– Simba ရေးသားသည်။
ကမ္ဘာပေါ်မှာ အလှပဆုံးနဲ့ အင်အားအကြီးဆုံး သားရဲတစ်မျိုးဖြစ်တဲ့ ကျားတွေဟာ တောတောင် ပြုန်းတီးမှုတွေကြောင့် သဘာဝတောရိုင်းထဲမှာ ဆက်လက်ရှင်သန်နိုင်ဖို့ ရုန်းကန်နေရသလို၊ တစ်ဖက်မှာလည်း လူသားတွေရဲ့ လောဘကြောင့် မျိုးသုဉ်းပျောက်ကွယ်လုနီးပါး အန္တရာယ်နဲ့ ရင်ဆိုင်နေကြရပါတယ်။
အမေရိကန်အခြေစိုက် သဘာဝပတ်ဝန်းကျင်ရာဇဝတ်မှု စုံစမ်းဖော်ထုတ်ရေးအဖွဲ့ (ELI) ရဲ့ ၂၀၂၆ ခုနှစ် ဇူလိုင်လမှာ ထုတ်ပြန်တဲ့ လျှို့ဝှက်စုံစမ်းစစ်ဆေးမှု အစီရင်ခံစာအရ ကမ္ဘောဒီးယားနိုင်ငံအတွင်းက တရားမဝင် တောရိုင်းတိရစ္ဆာန်ရောင်းဝယ်မှုဟာ အဓိကအားဖြင့် တရုတ်နိုင်ငံသားတွေရဲ့ ဝယ်လိုအားကိုဖြည့်ဆည်းပေးနေပြီးယနေ့ထိကျယ်ကျယ်ပြန့်ပြန့် ဆက်လက်လည်ပတ်နေကြောင်း ဖော်ထုတ်ထားပါတယ်။
ELI ရဲ့စုံစမ်းစစ်ဆေးသူတွေကတော့ ကမ္ဘောဒီးယားမှာ လှုပ်ရှားနေတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်ကွန်ရက် တွေရဲ့ ခေါင်းဆောင် ၅ ဦးကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအဖွဲ့တွေဟာ တောရိုင်းတိရစ္ဆာန် မှောင်ခိုကူးမှုသာမက လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) တွေကိုပါ ချိတ်ဆက်လုပ်ကိုင်နေကြကြောင်းလည်း ဖော်ပြထားပါတယ်။

Public Service Announcement




စုံစမ်းမှုအတွင်း ကျား၊ ဆင်၊ ကြံ့၊သင်းခွေချပ် စတဲ့ မျိုးသုဉ်းအန္တရာယ်ရှိ တိရစ္ဆာန်တွေနဲ့ သူတို့ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ကမ္ဘောဒီးယားနိုင်ငံအတွင်း ပွင့်ပွင့်လင်းလင်း ရောင်းဝယ်နေကြတာ တွေ့ခဲ့ရပါတယ်။ အဓိက ဝယ်ယူသူတွေကတော့ အစိုးရအရာရှိကြီးတွေ၊ ကမ္ဘောဒီးယားမှာ နေထိုင်တဲ့ တရုတ်နိုင်ငံသားတွေ၊ ချမ်းသာတဲ့ စီးပွားရေးသမားတွေနဲ့ တရုတ်ခရီးသွားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
လှပတဲ့ ပုလင်းတွေထဲ ထည့်ထားတဲ့ ကျားအရိုးဝိုင်တွေ၊အိမ်မွေးတိရစ္ဆာန်အဖြစ် ရောင်းချနေတဲ့ ကျားပေါက်လေးတွေ၊ အဆင့်မြင့်စားသောက်ဆိုင်တွေမှာ တင်ဆက်နေတဲ့ သင်းခွေချပ်သားနဲ့ မြွေသားတွေ၊ အခန်းအပြည့် စုဆောင်းထားတဲ့ ကြံ့ချိုတွေ၊ ဆင်စွယ်တွေ၊ ကျားသားရေတွေနဲ့ သင်းခွေချပ်အကြေးခွံတွေ ဒါတွေဟာ ကမ္ဘောဒီးယားမှာ လည်ပတ်နေတဲ့ တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှုရဲ့ အစိတ်အပိုင်းတစ်ခုသာ ဖြစ်တယ်လို့ စုံစမ်းရေးမှူးတွေက ပြောပါတယ်။
ELI ရဲ့ ၂၀၂၅ မှ ၂၀၂၆ ခုနှစ်ထိတစ်နှစ်အတွင်း ပြုလုပ်ခဲ့တဲ့ လျှို့ဝှက်စုံစမ်းမှုဟာ “Operation Sandokan” ဆိုတဲ့ အမည်နဲ့ ကမ္ဘောဒီးယားမှာ လှုပ်ရှားနေတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်ကွန်ရက်တွေကို မြေပုံရေးဆွဲနိုင်ခဲ့ပြီး တောရိုင်းတိရစ္ဆာန်မှောင်ခိုမှုဟာ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးကူးသန်းမှုနဲ့ အွန်လိုင်းလိမ်လည်မှုစခန်းတွေလို အခြားရာဇဝတ်လုပ်ငန်းတွေနဲ့လည်း ဆက်နွယ်နေကြောင်း ဖော်ထုတ်ခဲ့ပါတယ်။
အစီရင်ခံစာအရ ကမ္ဘောဒီးယားမှ အဓိက တောရိုင်းတိရစ္ဆာန်ကုန်ကူးမှုကို ဦးဆောင်နေသူ ၅ ဦး စလုံးဟာ တရုတ်နွယ်ဖွားတွေဖြစ်ပြီး သူတို့ဟာ ကမ္ဘောဒီးယားအာဏာပိုင်တွေနဲ့ နီးစပ်တဲ့ဆက်ဆံရေးရှိကြသူတွေလို့ဆိုပါတယ်။
၎င်းတို့ထဲက ၂ ဦးကိုတော့ မဲခေါင်ဒေသအောက်ပိုင်းရဲ့ အကြီးဆုံး တောရိုင်းတိရစ္ဆာန် မှောင်ခိုကူးသူတွေအဖြစ် သတ်မှတ်ထားပါတယ်။
ELI ရဲ့ အမှုဆောင်ဒါရိုက်တာ အန်ဒရေယာခရော့စ်တာ(Andrea Crosta)က “ဒါဟာ သာမန်မှောင်ခို လုပ်ငန်းတစ်ခု မကပါဘူး၊ စီးပွားရေးလုပ်ငန်းတစ်ခုလို စနစ်တကျ လည်ပတ်နေတဲ့ ကုန်သွယ်ရေး ကွန်ရက်တစ်ခု ဖြစ်နေတယ်” လို့ ပြောပါတယ်။ စုံစမ်းမှုအတွင်း တွေ့ရှိခဲ့ရတဲ့ တောရိုင်းတိရစ္ဆာန် ထုတ်ကုန် ပမာဏဟာ မျှော်လင့်ထားတာထက် အဆပေါင်းများစွာ များပြားနေပြီး အံ့အားသင့်စရာ ဖြစ်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
စုံစမ်းစစ်ဆေးမှုအရ ၎င်းတို့ရဲ့လုပ်ငန်းကွန်ရက်ထဲမှာ တောရိုင်းတိရစ္ဆာန်အရောင်းဆိုင် ၉ ဆိုင်ထက် မနည်းအပြင်၊ ကြံ့ချိုနဲ့ ဆင်စွယ်ထွင်းထုစက်ရုံတွေ၊ ကျားအရိုးဝိုင်ထုတ်လုပ်တဲ့ စက်ရုံတွေ၊ စားသောက်ဆိုင်တွေ၊ ကလပ်တွေနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ပါဝင်နေကြောင်း တွေ့ရှိခဲ့ပါတယ်။
ဖနွမ်းပင်မြို့ကသူတို့ရဲ့အဆင့်မြင့်စားသောက်ဆိုင် တွေမှာ ကျားသားဟင်း၊ ကျားအရိုးဝိုင်အပြင်သင်းခွေချပ်၊မြွေဟောက်၊ပင်ဒါနီ နဲ့ ရွှေရစ်ဌက်(ဇာမဏီ) တို့ကိုလည်း ဟင်းလျာအဖြစ် ရောင်းချ နေကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ကျားကလေး တွေကိုလည်း ဟင်းလျာအဖြစ် ကြော်ငြာ ရောင်းချသလိုဝိုင်ဖျော်ရာတွင်လည်းအသုံးပြုကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။
အထူးသဖြင့် ကျားဟာ ဒီတောရိုင်းတိရစ္ဆာန်မှောင်ခိုဈေးကွက်ထဲမှာ အမြတ်အစွန်းအများဆုံး ရရှိနိုင်တဲ့ တိရစ္ဆာန်တွေထဲက တစ်မျိုး ဖြစ်နေပါတယ်။ ELI ရဲ့ အစီရင်ခံစာအရ ကျားအရိုးတွေဟာ တစ်ကီလိုကို အမေရိကန်ဒေါ်လာ ၁,၉၇၅ အထိ ရောင်းချနိုင်ပြီး၊ ကျားရဲ့ အခြားအစိတ်အပိုင်းတချို့ကလည်း တစ်ကီလိုကို ဒေါ်လာ ၂,၆၃၃ ခန့်အထိ ဈေးပေါက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒီလို မြင့်မားတဲ့ ဝယ်လိုအားကြောင့် ကမ္ဘောဒီးယားမှာ မှောင်ခိုဈေးကွက်အတွက် တစ်ပတ်ကို ကျားတစ်ကောင်ခန့် သတ်ဖြတ်နေရနိုင်တယ်လို့ ELI က ခန့်မှန်းထားပါတယ်။
အချို့ကျားတွေဟာ တောထဲကနေ ဖမ်းဆီးသတ်ဖြတ်ခံနေရပြီး၊အထူးသဖြင့် တောကျားတွေကိုတော့ ကမ္ဘာပေါ်မှာ တောကျားအများဆုံးရှိတဲ့ အိန္ဒိယနိုင်ငံကနေ မှောင်ခိုနည်းလမ်းတွေနဲ့ သယ်ယူလာကြ တယ်လို့ ဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ထိုင်းနဲ့ တရုတ်နိုင်ငံတွေမှာ “ကျားမွေးမြူရေးခြံ” တွေ ရှိနေပြီး၊ အဲဒီနေရာတွေမှာ ကျားတွေကို မွေးမြူကာ နောက်ဆုံးမှာတော့ အရိုး၊ အရေခွံနဲ့ အခြားအစိတ်အပိုင်းတွေ ရောင်းချဖို့ သတ်ဖြတ်နေကြတယ်လို့ သဘာဝပတ်ဝန်းကျင်အဖွဲ့တွေက နှစ်ပေါင်းများစွာ သတိပေးလာခဲ့ပါတယ်။
ဗြိတိန်အခြေစိုက် Environmental Investigation Agency (EIA) မှ ကျားနဲ့ တောရိုင်းတိရစ္ဆာန် ရာဇဝတ်မှုဆိုင်ရာ တာဝန်ရှိသူ Debbie Banksကတော့ “ကျားတွေကိုဒီလောက်အများအပြား စားသုံးနေကြတာဟာ အလွန်အံ့ဩစရာကောင်းသလို စိုးရိမ်စရာလည်း ဖြစ်ပါတယ်။ကျားပေါက်တွေပါ ရောင်းဝယ်နေတာက မွေးမြူထားတဲ့ ကျားအရေအတွက်ဟာ ထင်ထားတာထက် အများကြီး ရှိနေတယ်ဆိုတာ ပြသနေပါတယ်” လို့ ပြောပါတယ်။
သူမကတော့ ဒီအစီရင်ခံစာကြောင့် ကမ္ဘောဒီးယားမှာ ဖြစ်ပွားနေတဲ့ ကျားမှောင်ခိုရောင်းဝယ်မှုကို ပိုမိုနက်ရှိုင်းစွာ စုံစမ်းဖော်ထုတ်မှုတွေ ဖြစ်လာမယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။
ကျားအစိတ်အပိုင်းတွေကို ဝယ်ယူလိုအား မြင့်မားနေရတဲ့ အကြောင်းရင်းတွေထဲမှာ ရိုးရာဆေးပညာ အယူအဆတွေနဲ့ လူမှုအဆင့်အတန်းကို ပြသလိုတဲ့ ချမ်းသာသူတချို့ရဲ့ လိုအပ်ချက်တွေ ပါဝင်ပါတယ်။ ကျားအရိုးဝိုင်ကို တန်ဖိုးကြီးလက်ဆောင်တစ်ခုလို အသုံးပြုကြသလို၊ အချို့သော စားသောက်ဆိုင်တွေ မှာလည်း ရှားပါးတိရစ္ဆာန်အသားတွေကို အထူးဟင်းလျာအဖြစ် ရောင်းချနေကြောင်း စုံစမ်းမှုမှာ တွေ့ရှိခဲ့ပါတယ်။
ဒါပေမယ့် ကမ္ဘောဒီးယားရဲ့ ပြဿနာဟာ တိရစ္ဆာန်တွေကို ပြည်တွင်းမှာ စားသုံးနေကြတာတစ်ခုတည်း မဟုတ်ပါဘူး။ ဒီနောက်ကွယ်မှာ နိုင်ငံတကာအထိ ချိတ်ဆက်နေတဲ့ မှောင်ခိုကုန်သွယ်ရေးကွန်ရက် ကြီးတွေ ရှိနေပါတယ်။
ELI ရဲ့ စုံစမ်းချက်အရ အာဖရိက ကနေ ဝင်လာတဲ့ ဆင်စွယ်တွေ၊ အိန္ဒိယက ကျားတွေ၊ ကျန်ရှိ နေသေးတဲ့ နိုင်ငံတွေက တောကျားတွေနဲ့ အခြားဒေသတွေကတောရိုင်းတိရစ္ဆာန်ထုတ်ကုန်တွေဟာ ကမ္ဘောဒီးယားကို ရောက်လာတဲ့အခါ အတုအယောင် ခွင့်ပြုလက်မှတ်တွေကို အသုံးပြုပြီး ပြန်လည် ထုပ်ပိုးကာ မလေးရှား၊ စင်ကာပူ၊ ဟောင်ကောင်တို့ကို ဖြတ်သန်းပြီး နောက်ဆုံး တရုတ်နိုင်ငံသို့ ပို့ဆောင်ကြသည်ဟု ဆိုပါတယ်။
အထူးစီးပွားရေးဇုန် Special Economic Zone (SEZ)ရဲ့ ဂိုဒေါင်တွေမှာတောရိုင်းတိရစ္ဆာန် ထွက်ပစ္စည်းတွေ၊ မက်သမ်ဖက်တမင်း မူးယစ်ဆေးဝါးတွေနဲ့ တရားမဝင် သစ်တွေကို အတူတကွ သိုလှောင်ထားကြောင်းလည်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံဖြတ်ကျော် ဖွဲ့စည်းထားတဲ့ ရာဇဝတ်မှုတွေကို တိုက်ဖျက်နေတဲ့ ကမ္ဘာလုံးဆိုင်ရာအဖွဲ့ (Global Initiative Against Transnational Organized Crime)ကဒီပြဿနာကို အရှေ့တောင်အာရှနဲ့ တရုတ်ကို ချိတ်ဆက်ထားတဲ့ နိုင်ငံတကာ ရာဇဝတ်ကွန်ရက်တစ်ခုလို့ သတ်မှတ်ထားပြီး၊ ELI ကတော့ အရှေ့တောင်အာရှရဲ့ တောရိုင်းတိရစ္ဆာန် မှောင်ခိုကုန်သွယ်မှု ၉၀ ရာခိုင်နှုန်းခန့်ဟာ တရုတ်နိုင်ငံသားတွေ နဲ့ ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။
ကမ္ဘောဒီးယားမှာရှိတဲ့ တောရိုင်းတိရစ္ဆာန်မှောင်ခိုကူးသန်းမှုတွေဟာ အများအားဖြင့် နယ်စပ်ဒေသ တွေကို အသုံးချ လည်ပတ်နေတာဖြစ်ပြီး၊ အထူးသဖြင့် လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေနဲ့ နီးစပ်တဲ့ အရှေ့မြောက်ပိုင်း မွန်ဒူလ်ကီရီပြည်နယ် နဲ့ ရတနကီရီပြည်နယ်တွေဟာ သစ်တောကျယ်ဝန်းမှုနဲ့ နယ်စပ်ဖြတ်ကျော် လမ်းကြောင်းတွေရှိတာကြောင့် မှောင်ခိုကွန်ရက်တွေအတွက် အသုံးချလွယ်တဲ့ ဒေသတွေ ဖြစ်နေပါတယ်။
ကမ္ဘောဒီးယားရဲ့ အနောက်တောင်ပိုင်းက ကာဒမန်တောင်တန်းဒေသကတော့ အရင်က တောကျားတွေ နေထိုင်ခဲ့တဲ့ အရေးကြီးတဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေတစ်ခု ဖြစ်ပြီး လက်ရှိမှာလည်း ဒီဒေသကို အိန္ဒိယနိုင်ငံက ဘင်ဂေါလ် (Bengal)ကျားတွေကို ပြန်လည်ထည့်သွင်းဖို့ သတ်မှတ်ထားပါတယ်။
ဒါပေမယ့် လက်ရှိအခြေအနေမှာ ကမ္ဘောဒီးယားရဲ့ တောကျားပြန်လည်ထည့်သွင်းရေးအစီအစဉ်အပေါ် ကျားထိန်းသိမ်းရေးပညာရှင်တွေကြား စိုးရိမ်မှုတွေ ရှိနေပါတယ်။ ယူကေအခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအဖွဲ့ Environmental Investigation Agency (EIA) မှ ဒက်ဘီဘန့်စ် (Debbie Banks) က အကျင့်ပျက်ခြစားမှုတွေ၊ တရားဥပဒေစိုးမိုးမှု အားနည်းချက်တွေနဲ့ တောရိုင်းတိရစ္ဆာန်မှောင်ခိုကွန်ရက်တွေ ရှိနေတဲ့ အခြေအနေမှာ ကျားတွေကို တောထဲ ပြန်လည် လွှတ်ပေးမယ်ဆိုရင် သူတို့အတွက် အန္တရာယ်ကြီးမားနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
ELI အပါအဝင် ကျွမ်းကျင်သူများကတော့ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် လေဆိပ်တွေမှာ စစ်ဆေး တွေ့ရှိတဲ့ အနည်းငယ်သော ပမာဏကိုသာ ဖမ်းဆီးတာ၊ ဒါမှမဟုတ် အောက်ခြေအဆင့်က မှောင်ခိုသမားတွေကိုပဲ ဖမ်းဆီးတာမျိုးနဲ့ မလုံလောက်ဘူးလို့ ပြောပါတယ်။
ရာဇဝတ်ကွန်ရက်တွေကို အမှန်တကယ် ဖြိုခွင်းနိုင်ဘို့ဆိုတာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတွေရဲ့ နိုင်ငံရေးဆန္ဒ၊ ဥပဒေစိုးမိုးရေး ထိရောက်မှု၊ ကွန်ရက်တွေရဲ့ နောက်ကွယ်မှာရှိတဲ့ ငွေကြေး ထောက်ပံ့သူတွေ၊ အဓိကခေါင်းဆောင်တွေနဲ့ အကျိုးအမြတ်ရရှိနေသူတွေကို ဖော်ထုတ်ပြီး အဆင့်မြင့် ရာဇဝတ်ကွန်ရက်တစ်ခုလုံးကို ပစ်မှတ်ထား စုံစမ်းအရေးယူနိုင်စွမ်းအပေါ် မူတည်နေကြောင်း သုံးသပ်ထားပါတယ်။
ဒါ့အပြင်တရုတ်နိုင်ငံရဲ့အခန်းကဏ္ဍကလည်း အရေးကြီးကြောင်း၊ တရုတ်နိုင်ငံအနေနဲ့ ၎င်းတို့နိုင်ငံသား ရာဇဝတ်ကွန်ယက်တွေကို ထိရောက်စွာ အရေးယူရန်၊ အွန်လိုင်းငွေလိမ်ဂိုဏ်တွေကို ပိုင်ဆိုင်သူများအား နှိမ်နင်းရန်နဲ့ မျိုးသုဉ်းအန္တရာယ်ရှိ တိရစ္ဆာန်ထွက်ပစ္စည်းများအပေါ် ပြည်တွင်းဝယ်လိုအားကို လျှော့ချရန်တို့လိုအပ်ကြောင်းတိုက်တွန်းထားပါတယ်။
အမှန်တော့ ကျားတွေဟာ တောတောင်တွေထဲက အင်အားနဲ့ ဂုဏ်သိက္ခာကို ကိုယ်စားပြုတဲ့ သားရဲတွေ ဖြစ်ပြီး သူတို့ဟာ ကိုယ်ပိုင်နယ်မြေကို တန်ဖိုးထားတတ်သလို လွတ်လပ်မှုကို နှစ်သက်ကြပါတယ်။ မိသားစုနဲ့ ချစ်ခင်စွာ အတူနေထိုင်လေ့ရှိပြီး သားသမီးတွေကို ကာကွယ်စောင့်ရှောက်တဲ့ သတ္တဝါ တွေလည်း ဖြစ်ပါတယ်။သူတို့ဟာသတ်ဖြတ်စားသောက်ကြဘို့ ပိတ်လှောင်ပြီး ရောင်းချရမယ့် ကုန်ပစ္စည်းတွေမဟုတ်ပါဘူး။
ဆင်၊ ကြံ့နဲ့ အခြားတောရိုင်းတိရစ္ဆာန်များလည်း အလားတူပါပဲ၊ ကမ္ဘာ့သဘာဝအမွေအနှစ်အဖြစ် ကာကွယ်စောင့်ရှောက်ရမယ့် သတ္တဝါတွေသာ ဖြစ်ပါတယ်။
တစ်ချိန်ကအာရှတခွင်မှာသဘာဝအလျောက် ကျယ်ပြန့်စွာ နေထိုင်ခဲ့ကြတဲ့ ဒီတောရိုင်းတိရစ္ဆာန် တွေဟာ ယနေ့မှာတော့ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။ သူတို့ကို ကာကွယ်စောင့်ရှောက်ဖို့ ဆိုတာသဘာဝတောတောင်တွေကိုသာ ထိန်းသိမ်းရုံနဲ့ မလုံလောက်တော့ဘဲ၊ လူသားတွေရဲ့ လောဘနဲ့ လည်ပတ်နေတဲ့ တရားမဝင် တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှုကွန်ရက်တွေကို ထိရောက်စွာ ဖြိုခွင်နိုင်မှသာဒီတောရိုင်းတိရစ္ဆာန်တွေရဲ့အနာဂတ်ကိုအမှန်တကယ်ကာကွယ်နိုင်မှာဖြစ်ပါတယ်။
ကိုးကား-
– Mongabay
– Earth League International (ELI) Operation
-Sandokan Report, 2026
















































