အောက်တိုဘာ ၁၁၊၂၀၂၆။သုည/People’s Spring
ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။
စစ်ကောင်စီဟာ မြို့နယ်ထွေအုပ်ရုံးတွေကို ဆင့်ခေါ်ပြီး ၃လစီမံချက်အနေနဲ့ လုပ်ဆောင်ဖို့ အထက်ပါအတိုင်း ညွှန်ကြားထားတာလို့ ရန်ကုန်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး တစ်ရုံးက အမည်မဖော်လိုသူ ရုံးဝန်ထမ်းတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။
” မြို့နယ်အသီးသီးက အုပ်ချုပ်ရေးမှူးတွေ အကုန်ခေါ်ပြီး အစည်းအဝေးလုပ်ပါတယ်။ အောက်တိုဘာလကနေ နောက် ၃ လအတွင်း မြို့နယ် ၁၄ ခုမှာ ပွဲစျေးတွေ ဆက်တိုက်လုပ်ဖို့ စစ်တပ်က အမိန့်ပေးထားပါတယ်။ တစ်မြို့နယ်ပြီးတာနဲ့ တစ်မြို့နယ် ဆက်တိုက်ဆိုသလို လုပ်မှာပါ။ ပွဲစျေး လုပ်ဖို့သာပြောတာ သူတို့ဘက်က ရဲလုံခြုံရေးပေးဖို့ကိုတော့ အာမမခံပါဘူး။ ရပ်ကွက်အုပ်ကြီးတွေနဲ့ ပျူစောထီးတွေကပဲ လုပ်ရမှာပါ။ အခုတလောအတွင်း လူငယ်တွေ လမ်းမပေါ်တွေက အုပ်စုလိုက်ရန်ပွဲတွေ၊ ဓားထိုးမှုတွေ ရှိနေတော့ အားလုံးက မထိန်းနိုင်မှာ လန့်နေတယ်” လို့ အဆိုပါ ရုံးဝန်ထမ်းက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် စျေးပွဲတော်တွေအတွင်း လူငယ်အချို့ကို စောင့်ကြည့်ဖို့ ညွှန်ကြားထားကြောင်းလည်း အဆိုပါ ရုံးဝန်ထမ်းက ပြောပါတယ်။
ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ပထမပတ်မှာတော့ တာမွေမြို့နယ် ဦးချစ်မောင်လမ်းပွဲစျေး၊ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားပွဲစျေးကို တစ်ပတ်ကျော်ကြာ ပြုလုပ်ခဲ့ပြီး အောက်တိုဘာ ဒုတိယပတ်မှာတော့ စမ်းချောင်းမြို့နယ် ရေကျော်ပွဲစျေး ကျင်းပနေပါတယ်။
မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားပွဲစျေးမှာ လူစည်ကားခြင်း မရှိပေမယ့် ကားလမ်းပိတ်ဆို့မှုနဲ့ ခါးပတ်နှိုက်အန္တရာယ်တို့ကြောင့် ပြည်သူတွေ အခက်ကြုံခဲ့ရကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။
“ပွဲစျေးက ကျိုက်ဝိုင်းဘုရားလမ်းမပေါ်ကြီးမှာ လမ်းတခြမ်းပိတ်ပြီး လုပ်တာဆိုတော့ ရုံးအပြန်ကားစီးရတာ တော်တော်ဒုက္ခရောက်ပါတယ်။ ၈ မိုင်ကနေ သမိုင်းဘက်ကိုလာတဲ့ လမ်းက အစထဲက ကြပ်တာကို ပွဲစျေးလုပ်ပြီး လမ်းပိတ်လိုက်တော့ ကားတွေ အကုန်ကြပ်ကုန်တာပါ။ ပုံမှန် မိနစ် ၃၀ လောက်နဲ့ အိမ်ရောက်မှာကို တစ်နာရီခွဲနီးပါးလောက် ကားစီးလိုက်ရပါတယ်။ ဒါ့အပြင် ပွဲစျေးတစ်ရက် လျှောက်ကြည့်မိပါတယ်။ ဖုန်းအနှိုက်ခံရလို့ ပိုက်ဆံပိုကုန်သွားပါတယ်” လို့ မရမ်းကုန်းမြို့နယ်နေ ပြည်သူတစ်ဦးက ဆိုပါတယ်။
ကျိုက်ဝိုင်းပွဲစျေးဘက်မှာ ကားလမ်းပိတ်လို့ သမိုင်းလမ်းဆုံ ကားမှတ်တိုင်ဘက်ကို လမ်းလျှောက်ပြန်လာတဲ့ လှိုင်သာယာမြို့နယ်နေ လူငယ်တစ်ဦး ပျောက်ဆုံးနေကြောင်း ဒေသခံပြည်သူအချို့က ပြောပါတယ်။
“၆ ရက်နေ့ ညနေက ဆောက်လုပ်ရေးဆိုဒ်က ပြန်လာတဲ့ ကလေးတစ်ယောက် ပျောက်နေပါတယ်။ ကမ္ဘာအေးဘက်ကနေ သမိုင်းကားမှတ်တိုင်ကို လှိုင်သာယာကား ပြောင်းစီးဖို့ အသွားမှာ ကျိုက်ဝိုင်းပွဲစျေးက လမ်းပိတ်နေလို့ လမ်းဆင်းလျှောက်ရင်း ပျောက်တာလို့ ပြောတယ်။ သူ့အိမ်ကတော့ အခုထိ လိုက်နေတုန်းပဲ။ ဘယ်ပါသွားလဲ သေချာမသိရသေးဘူး။ ဖုန်းလဲစက်ပိတ်ထားတယ်” လို့ လှိုင်သာယာမြို့နယ်နေပြည်သူတစ်ဦးက ပြောပါတယ်။
ဒါကြောင့် စစ်ကောင်စီ ဦးစီးပြုလုပ်တဲ့ ပွဲစျေးတွေကို လူငယ်တွေအနေနဲ့ သတိထားသွားလာဖို့နဲ့ ဖြစ်နိုင်ရင် သွားလာခြင်း မပြုကြဖို့ မြို့ပြသပိတ်အင်အားစုဝင်တွေက မေတ္တာရပ်ခံထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီက စျေးပွဲတော်အကြောင်းပြကာ ဆိုင်ခန်းခတွေ အတင်းအဓမ္မကောက်ခံနေကြောင်းလည်း စမ်းချောင်းမြို့နယ်နေ ပြည်သူအချို့က ပြောပါတယ်။
“တိုက်ခန်းအောက်မှာ ဆိုင်ဖွင့်ထားတဲ့ သူတိုင်း ဆိုင်ခန်းခဆိုပြီး ၃ သိန်းကောက်ပါတယ်။ ပွဲစျေးထဲ ဆိုင်ဖွင့်ဖွင့် မဖွင့်ဖွင့် ပေးရပါတယ်။ မပေးရင် အုပ်ကြီးက ပြသနာရှာပါတယ်။ ကျွန်တော်တို့က သာမန်အိမ်ဆိုင်လေး ဆိုတော့ ပွဲစျေးနဲ့ ဘာမှမဆိုင်သလို ရောင်းဖို့လည်း အစီအစဉ်မရှိပါဘူး” လို့ စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းပေါ်က ဆိုင်ရှင်တစ်ဦးက ဆိုပါတယ်။



















































