ဇူလိုင် ၂၂၊ ၂၀၂၆။ တာရာ/People’s Spring
စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။
စျေးကွက်ထဲမှာ စားအုန်းဆီ တစ်ပိဿာ ကျပ် ၁၉၀၀၀ နဲ့ ကျပ် ၂၀၀၀၀ အထိပေါက်စျေးရှိနေပြီး အလွယ်တကူဝယ်ယူလို့ မရဘူးလို့ သိရပါတယ်။
စားအုန်းဆီရရှိမှုအခက်အခဲတွေကြောင့် ဆီကြော်မုန့်ရောင်းချသူတွေနဲ့ အိမ်ရှင်မတွေဟာ အခက်အခဲကြုံတွေ့နေရတယ်လို့ သိရပါတယ်။

Public Service Announcement
“စားအုန်းဆီတွေက ဝယ်မရတော့အခု အကြော်ရောင်းတာတောင်ရပ်လိုက်ရတယ်။ တစ်ပိဿာကို ၂၀၀၀၀ နဲ့ဘယ်လိုရောင်းမလဲ။ မကိုက်ဘူးလေ။ အကြော်ကိုစျေးထပ်တတ်ရင်လည်း ဝယ်စားတဲ့သူက ရှိတော့မှာတောင်မဟုတ်ဘူး။ တော်တော်လေးလည်း ဒုက္ခရောက်ပါတယ်” လို့ အကြော်သည်တစ်ဦးကပြောပါတယ်။
ဒါ့အပြင် စားအုန်းဆီစာအုပ်နဲ့ အိမ်ထောင်စုတစ်စုကို ၁လ ၂ ပိဿာ ရောင်းချပေးရာကနေ ၁ပိဿာပဲရောင်းချပေးတော့တယ်လို့ သိရပါတယ်။
” အရင်ကတစ်ပတ်ကို ၅၀ သားစီထုတ်ပေးတယ်။ ဆီပြသနာတွေစတော့ ၁၅ ရက်တစ်ခါပဲပေးတော့တယ်။ ပဲဆီတွေကလည်းစျေးတွေကြီးတော့ ရောသုံးရတာ။ အခုဆီတစ်ပိဿာတောင်အနိုင်နိုင်ဆိုတော့ ရှေ့ဆက်ဘယ်လိုလုပ်မလဲ” လို့ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ငွေကြေးဖောင်းပွပြီးကုန်စျေးနှုန်းအဆမတန်ကြီးလာပြီးနောက် စားအုန်းဆီပြသနာက အဆိုးဆုံးထဲကတစ်ခုဖြစ်တယ်လို့ အိမ်ရှင်မအချို့ကပြောပါတယ်။
ပြည်ပကနေ လစဥ်စားအုန်းဆီတန်ချိန် တန်ချိန် ၅၀၀၀၀ ကျော်တင်သွင်းရပြီး ၁တန်ကို အမေရိကန်ဒေါ်လာ ၁၁၅၀ ခန့်ဈေးရှိတာကြောင့်လစဥ် အမေရိကန်ဒေါ်လာ ၅၈ သန်းကျော်ကုန်နေကြောင်း စစ်ကောင်စီကဆိုပါတယ်။ လက်နက်ခဲယမ်း ၊စက်သုံးဆီတွေကို
သွင်းဖို့ဒေါ်လာများစွာသုံးနေတဲ့ အာဏာသိမ်း စစ်တပ်က ဒေါ်လာ အကုန်သက်သာဖို့ စားအုန်းဆီတင်သွင်းမှုကိုလျှော့ချပြီး ပြည်သူတွေကို ဆီလျှော့စားဖို့ပြောပြီး ဆီတင်သ့င်းတာလျှော့လိုက်သလို ခွဲတမ်းတွေကိုလည်း လျှော့ချလိုက်တာဖြစ်ပါတယ်။
စျေးကွက်အတွင်းမှာ စားအုန်ဆီဟာဈေးတက်သွားသလို ဝယ်ဖို့ခက်လာပြီးပြသနာကြီးလာတယ်တယ်လို့ ပြည်သူတွေက ပြောပါတယ်။


















































