ဇူလိုင်လ – ၁၅ ၊ ၂၀၂၆
တရားမဝင် နေထိုင်နေတဲ့၊ ပြစ်မှုကျူးလွန်တဲ့ နိုင်ငံခြားသားတွေကို ခပ်မြန်မြန် နယ်နှင်နိုင်မယ့် ဥပဒေ မူကြမ်းကို ထိုင်းအစိုးရ အဖွဲ့က သဘောတူ လက်ခံပေးခဲ့ပါတယ်။
အဲဒီဥပဒေ မူကြမ်းဟာ ထိုင်းနိုင်ငံမှာ တရားမဝင် ဝင်ရောက်လာတဲ့၊ အလုပ်လုပ်နေတဲ့၊ ဒါမှမဟုတ် ခွင့်ပြုချက် မရှိတဲ့ လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေ၊ ဆိုးရွားတဲ့ ပြစ်မှု ကျူးလွန်သူတွေကို နိုင်ငံကနေ နှင်ထုတ်တဲ့ လုပ်ထုံးလုပ်နည်းတွေကို ပိုပြီး မြန်ဆန်လာစေမယ်လို့ ဆိုပါတယ်။
ဇူလိုင် ၁၄ ရက်နေ့တုန်းက ဝန်ကြီးချုပ်ရုံးရဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ အစည်းအဝေးမှာ ဒုတိယ ဝန်ကြီးချုပ် ပက်ခွန် နီလ်ပရာပွန်က အဲဒီ မူကြမ်းကို တင်သွင်း အဆိုပြုခဲ့ပြီး အစိုးရ အဖွဲ့က လက်ခံဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။

Public Service Announcement
ဥပဒေ မူကြမ်းအရ ထိုင်းနိုင်ငံရဲ့ တည်ငြိမ်မှုနဲ့ လူမှုဘဝ စံနှုန်းတွေကို ထိခိုက်စေတဲ့ နိုင်ငံခြားသားတွေကို အာဏာပိုင်တွေ အနေနဲ့ ပြည်တွင်းကနေ အမြန်ဆုံး ဖယ်ရှားနိုင်မယ်လို့ ဆိုပါတယ်။ ဥပဒေ မူကြမ်း အဓိက သက်ရောက်မှု ရှိမယ့် သူတွေကတော့ ထိုင်းကို တရားမဝင် ရောက်လာပြီး အလုပ်လုပ်နေသူတွေ၊ နိုင်ငံခြားသားတွေကို ကန့်သတ်ထားတဲ့ အလုပ်ခွင်တွေမှာ ဝင်ရောက် လုပ်ကိုင်နေသူတွေ၊ နိုင်ငံခြားသားတွေကို ခွင့်မပြုတဲ့ စီးပွားရေး လုပ်ငန်း အမျိုးအစား လုပ်ကိုင်နေသူတွေ၊ အစိုးရ စာရွက်စာတမ်း အတုပြုလုပ်သူတွေ၊ အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ထိ ချမှတ်နိုင်တဲ့ ရာဇဝတ်မှုမျိုး ကျူးလွန်သူတွေ၊ အထက်ပါ ပြစ်မှုတွေ ကျူးလွန်ဖို့ အားပေး အားမြှောက်သူတွေ၊ ကြံရာပါတွေ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေတွေ၊ စည်းမျဉ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေကို မြှင့်တင်ဖို့ ပက်ခွန်ကို သက်ဆိုင်ရာ အစိုးရ အေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဇွန်လ ၁၆ ရက်နေ့မှာ တာဝန်ပေးခဲ့ပြီး နောက်ဆက်တွဲအဖြစ် အခု ဥပဒေ အဆိုပြုချက်မူကြမ်း ထွက်ပေါ်လာတာပါ။
အခု ဥပဒေ မူကြမ်းဟာ စည်းမျဉ်းဥပဒေ ချိုးဖောက်တဲ့ နိုင်ငံခြားသားတွေကို နယ်နှင်တာနဲ့ ပတ်သက်လို့ ပိုပြီး ထိထိရောက်ရောက် ကိုင်တွယ်နိုင်စေဖို့ ရည်ရွယ်ထားကြောင်း ထိုင်းအစိုးရက ပြောပါတယ်။ လက်ရှိမှာတော့ ထိုင်းမှာ အဲဒီလို နယ်နှင်မှုမျိုးတွေအတွက် သီးခြား တာဝန်ယူ ကိုင်တွယ်တဲ့ ဌာန မရှိပါဘူး။ ဒါကြောင့် အေဂျင်စီအလိုက် မတူညီတဲ့ ဖြစ်စဉ် တစ်ခုချင်းစီအပေါ် မူတည်ပြီး အရေးယူ လုပ်ဆောင်နေရပါတယ်။
ဥပဒေအရ နယ်နှင်ခံရမယ့်သူဟာ ဘယ်နိုင်ငံသားလဲဆိုတာ အတိအကျ အတည်မပြုနိုင်ရင် ထိုင်းနိုင်ငံ မတိုင်ခင် နောက်ဆုံး ရှိနေခဲ့တဲ့ နိုင်ငံဆီ ပို့ဆောင်ခံရနိုင်ပါတယ်။ ပြီးတော့ သံတမန်ရေးရာ လမ်းကြောင်းတွေကနေ ခိုင်မာတဲ့ တောင်းဆိုမှုတွေ ရှိလာမယ်ဆိုရင် သက်ဆိုင်ရာ နိုင်ငံခြားသားကို သူ့ရဲ့ မိခင်နိုင်ငံ မဟုတ်တဲ့ တခြားနိုင်ငံတစ်ခုဆီ၊ ဒါမှမဟုတ် အဖွဲ့အစည်း တစ်ခုဆီ လွှဲပေးခွင့်လည်း ရှိလာမှာပါ။
နယ်နှင်ခံရတဲ့ နိုင်ငံခြားသားကို လွှဲပြောင်းယူမယ့် နိုင်ငံနဲ့ အဖွဲ့အစည်းကတော့ သက်ဆိုင်ရာ လူပုဂ္ဂိုလ်ကို ထိန်းသိမ်း စောင့်ရှောက်မှု၊ လက်လွှဲမှုနဲ့ ပတ်သက်တဲ့ ကုန်ကျစရိတ်တွေ ကျခံရမှာ ဖြစ်ပါတယ်။ ပြီးတော့ နယ်နှင်ခံရသူဟာ အဲဒီ လက်လွှဲမှုကို သဘောတူ လက်ခံကြောင်း စာရေးသား အတည်ပြုပေးဖို့ လိုအပ်မယ်လို့လည်း သိရပါတယ်။
ကိုးကား: Khaosod


















































