ဇူလိုင်-၂၀၊၂၀၂၆။People’s Spring
ထိုင်းနိုင်ငံသား ပိုင်ဆိုင်မှု နာမည်ခံပြီး တရားမဝင် နိုင်ငံခြားသားပိုင်အဖြစ် လည်ပတ်နေတယ်လို့ ယုံကြည်ရတဲ့ စီးပွားရေး လုပ်ငန်းနေရာ ၁၈ ခုကို ချင်းမိုင်မှာ ထိုင်းရဲတွေက ဝင်ရောက်စီးနင်း စစ်ဆေးခဲ့ပါတယ်။
ဒါဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အကောင်အထည် ဖော်နေတဲ့ နာမည်ခံ စီးပွားရေး လုပ်ငန်း ဖြိုခွင်းမှု စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်တယ်လို့ ချင်းမိုင်ရဲတွေက ဇူလိုင် ၂၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ အဲဒီနေ့က စီးနင်းမှုတွေဟာ ဘတ်ငွေ ၆၃၃ သန်းလောက် တန်ဖိုးရှိတဲ့ မြေယာပိုင်ဆိုင်ခွင့်တွေနဲ့ ဆက်နွှယ်တဲ့ ကုမ္ပဏီ ၃၁ ခုနဲ့ ဆက်စပ်တဲ့ နေရာတွေကို ပစ်မှတ်ထားခဲ့တာလို့ ဆိုပါတယ်။
ချင်းမိုင်မှာတော့ ကုမ္ပဏီပေါင်း ၃၃,၀၀၀ လောက်ဟာ ထိုင်းနိုင်ငံသားတွေကို ရှယ်ယာ ခွဲပေးပြီး နာမည်ခံ ပိုင်ရှင်အဖြစ် လုပ်ငန်းလည်ပတ်တာမျိုး ရှိနေသလား ဆိုတာနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေး ခံနေရပါတယ်။ အဲဒီထဲက လုပ်ငန်း ၃၁ ခုဟာ နိုင်ငံခြား စီးပွားရေးလုပ်ငန်းဆိုင်ရာ အက်ဥပဒေ ချိုးဖောက်ကြောင်း သံသယ ဝင်စရာ အခြေအနေတွေ ရှိနေတယ်လို့ ဆိုပါတယ်။

Public Service Announcement
အဲဒီထဲက ကုမ္ပဏီ ၁၆ ခုဟာ ထိုင်းနိုင်ငံသားတွေကို နာမည်ခံ ကုမ္ပဏီပိုင်ရှင်အဖြစ် ညှိနှိုင်း အသုံးပြုထားတာလို့ ယုံကြည်ရပြီး ၁၅ ခုကတော့ တရားဝင် သတ်မှတ်ထားတဲ့ ပိုင်ဆိုင်ခွင့် ကန့်သတ်ချက်ထက် ကျော်လွန်တဲ့ မြေကွက် ၂၉ ကွက်ကို ပိုင်ဆိုင်ထားတယ်လို့ ယူဆရကြောင်း ရဲတွေက ပြောပါတယ်။
ရဲတပ်ဖွဲ့ဟာ အခုစုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်လို့ လူပုဂ္ဂိုလ် ၂၂ ဦးအတွက် ဖမ်းဝရမ်းတွေကိုလည်း တရားရုံးဆီကနေ ရယူထားပါတယ်။ အဲဒီထဲမှာ တရုတ်၊ အိန္ဒိယ၊ ဗြိတိန်၊ ထိုင်းနဲ့ မြန်မာနိုင်ငံသားတွေ ပါဝင်နေပါတယ်။ ဒါ့အပြင် အိန္ဒိယ ၂ ဦးနဲ့ မြန်မာ ၃ ဦးကိုလည်း လက်ရှိ စုံစမ်းစစ်ဆေးမှုတွေ အတောအတွင်း ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရပါတယ်။
အခုအမှုတွေနဲ့ ဆက်စပ်ပြီး စစ်ဆေးခံရတဲ့ ထိုင်းနိုင်ငံသားတွေထဲမှာ တချို့က သူတို့ဟာ ကုမ္ပဏီ ရှယ်ယာရှင် စာရင်းထဲမှာ ပါဝင်နေမှန်းတောင် မသိဘူးလို့ ထွက်ဆိုပြီး တချို့ကတော့ ငွေကြေး အနည်းအကျဉ်း ရတာကြောင့် သူတို့ရဲ့ မှတ်ပုံတင်နဲ့ တခြား စာရွက်စာတမ်း အချက်အလက် မိတ္တူတွေ ပေးအပ်ခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။
ထိုင်းအာဏာပိုင်တွေကတော့ အခုလိုမျိုး ထိုင်းနိုင်ငံသားပိုင်အဖြစ် နာမည်ခံထားတဲ့ လုပ်ငန်းတွေဟာ ကွန်ရက်တစ်ခုလို ဖြန့်ကျက် လှုပ်ရှားနေတာလို့ ယုံကြည်ကြောင်း မှတ်ချက်ပေးခဲ့ပြီး နောက်ကွယ်မှာ အကျိုးစီးပွား ဖြစ်ထွန်းနေသူတွေကို စုံစမ်း ဖော်ထုတ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ကိုးကား: Thai Enquirer

















































