုးသားတစ်ယောက် လာရပ်တယ်။ သူမော့ကြည့်လိုက်တော့ မျက်နှာဖွေးဖွေးနဲ့ အမျိုးသားတစ်ယောက်။ သူတော့ စျေးဦးပေါက်ပြီဆိုပြီး ဝမ်းသာသွားတယ်။ ဒါပေမယ့် အောက်ငုံ့ကြည့်လိုက်တော့ အဲဒီအမျိုးသားရဲ့ခြေထောက်တွေက လေပေါ်မှာ ဝဲနေခဲ့တာ တွေ့လိုက်ရတယ်။ ရှင်းအီရန်း သရဲခြောက်ခံလိုက်ရတာပါ။

အမှန်က သူငှားလိုက်မိတဲ့အခန်းဟာ နတ်ဝင်သည်တစ်ယောက် နေခဲ့ဖူးတဲ့အခန်းတစ်ခု ဖြစ်နေခဲ့တာပါ။ နတ်ဝင်သည်တွေရဲ့ အစီအရင်တွေကြောင့် ဝိညာဥ်တွေဟာ အခန်းထဲမှာ ရောက်လာနိုင်ကြတာဖြစ်ပြီး ရှင်းအီရန်းပါ မြင်တွေ့လိုက်ရတာပါ။

Public Service Announcement

Public Service Announcement

အဲဒီဝိညာဥ်ဟာ ရှင်းအီရန်းရဲ့ ပထမဆုံး အမှုသည် ဖြစ်လာပါတော့တယ်။ ရှေ့နေလေးဟာ သူ့အမှုကို လိုက်လံဖြေရှင်းရင်း တရားခွင်အပေါ်အထိ ပြန်လည်သယ်ဆောင်နိုင်ခဲ့တယ်။ ဝိညာဥ်အတွက် တရားမျှတမှု ယူဆောင်ပေးနိုင်ခဲ့တယ်။

နောက်တစ်မှုကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အဆိုအက သိပ်ကောင်းတဲ့ မိဘမဲ့ ကောင်မလေး။ အချိန်ပိုင်းအလုပ်တွေ မျိုးစုံလုပ်ရင်း အနာဂတ်တွေ အိပ်မက်တွေ မက်နေခဲ့တဲ့ ကောင်မလေး။ တစ်ညတော့ သူ့ကို အကသင်တန်းခေါင်မိုးပေါ်ကနေ တွန်းချခံရပြီး သေဆုံးသွားခဲ့တယ်။ ရှေ့နေဟာ အဲဒီကောင်မလေးအတွက်လည်း ရှေ့နေလိုက်ပေးပါတော့တယ်။

အဲဒီကိုရီးယားဇာတ်လမ်းတွဲဟာ နှစ်ပိုင်းကို အမှုတစ်ခုနှုန်းနဲ့ တင်ဆက်သွားတာဖြစ်ပါတယ်။ အသတ်ခံလိုက်ရသူတွေအတွက် တရားမျှတမှု ပြန်လည်ရှာဖွေပေးရင်း ဝိညာဥ်တွေရဲ့ မပြီးပြတ်သေးတဲ့အိပ်မက်တွေ၊ မိသားစုဝင်တွေရဲ့ လွမ်းဆွတ်မှုတွေကို နင့်နင်နဲနဲ ဖြစ်အောင် ရိုက်ကူးထားလို့ ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြပါတယ်။

အကယ်၍ ရှေ့နေရှင်းအီရန်းသာ မြန်မာပြည်မှာ ရုံးခန်းလာဖွင့်ခဲ့မယ်ဆိုရင် အမှုတွေ လက်မလည်အောင် လိုက်နေရမှာ အမှန်ပါ။ စစ်တပ်ရဲ့မတရား သတ်ဖြတ်မှုတွေကြောင့် သေဆုံးသွားခဲ့ရတဲ့ ပြည်သူတွေ နည်းမှမနည်းခဲ့တာ။ တချို့က အိမ်မှာ မိသားစုနဲ့ ညစာစားရင်း အသက်ပျောက်သွားခဲ့ရတယ်။ တချို့က အလှူလှည့်ရင်း ဆုံးပါးခဲ့ရတယ်။ တချို့က ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတယ်။

အဲဒီအထဲမှာ သက်ကြီးရွယ်အိုတွေလည်း ပါသလို သံဃာတွေလည်း ပါတယ်။ လူကြီးလူငယ်တွေလည်း ပါသလို ကလေးလေးတွေလည်း ပါတယ်။ လူ့လောကထဲတောင် မရောက်သေးတဲ့ မိခင်ဝမ်းထဲက သန္ဓေသားလေးတွေက ပါခဲ့ပါတယ်။ ရှေ့နေ ရှင်းအီရန်းနဲ့များတွေ့ရင် သူတို့အမှုတွေအတွက် ရှေ့နေလိုက်ဖို့ အလုအယက် ငှားနေကြမလားပဲ။

ဒီကာလထဲ သေဆုံးသွားသူတွေ၊ အထူးသဖြင့် လူငယ်ကြယ်ကလေးတွေကို ကျန်ရစ်သူတွေက နောက်ဘဝ ဒီနိုင်ငံထက်ကောင်းတဲ့၊ ဥပဒေစိုးမိုးတဲ့၊ တိုးတက်တဲ့နိုင်ငံမှာ လူပြန်ဖြစ်ကြပါစေလို့ ဆုတောင်းကြတာရှိပါတယ်။ ဒီနိုင်ငံမှာ ပြန်ပြီး လူပြန်မဖြစ်စေချင်ကြဘူး။ ဒီဘဝနဲ့တင် လုံလောက်ပါပြီပေါ့။

တနေ့ကပဲ တော်လှန်ရေးနယ်မြေတစ်ခုမှာ စစ်ရှောင် ကိုယ်ဝန်ဆောင်တစ်ဦး ယောကျာ်းလေးချည်း ၃ မွှာပူးမွေးပါတယ်။ တလောလေးတုန်းကလည်း တခြား တော်လှန်ရေးဒေသတစ်ခုမှာ ၄ မွှာပူး မွေးတာရှိခဲ့တယ်တဲ့။ တော်လှန်ဒေသက အယူအဆတစ်ခုကလည်း စိတ်ဝင်စားစရာပါ။ အဲဒီကလေးလေးတွေကို ကျဆုံးသွားတဲ့ ရဲဘော်တွေ ပြန်လည်ဝင်စားတာလို့ ယုံကြည်သူတွေ ရှိပါတယ်။ “မတရားသဖြင့် သေဆုံးသွားသူတွေဟာ တအား၀င်စားချင်နေကြတယ်။ ၀င်လည်း၀င်စားကြတယ်”လို့ဆိုတယ်။

ကျန်ရစ်သူတွေကတော့ စိတ်နာနာနဲ့ ‘ဒီနိုင်ငံမှာ ပြန်လူမဖြစ်ပါစေနဲ့တော့’ လို့ ဆုတောင်းပေးကြပေမဲ့၊ ကြွေလွင့်သွားရတဲ့ ဝိညာဉ်တွေကတော့ ဒီမြေပြင်ကို မစွန့်ရက်နိုင်ဘဲ အမွှာရင်သွေးငယ်တွေအဖြစ် အလုအယက် ပြန်ဝင်စားနေကြတာ ဖြစ်နိုင်ပါတယ်။ သူတို့ဟာ ရှေ့နေ ရှင်းအီရန်းလို လူမျိုးကိုရှာပြီး တရားခွင်ပေါ်မှာ တရားမျှတမှု တောင်းခိုင်းနေမယ့်အစား၊ ပိုမိုကောင်းမွန်တဲ့ အနာဂတ်သစ်တစ်ခုကို သူတို့ရဲ့ လက်ကလေးတွေနဲ့ ကိုယ်တိုင်မျက်ဝါးထင်ထင် ဆုပ်ကိုင်နိုင်ဖို့အတွက်ပဲ လောလောလောလောနဲ့ ပြန်လာခဲ့ကြတာ နေမှာပါ။ သူတို့လေးတွေရဲ့ အရင်ဘဝက မဖြစ်မြောက်ခဲ့တဲ့ အိပ်မက်တွေ၊ ရည်မှန်းချက်တွေ ဒီဘဝမှာ ပြည့်ဝပါစေလို့ ဆုတောင်းနေမိပါတယ်။

ဆက်စပ်သတင်းများ

ရုပ်ရှင်ခံစားမှု

ကောင်မလေးနာမည်က အိုကိုပါ။ အသက်ကတော့ ၁၂ နှစ်ရှိပါပြီ။ တချိန်ကတော့ သူ့မှာဖေဖေနဲ့မေမေ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အိုကိုတို့ ခရီးတစ်ခုကအပြန် ကားမတော်တဆတိုက်ပြီး ဖေဖေကော မေမေ့ကိုပါ အိုကို ဆုံးရှုံးလိုက်ရတယ်။

ရုပ်ရှင်ခံစားမှု

In Time (2011)

ရုပ်ရှင်ခံစားမှု

Missed Calls(၂၀၂၆)

ရုပ်ရှင်ခံစားမှု

ဂန်လင်းစစ်စခန်းကို စစ်သားသစ်တစ်ယောက် ရောက်လာခဲ့တယ်။သူ့နာမည်က ကန်ဆောင်ဂျေးတဲ့။စခန်းရောက်မှသူ့နောက်ကြောင်း သိရတာက သူက စစ်သင်တန်းမှာ ထူးချွန်ထက်မြက်တဲ့ရဲဘော်သစ်တစ်ယောက် ဖြစ်ခဲ့ပေမယ့် ဂိမ်းစွဲနေပါသတဲ့။