ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ သေဆုံးသူ အရေအတွက်ဟာ ၃၂ ဦးထိ မြင့်တက်လာခဲ့ပါတယ်။
ဇူလိုင် ၁၂ ရက် ညသန်းခေါင် ဝန်းကျင်က ချတ်တူချက် ခရိုင်မှာရှိတဲ့ Rong Beer Na Lat Phraoဆိုတဲ့ ဘားမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မီးလောင်မှုအတွင်း အပြင်းအထန် ဒဏ်ရာရသူထဲမှာ သေဆုံးမှုတွေ ရှိလာတာကြောင့် အခုလို အရေအတွက် တိုးလာတာလို့ ဘန်ကောက် ရဲတပ်ဖွဲ့ ဆေးရုံရဲ့ တာဝန်ရှိသူတွေက ဇူလိုင် ၁၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
အခင်းဖြစ်တဲ့ နေရာမှာ သေဆုံးသူ ၂၇ ဦး ရှိခဲ့ပြီး နောက်တစ်ရက်မှာ ၃ ဦး၊ နောက်ထပ် တစ်ရက်မှာ ၂ ဦး ဆေးရုံမှာ အသီးသီး ထပ်မံ သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။
သေဆုံးစာရင်း ထပ်တိုးလာခြင်းနဲ့အတူ အခုဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ထိုင်းမှာ လူ့အသက် ဆုံးရှုံးမှု အများဆုံး မီးလောင်မှုတစ်ခု အနေနဲ့ မှတ်တမ်းဝင်လာပါတယ်။ မီးလောင်မှု အကြောင်းရင်းကို ဆက်လက် စုံစမ်းနေဆဲဖြစ်ပြီး လူသားတွေရဲ့ ပေါ့လျော့မှုတွေ ပါဝင်ပတ်သက်မှု ရှိသလား ဆိုတာကို ရဲတွေက နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးနေပါတယ်။

Public Service Announcement
ဇူလိုင် ၁၅ ရက် မနက်ပိုင်းထိ အခြေအနေအရ မီးလောင်မှုကြောင့် ဆက်ပြီး ဆေးရုံတက်နေရသူ ၃၀ လောက်ရှိပြီး အဲဒီထဲက ၁၅ ဦးဟာ အထူးကြပ်မတ် ကုသဆောင်ကို ရောက်နေပါတယ်။ စုစုပေါင်း ၄၄ ဦးကိုတော့ ဆေးရုံဆင်းခွင့် ပေးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။
မီးဘေးကြုံချိန်မှာ အဆောက်အအုံရဲ့ အရေးပေါ် ထွက်ပေါက် တံခါးတွေ ပိတ်နေတာ အပါအဝင် တချို့ အခြေအနေတွေမှာ လူသားတွေရဲ့ ပေါ့ဆမှု၊ တာဝန်ပျက်ကွက်မှုတွေ ရှိခဲ့သလား ဆိုတာကို အာဏာပိုင်တွေက စုံစမ်းနေတာ ဖြစ်ပါတယ်။ အဲဒီဘားဟာ ဧပြီလတုန်းက ပုံမှန် စစ်ဆေးမှု အစီအစဉ်တွေ ခံယူထားပြီး ဖြစ်တယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ဘားအတွင်းပိုင်းမှာ မီးလောင်လွယ်တဲ့ ပစ္စည်းတွေနဲ့ အလှဆင်ထားတာကလည်း မီးလောင်မှုကို ပိုဆိုးသွားစေပြီး ပိတ်မိနေသူ အများအပြားကို အသက်ရှူ မွန်းကျပ် သေဆုံးစေခဲ့တယ်လို့ ယုံကြည်ရပါတယ်။
မီးလောင်လွယ်တဲ့ ပစ္စည်းတွေနဲ့ အလှဆင်ထားတာ၊ ဘားအဆောက်အအုံထဲမှာ လူအရမ်းများနေခဲ့တာ၊ လက်တွေ့ အသုံးပြုလို့ရတဲ့ အရေးပေါ် ထွက်ပေါက်တွေ မရှိခဲ့တာတွေကြောင့်လည်း သေဆုံးမှု ကိန်းဂဏန်းက ပိုများသွားခဲ့တာ ဖြစ်ဖွယ် ရှိပါတယ်။
၂၀၀၉ ခုနှစ်တုန်းက ဘန်ကောက်မှာ နိုက်ကလပ်တစ်ခု မီးလောင်ပြီး လူ ၆၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ အဲဒီဖြစ်ရပ် နောက်ပိုင်း မြို့တော်ရဲ့ ဘားနဲ့ ကလပ်တွေမှာ မီးဘေး အန္တရာယ် တားဆီး ကာကွယ်ရေး စံနှုန်းတွေ မြှင့်တင်ဖို့ သတိပေး တိုက်တွန်းမှုတွေ ရှိခဲ့ပေမယ့် အခုလို အခြေအနေမျိုး ထပ်မံ ကြုံတွေ့လာတာ ဖြစ်ပါတယ်။
ကိုးကား: Reuters


















































