Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့နိုင်ငံရေးဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်မှုမရှိမဖြစ်လိုအပ်ဟု NLD ထုတ်ပြန်

အာဏာစစ်အုပ်စုကို အသိအမှတ်မပြုမိစေဖို့ အရေးကြီးဟု NLD ပြော

(၂၀၁၉ မေ ၁၃ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ နှစ်(၇ဝ)ပြည့် ပအိုဝ်းအမျိုးသားနေ့ (အကြို) အခမ်းအနားမှာတွေ့ရတဲ့ ဒေါ်အောင် ဆန်းစုကြည်။ ဓာတ်ပုံ - Myanmar State Counsellor Office)

ဇူလိုင် ၂၀၊ ၂၀၂၆။ထားမြတ်/People’s Spring

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဟာ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းတွေနဲ့သာ ဖြေရှင်းရမယ်ဆိုတာ ယုံကြည်ထားပြီး တွေ့ဆုံညှိနှိုင်းအဖြေရှာရေးမူကိုသာ အစဉ်အမြဲ ကိုင်စွဲထားကြောင်း NLDက ထုတ်ပြန်ခဲ့ပြီး ဒီလိုပြဿနာတွေ ဖြေရှင်းရာမျာ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ရဲ့ပါဝင်မှု မရှိမဖြစ်လိုအပ်ကြောင်း နဲ့စစ်အုပ်စုအုပ်ချုပ်ရေးကို အသိအမှတ်မပြုမိစေဖို့ အရေးကြီးကြောင်း ထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၀ရက် NLD ရဲ့ ထုတ်ပြန်ချက်မှာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကိုငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံနဲ့ မိတ်ဆွေနိုင်ငံတွေရဲ့ အပြုသဘောဆောင် ကြိုးပမ်းမှုတွေကိုကြိုဆိုကြောင်း ဖော်ပြကာပါတီရဲ့ သဘောထား ယုံကြည်ချက်တွေကိုထပ်လောင်းအသိပေးခဲ့တာဖြစ်ပါတယ်။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာမှာ ပြည်သူ့ဆန္ဒ၊ ဒီမိုကရေစီအခြေခံမူတွေနဲ့ ဥပဒေစိုးမိုးရေးတို့ကို အခြေခံရမယ်လို့ယုံကြည်ကြောင်း NLDက သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများအား ဆက်လက်ထိန်းသိမ်းထားခြင်းဟာ မြန်မာ့အကျပ်အတည်း ဖြေရှင်းရာမှာ အဓိကအတားအဆီးတရပ်အဖြစ် တည်ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးခေါင်းဆောင်များနဲ့ နိုင်ငံရေးအင်အားစုများ လွတ်လပ်စွာ ပါဝင်ဆွေးနွေးနိုင်တဲ့ ပတ်ဝန်း ကျင်တရပ် ဖန်တီးနိုင်မှသာ မြန်မာ့ပဋိပက္ခချုပ်ငြိမ်းရေးကို အရှိန်မြှင့်တင်ပေးနိုင်မယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး အတွက် အထူးသဖြင့် အာဆီယံ၏ဘုံသဘောတူညီချက် (၅) ချက်ဟာ မြန်မာ့အရေး ဖြေရှင်းရာမှာ အဓိကမူဘောင်အဖြစ် ဆက်လက်တည်ရှိကြောင်း ထပ်မံအတည်ပြုခဲ့တာကို NLDက ကြိုဆိုခဲ့ပြီး အရပ်သားများအပေါ် အကြမ်းဖက်မှု များ ရပ်တန့်ရေး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက် ရေး၊ လူသားချင်းစာနာထောက်ထားရေး အကူအညီများကို အမှန်တကယ်လိုအပ်တဲ့ နေရာများသို့ အတားအဆီး အကန့်အသတ်မရှိ ရောက်ရှိစေရေးနဲ့ အားလုံးပါဝင်သောတွေ့ဆုံဆွေးနွေးရေးတို့ မရှိမဖြစ် လိုအပ်တယ်လို့ အသိပေးပါတယ်။

” အားလုံးပါဝင်ရေး”ဆိုတဲ့ အခြေခံမူဟာ သက်ဆိုင်သူအားလုံးရဲ့ ယုံကြည်မှုကိုအခြေခံရမယ်လို့ ဖော်ပြပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုရဲ့ ဆင့်လွှဲအာဏာကို သောင်ပြိုကမ်းပြို ရရှိခဲ့တဲ့ NLDနဲ့ပါတီ ခေါင်းဆောင်ဖြစ်သူ ကုလနဲ့နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားအင် အားစုများရဲ့ အပြည့်အဝ ပါဝင်မှု မရှိတဲ့ ဘယ်နိုင်ငံရေးဖြစ်စဉ်မဆို ပြည်သူလူထုရဲ့ လက်ခံမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ပြည့်၀စွာရရှိဖို့ခက်ခဲမယ်လို့ ယုံကြည်ကြောင်း NLDက ထုတ်ပြန်ပါတယ်။

“ မြန်မာ့နိုင်ငံရေးပြဿနာ၏မူလအကြောင်းအရင်းမှာ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ပယ် ဖျက်ပြီး ပြည်သူ့ဆန္ဒအား ဆန့်ကျင်ကာ လက်နက်အားကိုးဖြင့် အာဏာသိမ်းယူခဲ့ခြင်းကြောင့် ဖြစ်ပါ သည်။ ထိုသို့စစ်အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲ ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေးပြဿနာ များကို ဖြေရှင်းရာတွင် ပြည်သူလူထု၏ ယုံကြည်မှုနှင့် တရားဝင်ဆင့်လွှဲအာဏာ ရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ပါဝင်ဆောင်ရွက်မှုသည် မရှိမဖြစ် လိုအပ်ပါသည်” လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အာဆီယံအနေနဲ့ မြန်မာ့အရေးအတွက် ကြိုးပမ်းရာမှာ ထိတွေ့ဆက်ဆံရေးမူဝါဒဟာ လက်တွေ့ဆန်တဲ့ နိုင်ငံရေးဖြေရှင်းမှုကို ဦးတည်စေနိုင်ပေမဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲက ပေါ်ပေါက်လာတဲ့ အုပ်ချုပ်ရေးအား အသိအမှတ်အမှတ်ပြုတဲ့အဆင့် မရောက်ရှိရေး အရေးကြီးဟုဖော် သတိပေးထားပါတယ်။

ဒါ့အပြင် အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅) ချက်ကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ခြင်းအားဖြင့် မြန်မာ့ပဋိပက္ခအား ဖြေရှင်းရာမှာ အထောက်အကူဖြစ်စေမယ်လို့ ဖော်ပြပါတယ်။

မကြာသေးမီက အာဆီယံဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများနဲ့ မြန်မာစစ်အုပ်စုကိုယ်စားလှယ်တွေကိုသီးခြားစီတွေ့ဆုံကာ ပြဿနာတွေ ဖြေရှင်းနိုင်ရေး ကြိုးပမ်းလာတဲ့အပေါ် NLDက ပါတီရဲ့ ရပ်တည်ချက် သဘောထားတွေကို အခုလို ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

​သြစတြေးလျနဲ့ တောင်ကိုရီးယား နိုင်ငံရောက် မြန်မာတွေက မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဥ်းသားအားလုံး အမြန်ဆုံးလွတ်မြောက် ရေး ဆန္ဒပြခြင်းကို သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။