Connect with us

Hi, what are you looking for?

သတင်း

CI စင်တာမှာ သတင်းလာယူတဲ့ ထိုင်းသတင်းထောက်ကို စစ်အုပ်စုက ခြိမ်းခြောက်တားဆီးခဲ့တယ်လို့ သတင်းထောက် ပြော

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် စစ်အုပ်စုက လုပ်ပေးနေတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးမှု လုပ်ငန်းစဉ်ကို သတင်းလာယူတဲ့ ထိုင်းသတင်းထောက်တစ်ဦးကို အာဏာသိမ်းစစ်တပ် လက်အောက်ခံ အရာရှိတွေက ခြိမ်းခြောက်တာ၊ နှောင့်ယှက်တာ၊ သတင်းရယူခွင့် ကန့်သတ်တာတွေ လုပ်ခဲ့တယ်လို့ ကာယကံရှင် သတင်းထောက်က လူမှုကွန်ရက်မှာ ဒီကနေ့ ရေးသားပါတယ်။

ဓာတ်ပုံ — Pod Nathaphob Facebook

အောက်တိုဘာ ၂၁၊ ၂၀၂၆။ People’s Spring

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် စစ်အုပ်စုက လုပ်ပေးနေတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးမှု လုပ်ငန်းစဉ်ကို သတင်းလာယူတဲ့ ထိုင်းသတင်းထောက်တစ်ဦးကို အာဏာသိမ်းစစ်တပ် လက်အောက်ခံ အရာရှိတွေက ခြိမ်းခြောက်တာ၊ နှောင့်ယှက်တာ၊ သတင်းရယူခွင့် ကန့်သတ်တာတွေ လုပ်ခဲ့တယ်လို့ ကာယကံရှင် သတင်းထောက်က လူမှုကွန်ရက်မှာ ဒီကနေ့ ရေးသားပါတယ်။

ပေါ့ဒ်နာသက်ဟော့ဘ် ဆိုတဲ့ အလွတ်တန်းသတင်းထောက်က သူဟာ ဆမုတ်ပရာကန်မှာရှိတဲ့ လူဝင်မှု ကြီးကြပ်ရေးဌာန လက်အောက်ခံ CI စင်တာမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် CI ထုတ်ပေးတဲ့ကိစ္စ သတင်းယူနေချိန် မြန်မာ အာဏာပိုင် အရာရှိတွေက သူ့ကို စစ်ဆေးရှာဖွေတာတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။ ပြီးတော့ ဂျာနယ်လစ်တစ်ဦးက ကိုယ့်အလုပ်ကိုယ် လုပ်နေတာကို နှောင့်ယှက်တားဆီးတာမျိုးတွေ ကြုံခဲ့ရတယ်လို့ သူက ရေးသားထားပါတယ်။

မြန်မာစစ်တပ်အရာရှိ တစ်ဦးက သူ့မှတ်ပုံတင်နဲ့ သက်သေခံကတ်ပြားတွေ ပြသဖို့ တောင်းဆိုပြီး အချက်အလက်တွေကို ဓာတ်ပုံရိုက်ယူသွားခဲ့ကြောင်း ပေါ့ဒ်က Facebook ပေါ်မှာ ရေးသားထားပါတယ်။ နောက်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ CI လုပ်ဖို့ လိုက်လံကူညီပို့ဆောင်တယ်ဆိုတဲ့ အမျိုးသား နှစ်ယောက်ကလည်း သတင်းထောက်က ဓာတ်ပုံတွေ ရိုက်နေတာကို မကျေနပ်သလိုမျိုး ခြိမ်းခြောက်မှုဆန်ဆန် သတိပေးခဲ့တယ်လို့ ပေါ့ဒ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအချိန်တုန်းက သူဟာ သတင်းထောက်တစ်ဦးမှန်း သိသာအောင် ဖော်ပြတဲ့ Press ဆိုတဲ့ လက်ပတ်ကို ဝတ်ထားပြီး ကင်မရာကိုလည်း လွယ်ထားခဲ့တယ်လို့ ပေါ့ဒ်က ဆိုပါတယ်။ သူဟာ CI စင်တာရဲ့ မျက်နှာစာ မြင်ကွင်း၊ ရွှေ့ပြောင်းအလုပ်သမားတွေ CI လာရောက်လျှောက်ထားမှု ယေဘုယျ ပုံရိပ်တွေကို ဓာတ်ပုံရိုက်ပြီး သတင်းအတွက် အသုံးပြုဖို့ ရည်ရွယ်ထားခဲ့တာလို့လည်း ပေါ့ဒ်က ရေးသားထားပါတယ်။

စင်တာရှေ့က ကြော်ငြာဆိုင်းဘုတ်ကို ဓာတ်ပုံရိုက်နေချိန် အမျိုးသားတစ်ဦးက သူ့ကို လာတားဆီးခဲ့တာကြောင့် ပေါ့ဒ်က ထိုင်းသတင်းဌာန တချို့အတွက် အလုပ်လုပ်နေတဲ့ အလွတ်တန်း သတင်းထောက်ဆိုတာကို ရှင်းပြခဲ့ပါတယ်။ သူက သတင်းဌာန တစ်ခုတည်းအတွက် အချိန်ပြည့်ဝန်ထမ်းအဖြစ် အလုပ်လုပ်နေတာ မဟုတ်တာကြောင့် ဝန်ထမ်းကတ် မရှိကြောင်း ပေါ့ဒ်က ဆိုပါတယ်။ အဲဒီအမျိုးသားက သူ့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို တောင်းခဲ့သလို သူ့ကိုယ်သူ CI လာလျှောက်တဲ့ အလုပ်သမားတွေရဲ့ အလုပ်ရှင်အဖြစ် မိတ်ဆက်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်တော့ သူနဲ့ ၅ မိနစ်လောက် စကားပြေပြေလည်လည် ပြောပြီး အဲဒီလူလည်း ထွက်ခွာသွားပါတယ်။

ပေါ့ဒ်က သူဟာ အဆောက်အအုံ အတွင်းပိုင်းကို ဓာတ်ပုံမရိုက်ခဲ့သလို CI လာလျှောက်သူတွေ အပါအဝင် ဘယ်သူ့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို ဓာတ်ပုံထဲမှာ ထည့်သွင်းရိုက်ကူးဖို့ အစီအစဉ်မရှိခဲ့ကြောင်း ရှင်းပြထားပါတယ်။ ဒါပေမယ့် ထိုင်းလို မပီမသပြောသူ တစ်ယောက် ရောက်လာပြီး သူဟာ မြန်မာ အာဏာပိုင်တွေရဲ့ အရာရှိ တစ်ဦးဖြစ်ကြောင်း ပြောရင်း ဓာတ်ပုံမရိုက်ဖို့ အော်ဟစ် တားဆီးခဲ့ပါတယ်။ သူ့လူတွေကလည်း ပေါ့ဒ်ကို ဝိုင်းထားပြီး ဘာကြောင့် ဓာတ်ပုံရိုက်သလဲလို့ စစ်မေးခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ကိုယ်သူတို့ ဘယ်ရာထူး၊ ဘယ်အရာရှိတွေလဲ ဆိုတာကိုတော့ အသေးစိတ် ထုတ်မပြောခဲ့ကြဘူးလို့ ဆိုပါတယ်။

သူတို့က ပေါ့ဒ်ရဲ့ သတင်းယူဖို့ ဓာတ်ပုံရိုက်တာကို မကျေနပ်ကြောင်း အထင်အရှားပြသခဲ့သလို ပေါ့ဒ်ရဲ့ မှတ်ပုံတင်ကိုပါ ဓာတ်ပုံရိုက်ယူသွားခဲ့ပါတယ်။ ဒါ့အပြင် အစပိုင်းကတည်းက သူ့ကို မလှမ်းမကမ်းကနေ စောင့်ကြည့်နေသူ တစ်ဦးပါ ရောက်လာပြီး ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ပြဖို့ အတင်းအကျပ် ဖိအားပေး တောင်းဆိုခဲ့ပါတယ်။ သူ့မျက်နှာကို ပေါ့ဒ်က ဓာတ်ပုံရိုက်ခဲ့တယ်လို့ အဲဒီအမျိုးသားက စွပ်စွဲပြီး ပေါ့ဒ်ကတော့ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။ ကင်မရာထဲမှာလည်း သူ့ကို ဓာတ်ပုံရိုက်မထားကြောင်း သိရပါတယ်။

ပေါ့ဒ်က တကယ့် အစိုးရပိုင်း အရာရှိတွေဆိုရင် ဓာတ်ပုံမရိုက်ရလို့ ကန့်သတ်ထားတဲ့ နေရာတွေမှာ ဓာတ်ပုံရိုက်တာကို တားမြစ်ပိုင်ခွင့် ရှိကြောင်း၊ ဒါပေမဲ့ ကိုယ့်နာမည်နဲ့ ရာထူးကို ဖော်ပြဖို့ လိုကြောင်း၊ ဒါပေမဲ့ ဒီဖြစ်စဉ်မှာ သူ့ကို ဝိုင်းဝန်းခြိမ်းခြောက်တားဆီးသူတွေက အဲဒီလို ထုတ်ပြောတာမျိုး မရှိခဲ့သလို CI စင်တာနဲ့ ဘယ်လို အကျိုးစီးပွား ဆက်နွှယ်ပတ်သက်မှုတွေ ရှိနေသလဲ ဆိုတာကိုလည်း ထုတ်မပြောခဲ့ကြောင်း ရေးသားထားပါတယ်။

အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတစ်ခုမှာ ပြည်သူလူထု သိခွင့်ရှိတဲ့ သတင်းတစ်ခုအတွက် သတင်းယူနေတာကို အခုလို ဝိုင်းဝန်းတားမြစ်တဲ့ လုပ်ရပ်အပေါ်မှာလည်း သူက ဝေဖန်ခဲ့ပါတယ်။ နောက်ပြီး CI စင်တာ နေရာက မြန်မာအစိုးရ အာဏာစက်အောက်မှာ ရှိတယ်လို့ သူ့ကို ပြောဆိုခဲ့ကြောင်း ပေါ့ဒ်က ဖွင့်ဟခဲ့ပြီး ထိုင်းနိုင်ငံ ပိုင်နက်ထဲမှာတောင် မြန်မာစစ်တပ်အာဏာပိုင်တွေက ထိုင်းသတင်းထောက်တွေကို ထိုင်းနိုင်ငံ ပိုင်နက်ထဲမှာတောင် ခြိမ်းခြောက်ပိုင်ခွင့် ရှိနေပြီလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

ပြီးတော့ မြန်မာအလုပ်သမားတွေအတွက် CI ထုတ်ပေးတဲ့နေရာက ဘာကြောင့် လျှို့လျှို့ဝှက်ဝှက် လုပ်ငန်းလည်ပတ်ရတဲ့ ဌာနတစ်ခု ဖြစ်လာသလဲ ဆိုတာကိုလည်း သူက မေးခွန်းဆက်ထုတ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက စင်တာမှာ သတင်းထောက်က သူတစ်ယောက်တည်း ရှိတာကြောင့် သူဟာ ပစ်မှတ်ဖြစ်ခဲ့ပြီး လုံခြုံရေးအရ အမြန်ထွက်ခွာခဲ့ရတယ်လို့ ပေါ့ဒ်က ပြောပါတယ်။

သူက ထိုင်းမီဒီယာတွေရဲ့ တခြားသတင်းထောက်တွေ အနေနဲ့လည်း CI စင်တာတွေမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် CI ထုတ်ပေးတဲ့ လုပ်ငန်းစဉ်တွေကို သေချာ အာရုံစိုက် သတင်းယူကြဖို့ မေတ္တာရပ်ခံထားပါတယ်။ သူကြုံတွေ့ခဲ့ရတဲ့ အခြေအနေအရ အဲဒီလုပ်ငန်းစဉ်တွေမှာ မသမာမှုတွေ၊ ပုံမှန်မဟုတ်တာတွေ ရောထွေးနေနိုင်ကြောင်း သိသာလာစေတယ်လို့လည်း ပေါ့ဒ်က သုံးသပ်ပြထားခဲ့ပါတယ်။

ထိုင်းအစိုးရက စစ်ကောင်စီကို ထိုင်းနိုင်ငံအတွင်းမှာ လုပ်ငန်းဆောင်ရွက်ခွင့် ပေးထားတဲ့အပေါ် ပွင့်လင်းမြင်သာမှု ရှိ၊ မရှိ၊ သက်ဆိုင်ရာ လုပ်ငန်းစဉ်တွေမှာ မမှန်မကန် လုပ်ဆောင်မှုတွေ ရှိ၊ မရှိကို အားလုံး ဝိုင်းဝန်းစောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ ဒီနေ့ သူကြုံတွေ့ခဲ့ရတာဟာ သတင်းထောက်တစ်ဦးရဲ့ လုပ်ငန်းကို ခြိမ်းခြောက်တားဆီးဖို့ ကြိုးစားမှုတစ်ခုလို့ မြင်ပါတယ်။ ဒါပေမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား သုံးသန်းကျော်အပေါ် ဖိအားပေးတာ၊ သူတို့ကို ရွေးချယ်စရာမရှိတဲ့ အခြေအနေထဲ တွန်းပို့တာတွေနဲ့ နှိုင်းယှဉ်ရင် သူကြုံခဲ့ရတာဟာ အနည်းငယ်သာ ရှိပါလိမ့်မယ်လို့လည်း ဆက်လက်ရေးသားထားပါတယ်။

ဒီကိစ္စဟာ ထိုင်းလူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့လည်း သက်ဆိုင်တယ်လို့ သူက ရေးသားပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် CI စာရွက်စာတမ်း ထုတ်ပေးရာမှာ ကုန်ကျတဲ့ အခကြေးငွေတွေ၊ ဝန်ဆောင်ခတွေဟာ ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက် အကျိုးရှိစေမယ့် ပုံစံ ဖြစ်သင့်ပြီး မြန်မာစစ်ကောင်စီနဲ့ အလုပ်သမားတွေဆီကနေ အခကြေးငွေ ကောက်ခံနေတဲ့ ပွဲစားတွေရဲ့ အကျိုးအမြတ်အတွက် မဖြစ်သင့်ဘူးလို့ သူက ရေးသားပါတယ်။

ဒီနေ့ သူကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ကြောင့် လက်ရှိ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ စာရွက်စာတမ်းဆိုင်ရာ လုပ်ငန်းစဉ်တွေမှာ ပွင့်လင်းမြင်သာမှုနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ရှိနေကြောင်း ပိုမို ထင်ရှားစေခဲ့တယ်လို့ သူက ဆိုပါတယ်။

မြန်မာစစ်ကောင်စီဘက်က အရာရှိလို့ ပြောဆိုသူတွေက အာဏာပြပြီး သတင်းမီဒီယာလုပ်ငန်းကို တားဆီးဖို့ ကြိုးစားခဲ့တာနဲ့ သတင်းထောက်တစ်ဦးရဲ့ ပုံမှန်သတင်းယူမှုကို မကျေနပ်ဘဲ တားဆီးဖို့ ကြိုးစားခဲ့တဲ့ အရပ်ဝတ်နဲ့ ထိုင်းအမျိုးသားနှစ်ဦးရဲ့ လုပ်ရပ်တွေကို သူက မေးခွန်းထုတ်ပါတယ်။

စစ်ကောင်စီဘက်က ထိုင်းနိုင်ငံမှာ တာဝန်ထမ်းဆောင်နေသူတွေ အနေနဲ့ အခုပို့စ်ကို ဖတ်မိရင် တစ်ခု သိထားစေချင်လို့ သတင်းစကား ပါးပါတယ်။

“ဒီနိုင်ငံဟာ ထိုင်းနိုင်ငံဖြစ်ပြီး သတင်းလွတ်လပ်ခွင့်ရှိတဲ့နိုင်ငံပါ။ သတင်းထောက်တွေကို ခြိမ်းခြောက်တာ၊ သတင်းယူမှုကို တားဆီးတာမျိုးကို ကျွန်တော်တို့ လက်ခံမှာ မဟုတ်ပါဘူး” လို့ ရေးသားရင်း သူက အဆုံးသတ်ပါတယ်။

ပေါ့ဒ်ရဲ့ ပို့စ်အောက်မှာ ထိုင်းပြည်သူတွေက စစ်အုပ်စုအနေနဲ့ ထိုင်းနိုင်ငံမှာ သံရုံးနဲ့ ကောင်စစ်ဝန်ရုံး နေရာမဟုတ်ဘဲနဲ့ အခုလို လုပ်မရဘူးလို့ ရေးသားမှတ်ချက်ပြုကြသလို၊ စစ်ကောင်စီကို အခုလို လုပ်ခွင့်ပြုတဲ့ ထိုင်းအစိုးရအပေါ်ကိုလည်း ဝေဖန်နေကြပါတယ်။

ထိုင်းပြည်သူတစ်ဦးက မမြင်ဖူး မတွေ့ဖူးတာတွေ အခု မြင်ဖူး တွေ့ဖူးသွားပြီလို့ မှတ်ချက်ပြုပါတယ်။

အခြား ထိုင်းပြည်သူတစ်ဦးက “စိတ်ကောင်းရှိပြီး အလုပ်ကို မှန်မှန်ကန်ကန် လုပ်တဲ့သူဆိုရင် ဒီလို ရိုင်းစိုင်းကြမ်းတမ်းတဲ့ အပြုအမူမျိုး ပြမှာမဟုတ်ပါဘူး။ ဒါဟာ ထိုင်းနိုင်ငံပါ၊ မြန်မာနိုင်ငံ မဟုတ်ပါဘူး” လို့ မှတ်ချက်ရေးပါတယ်။

“ကိုယ့်နိုင်ငံပိုင်နက်ပြင်ပမှာ ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကျင့်သုံးနိုင်တဲ့နေရာဆိုတာ သံရုံးနဲ့ ကောင်စစ်ဝန်ရုံးလို နေရာမျိုးတွေပဲ ရှိသင့်တာပါ။ အခုလို CI စင်တာမှာပါ ဒီလို အာဏာမျိုးနဲ့ လုပ်ဆောင်နေနိုင်တာကတော့ လက်ခံနိုင်စရာ မဟုတ်ပါဘူး” လို့ ထိုင်းပြည်သူတစ်ဦးကလည်း စစ်အုပ်စု လုပ်ရပ်အပေါ် ဝေဖန်ထားပါတယ်။

ထိုင်းရောက် မြန်မာလုပ်သားသစ်တွေကို စစ်တပ်က အခွန်နဲ့ ဝန်ဆောင်ခ တောင်းပြီး CI ကတ် ထုတ်ပေးဖို့ CI စင်တာ ၅ ခု ဖွင့်ထားကာ အရာရှိ သုံးဆယ်ကျော်ကို အောက်တိုဘာ ဒုတိယပါတ်ကတည်းက ထိုင်းကို စေလွှတ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံက ခရိုင်မြို့တော်တွေဖြစ်တဲ့ စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်၊ ချွန်ဘူရီတို့က CI ထုတ်ပေးရေးစခန်းတွေကို အောက်တိုဘာ ၁၄ ရက်က ဖွင့်လှစ်ပြီး လျှောက်ထားလိုတဲ့သူတွေ နီးစပ်ရာ 7-Eleven စတိုးဆိုင်တွေမှာ စာအုပ်ဖိုး ဘတ် ၂,၆၆၀ ပေးသွင်းကာ လျှောက်ထားလိုတဲ့ စခန်းနာမည်နဲ့ နေ့ရက်ကို ရွေးချယ်နိုင်တယ်လို့ စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။ သုံးလစာရဲ့ ၂၅ ရာခိုင်နှုန်း မိသားစုထံ ပြန်ပို့ကြောင်း အထောက်အထား၊ အခြားစာရွက်စာတမ်းနဲ့ လမ်းစရိတ်တွေကြောင့် လုပ်သားတစ်ဦးကို ဘတ် တစ်သောင်းကျော်လောက်ထိ ကုန်နိုင်တယ်လို့ လုပ်သားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သား အများအပြားဟာ စစ်အုပ်စုက ထုတ်ပေးနေတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) မလုပ်ရေး လှုံ့ဆော်တဲ့ ကမ်ပိန်း ပြုလုပ်နေရာ မြန်မာလုပ်သား အများအပြား ပါဝင်နေကြပါတယ်။

ဒါကြောင့် CI လုပ်ပေးတာ တစ်ပတ်ကြာတဲ့အထိ CI စခန်းတွေမှာ တိတ်ဆိတ်နေပြီး ထိုင်းရောက် မြန်မာလုပ်သား အများစုဟာ CI လုပ်ဖို့ စခန်းတွေကို မသွားကြဘူးလို့ ထိုင်းရောက် မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ကိုးကား — Pod Nathaphob Facebook

ဆက်စပ်သတင်းများ

သတင်း

အွန်လိုင်းမှာ ဗီဒီယို တိုက်ရိုက်ထုတ်လွှင့်ပြီး ဈေးရောင်းတဲ့ မြန်မာအမျိုးသမီး တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားတွေကို စစ်အုပ်စုက ထုတ်ပေးနေတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စင်တာတွေမှာ လာလုပ်သူ မရှိသလောက် ဖြစ်နေပြီး မြန်မာလုပ်သားတွေ CI မလုပ်ရေး ကမ်ပိန်းမှာ ပူးပေါင်းပါဝင်နေတယ်လို့ ထိုင်းရောက် မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

သတင်း

တရားမဝင် ဝင်ရောက်အခြေချမှုတွေကို ဖြိုခွင်းတဲ့ စီမံချက် တစ်ခုအတွင်း ထိုင်းနိုင်ငံ၊ ချင်းမိုင်က ရထားဘူတာ တစ်ခုမှာ မြန်မာ ၂၇ ဦး အပါအဝင် စုစုပေါင်း ၃၅ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

စစ်အုပ်စုဖွင့်ထားတဲ့ CI စခန်းလာလုပ်သူမရှိဟုဆို