အီရန်ရဲ့ နျူကလီးယား အခြေစိုက်စခန်း တစ်ခုဖြစ်တဲ့ ပစ်ခ်အိတ်စ်တောင် (ပေါက်တူးတောင်)ကို မကြာခင်မှာ အမေရိကန်က ပြင်းပြင်းထန်ထန် တိုက်ခိုက်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။
ဇူလိုင် ၂၁ ရက်နေ့တုန်းက လက်ဘနွန် သမ္မတ ဂျိုးဆက်အွမ်းနဲ့အတူ အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ထရမ့်က အဲဒီတောင်ကို အမေရိကန်က ပစ်မှတ်ထားနိုင်ကြောင်း ထည့်သွင်း မှတ်ချက်ပေးသွားခဲ့တာ ဖြစ်ပါတယ်။ ပစ်ခ်အိတ်စ်တောင်ဟာ အီရန်ရဲ့ ယူရေနီယမ် ဓာတ်သတ္တု သန့်စင်မှု မြေအောက် နျူကလီးယား စခန်းတစ်ခု အနေနဲ့ လူသိများပါတယ်။
သိပ်မကြာခင်မှာပဲ အဲဒီနေရာကို အမေရိကန်က တိုက်ခိုက်နိုင်ကြောင်း၊ တိုက်ခိုက်မှုကလည်း အရမ်းပြင်းထန်နိုင်ကြောင်း ထရမ့်က ဆိုပါတယ်။ အီရန်ဟာ ယူရေနီယမ် သန့်စင်တဲ့ ပေါင်းဖိုတွေကို အဲဒီတောင်အောက်က နျူကလီးယား စခန်းဆီ ရွှေ့ပြောင်းဖို့ ကြံစည်နေတယ်လို့ ယူဆသလားလို့ သတင်းထောက်တွေက မေးမြန်းချိန်မှာ ထရမ့်က အဲဒီလို တုံ့ပြန်ခဲ့တာပါ။
သူက အီရန်မှာ သန့်စင်စရာ ယူရေနီယမ် မကျန်တော့ဘူးဆိုရင် ပေါင်းဖိုတွေကို ဘယ်နေရာရွှေ့ရွှေ့ ဘာမှ မထူးတော့ဘူးလို့လည်း ဆက်ပြောပါတယ်။ အမေရိကန်ဟာ အဲဒီ ဓာတ်သတ္တုတွေနောက်ကို အပူတပြင်း လိုက်နေကြောင်းနဲ့ အဲဒီအတွက်လည်း စစ်ဆင်ရေးတွေ၊ အရေးယူမှုတွေ ရှိလာမှာဖြစ်ကြောင်း ထရမ့်က ဆိုပါတယ်။

Public Service Announcement
အခု သီတင်းပတ် အစောပိုင်းမှာတော့ Wall Street ဂျာနယ်က အစ္စရေးဟာ အဲဒီတောင်အောက်က စခန်းမှာ အီရန်ရဲ့ သန့်စင်ပြီး ယူရေနီယမ်တွေ ရွှေ့ပြောင်း သိုလှောင်ထားတယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်းကို အမေရိကန်ဆီ ပေးပို့ထားတယ်လို့ ယုံကြည်ရကြောင်း ဖော်ပြခဲ့ပါတယ်။
အီရန်နဲ့ အမေရိကန်တို့ကြား တိုက်ခိုက်မှုတွေ ပြန်လည်စတင်လာတဲ့နောက် ထရမ့်အတွက် ရွေးချယ်စရာ အခြေအနေနှစ်ခု ရှိလာပါတယ်။ အဲဒါက အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ထပ်မံရယူဖို့ အီရန်နဲ့ ညှိမလား၊ ဒါမှမဟုတ် အီရန်အပေါ် ပိုပြီး ပြင်းပြင်းထန်ထန် ထိုးနှက်မလား ဆိုတာပါ။ ဇူလိုင် ၂၁ ရက်နေ့တုန်းက ထရမ့်ရဲ့ စကားတွေ အရတော့ သူဟာ ဒုတိယ ဖြစ်နိုင်ခြေအပေါ် ပိုပြီး အလေးသာနေတဲ့ပုံ ပေါ်ပါတယ်။
လောလောဆယ်မှာတော့ အီရန်က ညှိနှိုင်းဖို့ အသည်းအသန် လိုလားနေပေမယ့် အမေရိကန်ကတော့ အဓိပ္ပါယ် ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးမှုမျိုး ဖြစ်လာနိုင်ခြေ မရှိသ၍ အီရန်နဲ့ စကားပြောဖို့ စိတ်ကူးမရှိကြောင်း ထရမ့်က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အီရန်မှာ လုပ်ဆောင်နေတဲ့ အမေရိကန်ရဲ့ စစ်ဆင်ရေးတွေက မပြီးဆုံးသေးကြောင်းလည်း ထရမ့်က ထည့်သွင်း သတိပေးသွားခဲ့ပါတယ်။
သူက ပစ်ခ်အိတ်စ် တောင်အောက်က အီရန် မြေအောက် နျူကလီးယား စခန်းကို တိုက်ခိုက်နိုင်ခြေ ရှိတယ်လို့ ခြိမ်းခြောက်ခဲ့ပေမယ့် ဘယ်လိုနည်းလမ်းကို အသုံးပြုမလဲ ဆိုတာကိုတော့ တိတိကျကျ မှတ်ချက်မပေးခဲ့ပါဘူး။ မနှစ်က ဇွန်လ ၂၂ ရက်နေ့တုန်းကတော့ အီရန်နဲ့ အစ္စရေးတို့ကြားက စစ်ပွဲမှာ အမေရိကန်က ပါဝင်စွက်ဖက်ခဲ့ပြီး ဖောဒိုး၊ နက်တန့်ဇ်နဲ့ အစ္စဖာဟန်တို့မှာရှိတဲ့ အီရန် နျူကလီးယား စခန်းတွေကို ဗုံးကြဲခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးမှာတော့ အမေရိကန်ဟာ B-2 မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတွေပေါ်ကနေ ကြဲချတဲ့ GBU-57A အမျိုးအစား ဧရာမ ဘန်ကာခွင်းဗုံးကြီးတွေနဲ့ ရေတပ်သင်္ဘောတွေဆီက ပစ်ခတ်တဲ့ Tomahawk ဒုံးကျည်တွေကို ပူးတွဲပြီး အသုံးချခဲ့ပါတယ်။
ကိုးကား: Axios


















































