Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းရောက် ကိုယ်ဝန်ဆောင် နိုင်ငံခြားသူ အလုပ်သမားတွေကို နေရပ်ပြန်ပြီး မီးဖွားခိုင်းသင့်ကြောင်း နှုတ်ခမ်းမွေးပြော

နှုတ်ခမ်းမွေးဆိုတဲ့ နာမည်ပြောင်နဲ့ လူသိများတဲ့ အစွန်းရောက် အမျိုးသားရေးဝါဒီ Te Achaewက ထိုင်းအစိုးရ အနေနဲ့ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားတွေကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမယ့် အခြေအနေ နှစ်ရပ်ကို ပြန်လည် စဉ်းစားသင့်ကြောင်း တိုက်တွန်း ပြောကြားခဲ့ပါတယ်။

Screenshot

နှုတ်ခမ်းမွေးဆိုတဲ့ နာမည်ပြောင်နဲ့ လူသိများတဲ့ အစွန်းရောက် အမျိုးသားရေးဝါဒီ Te Achaewက ထိုင်းအစိုးရ အနေနဲ့ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားတွေကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမယ့် အခြေအနေ နှစ်ရပ်ကို ပြန်လည် စဉ်းစားသင့်ကြောင်း တိုက်တွန်း ပြောကြားခဲ့ပါတယ်။

နှုတ်ခမ်းမွေးက သူဟာ နိုင်ငံခြားသားတွေကို ပစ်မှတ်ထားတဲ့ လှုပ်ရှားမှု နှစ်ခုကို စတင် အကောင်အထည် ဖော်နေကြောင်းလည်း ဆိုပါတယ်။ သူက ထိုင်းအစိုးရ အနေနဲ့ ဘဏ္ဍာငွေ သုံးစွဲမှုတွေကို ထိုင်းပြည်သူတွေ အတွက်ပဲ ဦးစားပေးပြီး နိုင်ငံခြားသားတွေအတွက် ဝန်ထုပ်ဝန်ပိုး အဖြစ်မခံသင့်ဘူးလို့ ဆိုပါတယ်။

သူရည်ညွှန်းတဲ့ လှုပ်ရှားမှု နှစ်ခုဆိုတာက ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားတွေထဲက ကိုယ်ဝန်ဆောင် နိုင်ငံခြားသူ အမျိုးသမီးတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေကို မှီခိုနေတဲ့ မိသားစုတွေကို ဖိနှိပ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

တချို့ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတွေဟာ ထိုင်းနိုင်ငံဆီ ရောက်လာပြီး မကြာခင်မှာပဲ ကိုယ်ဝန်ရကုန်ကြောင်း၊ အကျိုးဆက်အဖြစ် ထိုင်းအစိုးရအတွက် အပိုဆောင်း ကုန်ကျစရိတ်တွေ ကျခံလာရစေကြောင်း နှုတ်ခမ်းမွေးက ပြောပါတယ်။ ဒီတော့ အစိုးရ အနေနဲ့ တခြားနိုင်ငံတချို့ကို အတုယူပြီး စည်းမျဉ်း စည်းကမ်းတွေကို သင့်တော်အောင် စီမံ ပြောင်းလဲသင့်ကြောင်း၊ အဲဒီစည်းမျဉ်းတွေအရ ကိုယ်ဝန်ဆောင် နိုင်ငံခြား အလုပ်သမားတွေဟာ မိခင်နိုင်ငံဆီ အရင်ပြန်၊ ကလေးမီးဖွား၊ ပြီးတော့မှ ထိုင်းကို ပြန်လာပြီး အလုပ်လုပ်စေတာမျိုး တိတိကျကျ ပြဋ္ဌာန်းထားကြောင်း နှုတ်ခမ်းမွေးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သူက နိုင်ငံခြားသား အလုပ်သမားတွေကို ခွဲခြားဆက်ဆံနေတာ မဟုတ်သလို ထိုင်းပြည်သူ့ကျန်းမာရေး စနစ်ကို သူတို့တွေက အလကား ရယူသုံးစွဲနေတယ်လို့ စွပ်စွဲနေတာလည်း မဟုတ်ကြောင်း၊ အဲဒီအစား အစိုးရ အနေနဲ့ အသုံးစရိတ်နဲ့ ပတ်သက်ရင် သင့်တော်လျောက်ပတ်တဲ့ အစီအမံမျိုးနဲ့ ကိုင်တွယ်ဖို့ တိုက်တွန်းတာသာ ဖြစ်ကြောင်း နှုတ်ခမ်းမွေးက ပြောပါတယ်။ နိုင်ငံခြားသားတိုင်းဟာ ထိုင်းလူမှုဖူလုံရေး စနစ်နဲ့ အကျုံးဝင်နေတာ မဟုတ်ဘူးလို့လည်း နှုတ်ခမ်းမွေးက ထောက်ပြခဲ့ပါတယ်။

နိုင်ငံခြားသား အလုပ်သမားတွေက ထိုင်းနိုင်ငံမှာ မွေးဖွားလိုက်တဲ့ ကလေးတွေဟာ ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကောင်းကျိုးမျိုးတွေကို ခံစားခွင့် ရလာပြီး အကျိုးဆက်အနေနဲ့ ထိုင်းအစိုးရအပေါ် ပိုပြီး စရိတ်ထောင်းစေတယ်လို့လည်း နှုတ်ခမ်းမွေးက စွပ်စွဲခဲ့ပါတယ်။ ဒါကြောင့် ထိုင်းရောက်ပြီး ကိုယ်ဝန်ဆောင်တဲ့ နိုင်ငံခြားသား အလုပ်သမား အမျိုးသမီးတွေကို နေရပ်ပြန်ခိုင်း၊ ကလေးမီးဖွားပြီးမှ အလုပ်ခွင် ပြန်ဝင်ခိုင်းတာက အသင့်တော်ဆုံးပဲလို့ သူက ဆက်ပြောပါတယ်။

နောက်ထပ် အဆိုပြုချက်ကတော့ ထိုင်းရောက် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သား တစ်ဦးကို မှီခိုနေတဲ့ မိသားစုတွေနဲ့ ပတ်သက်လို့ အစိုးရက ပိုပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်သင့်တယ် ဆိုတာ ဖြစ်ပါတယ်။ နှုတ်ခမ်းမွေးက ထိုင်းဟာ စီးပွားရေး ကဏ္ဍ အများအပြားမှာ ပြည်ပကနေ ရောက်လာတဲ့ လုပ်အား အရင်းအမြစ်တွေကို မှီခိုနေရဆဲဆိုတာ သဘောပေါက်ကြောင်း ပြောပါတယ်။ ဒါပေမဲ့ အဲဒီ အလုပ်သမားတွေနဲ့ အတူပါလာပြီး မှီခိုနေထိုင်တဲ့ မိသားစုတွေမှာ အလုပ်အကိုင်၊ ဒါမှမဟုတ် ရှင်းလင်းပြတ်သားတဲ့ စီးပွားရေးဆိုင်ရာ အခန်းကဏ္ဍမျိုး မရှိဘူးဆိုရင် လူမှုရေးနဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်စရာတွေ ဖြစ်လာနိုင်တယ်လို့ နှုတ်ခမ်းမွေးက ပြောပါတယ်။

အရင်က ထိုင်းမှာ ဖြစ်ပွားခဲ့ဖူးတဲ့ ဒုစရိုက်မှုခင်း တချို့မှာ နိုင်ငံခြားသားတွေ ပါဝင်ပတ်သက် ဆက်နွှယ်ခဲ့ဖူးတာကိုလည်း သူက ထောက်ပြခဲ့ပါတယ်။ ဒီကိစ္စမျိုးတွေမှာ နိုင်ငံခြားသား အလုပ်သမား အားလုံးကို ဝါးလုံးရှည်နဲ့ ရမ်းပြီး အပြစ်တင်တာမျိုး မဖြစ်သင့်မှန်း နားလည်ပေမယ့် ပြည်သူ့လုံခြုံရေး ကဏ္ဍကို မြှင့်တင်ဖို့အတွက် အစိုးရ အနေနဲ့ နိုင်ငံခြားသား လုပ်သားတွေရဲ့ မိသားစုတွေအပေါ် စောင့်ကြည့်တာ၊ စစ်ဆေးတာတွေ ပိုပြီး ကြပ်ကြပ်မတ်မတ် လုပ်ဆောင်သင့်ကြောင်း နှုတ်ခမ်းမွေးက တိုက်တွန်းခဲ့ပါတယ်။

သူ့ရဲ့ လှုပ်ရှားမှု နှစ်ခုလုံးဟာ ထိုင်းအစိုးရ အနေနဲ့ နိုင်ငံခြားသား အလုပ်သမား မူဝါဒနဲ့ ဘတ်ဂျတ် ဦးစားပေး အစီအမံတွေကို ပြန်လည် သုံးသပ်စေဖို့ ရည်ရွယ်ချက်နဲ့ ဖြစ်တယ်လို့ နှုတ်ခမ်းမွေးက ဆိုပါတယ်။ အစိုးရဟာ ထိုင်းရောက် နိုင်ငံခြားသား အလုပ်သမားတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် သုံးစွဲနေတဲ့ ငွေကြေးတွေကို စစ်မှုထမ်းဟောင်း ထောက်ပံ့ကြေးတွေ၊ ပင်စင်လစာ မြှင့်တင်ပေးတာတွေနဲ့ တခြား လူမှုသက်သာ ချောင်ချိရေး ကိစ္စတွေ အပါအဝင် ထိုင်းပြည်သူတွေအတွက် အကျိုးရှိစေမယ့် နေရာတွေမှာ လွှဲပြောင်း အသုံးပြုဖို့ လုပ်ဆောင်သင့်ကြောင်း သူက ပြောကြားသွားပါတယ်။

ကိုးကား: ไทยไม่ทน

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဘုန်းတော်ကြီးကျောင်း ရန်ပုံငွေ ဘတ်သန်း ၁၀၀ ကျော် အလွဲသုံးစား လုပ်ခဲ့ကြောင်း စွပ်စွဲခံထားရတဲ့ ကျောင်းထိုင် ဘုန်းကြီးနဲ့ အမျိုးသမီးကို ထိုင်းတရားရုံး တစ်ခု ရှေ့မှောက်ကို ပို့ဆောင်ပြီး ချုပ်ရက် ရမန်ယူခဲ့ပါတယ်။

Facebook