– ခါကာဘို ရေးသားသည်။
စစ်ပွဲတစ်ပွဲရဲ့ အဆုံးအဖြတ်ကို ကျည်ဆန်တွေကချည်းပဲ ဆုံးဖြတ်တာ မဟုတ်ပါဘူး။ အခြေအနေတစ်ခုအချိန်တစ်ခုကို ရောက်လာရင် စစ်ပွဲက မပြီးသေးပေမယ့် သံတမန်ရေးနဲ့ နိုင်ငံတကာရဲ့ မဟာဗျူဟာ တွက်ချက်မှုတွေက စစ်မြေပြင်နဲ့အပြိုင် အရေးပါလာတတ်ပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်ရဲ့ အခြေအနေ ကလည်း အဲဒီလို အချိုးအကွေ့ တစ်ခုကို ရောက်လာနေပါပြီ။
စစ်တွေမြို့ကို ဝိုင်းရံထားတဲ့ ရခိုင်တပ်တော် (AA) ရဲ့ ထိုးစစ်က မြေပြင်တိုက်ပွဲတစ်ခုတည်း မဟုတ်တော့ပါဘူး။ အဲဒီထိုးစစ်က အိမ်နီးချင်းအင်အားကြီးတွေ ဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာ့တော်လှန်ရေး အင်အားစုတွေကိုပါ AA ခေါင်းဆောင်ပိုင်းဆီ မျက်စိကျလာစေတဲ့ သံတမန်ရေး အလှည့်အပြောင်း တစ်ခု ဖြစ်လာနေပါတယ်။
တစ်နည်းအားဖြင့် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဦးဆောင်မှုအောက်မှာ AA ဟာ စစ်ရေးဗျူဟာအရရော၊ ရခိုင်လူထုရဲ့ ယုံကြည်မှုအရပါ သိသာတဲ့ အောင်မြင်မှုတွေကို တဖြည်းဖြည်း တည်ဆောက် လာနိုင်ခဲ့ပါတယ်။ ပြည်သူတွေရဲ့ ဝမ်းသာအားရ ထောက်ခံမှုတွေနဲ့အတူ တော်လှန်ရေးအင်အားစုတွေ ကြားမှာလည်း အာရုံစိုက်ခံလာရတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်လာသလို၊ ရခိုင်တစ်ပြည်လုံး အတိုင်းအတာနဲ့ စည်းလုံးမှုကိုပါ ပြသနိုင်တဲ့ အနေအထားတစ်ခုကို ရောက်လာနေပါတယ်။

Public Service Announcement
ဒီနေ့အချိန်ကတော့AAအတွက်စစ်ရေးအောင်မြင်မှုတင်မကဘဲ နိုင်ငံတကာနဲ့ တာဝန်ယူမှုရှိရှိ ဆက်ဆံနိုင်တဲ့ အဖွဲ့အစည်းတစ်ခုပါဖြစ်ကြောင်း လက်တွေ့ သက်သေပြရမယ့် အချိန်လို့ ဆိုနိုင်ပါတယ်။
“စစ်တပ်ကောင်းတစ်ခု ဖြစ်ရုံဖြင့် သာမက အုပ်ချုပ်နိုင်စွမ်းရှိသည့် အဖွဲ့အစည်းကောင်းတစ်ခုလည်း ဖြစ်ကြောင်း သက်သေပြရမည့် သမိုင်းဝင်အခိုက်အတန့် ဖြစ်ပါတယ်”
ပြင်သစ်အခြေစိုက် နိုင်ငံခြားရေး၊ လုံခြုံရေးနဲ့ပထဝီနိုင်ငံရေးကိုအထူးပြုဖော်ပြတဲ့ ထောက်လှမ်းရေး သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Intelligence Online ရဲ့ သတင်းတစ်ပုဒ်မှာဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယနဲ့ မြန်မာ့အတိုက်အခံ အင်အားစုတွေဟာ ရခိုင်တပ်တော် (AA) ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြင့်နိုင်ကို အသီးသီး ချဉ်းကပ်ဆက်ဆံနေကြတယ်လို့ ဆိုပါတယ်။ အကြောင်းရင်းက ရိုးရှင်းပါတယ်။ စစ်တွေမြို့ကို AA ထိုးစစ်က ဝိုင်းရံတိုက်ခိုက်နေတဲ့ အခြေအနေမှာ ဒေသတွင်း အင်အားစုအားလုံးက ဖြစ်လာနိုင်တဲ့ အပြောင်းအလဲအတွက်ကြိုတင်ပြင်ဆင်နေကြတာပါ။
ဒီသတင်းရဲ့ အရေးကြီးဆုံး အချက်က “နိုင်ငံရေး” ပါ။
AA ဟာ အရင်ကလို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့အဖြစ်သာ သဘောထားခံရတဲ့ အဆင့်ကို ကျော်လွန်ခဲ့ပြီး ရခိုင်ဒေသရဲ့ အနာဂတ်ကို လက်တွေ့သက်ရောက်နိုင်တဲ့ ရခိုင်တို့ရဲ့အင်အားအဖြစ် အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်း အင်အားကြီးနိုင်ငံတွေက စတင် တွက်ချက်လာနေတယ် ဆိုတဲ့ သဘောပါပဲ။
ဒါဟာ ရခိုင်သမိုင်းမှာ ရှားပါးတဲ့ အခွင့်အရေးတစ်ခု ဖြစ်နိုင်ပါတယ်။ဒါပေမယ့် အခွင့်အရေးကြီးလေ စမ်းသပ်မှုကြီးလေပါပဲ။
တရုတ်ကAAကိုစိတ်ဝင်စားတာဟာ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း၊ ခေတ်သစ် ပိုးလမ်းမစီမံကိန်း (Belt and Road) တွေ လုံခြုံဖို့ပါ။ ရခိုင်ဟာ တရုတ်ရဲ့ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ဖြစ်နေလို့ပါ။
အိန္ဒိယကလည်း ဒီဒေသကို စိတ်ဝင်စားတာ ဒီမိုကရေစီအတွက် မဟုတ်ပါဘူး။ ကုလားတန် ရေကြောင်း-ကုန်းကြောင်း ပေါင်းစပ် သယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan Multi-Modal Transit Transport Project) ဟာ အိန္ဒိယရဲ့ အရှေ့မြောက်ပြည်နယ်တွေနဲ့ ပင်လယ်ကို ဆက်သွယ်ပေးမယ့် မဟာဗျူဟာစီမံကိန်း ဖြစ်နေလို့ပါ။ စစ်တွေဆိပ်ကမ်းဟာ အဲဒီစီမံကိန်းရဲ့ အရေးကြီးဆုံး အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်အတွက်တော့ ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်း၊ နယ်စပ်လုံခြုံရေး၊ တရားမဝင် ကုန်ကူးမှုနဲ့ ကုန်သွယ်ရေးတို့ဟာ အဓိက စိုးရိမ်စရာတွေ ဖြစ်ပါတယ်။ ရခိုင်မှာ ဘယ်သူက အာဏာရ လာမလဲဆိုတာက သူတို့ရဲ့အမျိုးသားလုံခြုံရေးနဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။
NUG နဲ့ မြန်မာ့တော်လှန်ရေးအင်အားစုတွေအတွက်တော့ AA ဟာ ဖက်ဒရယ်မြန်မာနိုင်ငံသစ်ရဲ့ အနာဂတ်ပုံစံမှာဘယ်လို နေရာယူမလဲဆိုတာ အရေးကြီးပါတယ်။AA နဲ့ ဆက်ဆံရေးက အနာဂတ် နိုင်ငံရေးညှိနှိုင်းမှုတွေအတွက် အဓိကသော့ချက် ဖြစ်လာနိုင်ပါတယ်။
ဒီလိုအချိန်မှာ ဒီအချက်တွေက AA ရေးဆွဲမဲ့ အကောင်းဆုံး မဟာဗျူဟာကို ပိုရှင်းလင်းလာစေမယ်လို့ ယုံကြည်ပါတယ်။
ပထမဆုံးက – အချိန်တိုအကျိုးအမြတ်အတွက် နိုင်ငံတစ်နိုင်ငံတည်းအပေါ် အလွန်အကျွံ မှီခိုသွားတာမျိုး မဟုတ်တဲ့ ဘက်မရွေးတဲ့ သံတမန်ရေး ဖြစ်ပါတယ်။ တရုတ်ကိုပဲ အားကိုးတာ၊ ဒါမှမဟုတ် အိန္ဒိယကိုပဲ ယုံတာဟာ ရေရှည်မှာ ရခိုင်ရဲ့လွတ်လပ်တဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို အားနည်းသွား စေနိုင်ပါတယ်။
နိုင်ငံအားလုံးနဲ့ ဆက်ဆံနိုင်ပေမယ့်ဘယ်နိုင်ငံရဲ့ သြဇာခံမှ မဖြစ်တဲ့ မူဝါဒကသာ ရခိုင်ရဲ့ တန်ဖိုးကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒုတိယက – စစ်ရေးအောင်မြင်မှုကို နိုင်ငံရေးအောင်မြင်မှုအဖြစ် ပြောင်းနိုင်ဖို့ပါ။
ဒီနေ့ AA ကို နယ်ပယ်အားလုံးက စောင့်ကြည့်နေတာ တိုက်ပွဲနိုင်မနိုင်တခုတင် မကတော့ပါဘူး။
အောင်မြင်မှုတွေကြောင့် တစ်ဖက်သတ်ယုံကြည်မှုတွေ ကြီးထွားလာတာမျိုး၊ မဟာမိတ် တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံရေးဆွေးနွေးမှုတွေကို လျစ်လျူရှုသွာမလား ဆိုတာမျိုးတွေလည်း ပါပါတယ်။ နယ်မြေကို ဘယ်လို အုပ်ချုပ်မလဲ၊ တရားဥပဒေ ဘယ်လိုစိုးမိုးမလဲ၊ လူနည်းစုတွေရဲ့ အခွင့်အရေးကို ဘယ်လိုကာကွယ်မလဲ၊ အရပ်သားတွေကို ဘယ်လောက်အထိ အကာအကွယ် ပေးနိုင်မလဲ ဆိုတာကိုလည်း စိတ်ဝင်စားနေကြပါတယ်။
တတိယက နိုင်ငံတကာယုံကြည်မှုကို မဆုံးရှုံးစေဖို့ပါ။တစ်ဖက်မှာလည်း နိုင်ငံရေးထောင်ချောက် အဖြစ် ပြောင်းလဲသွားနိုင်တဲ့ အန္တရာယ်ရှိတဲ့ ရိုဟင်ဂျာအရေးဟာ စစ်ရေးထက်ပိုပြီး နိုင်ငံတကာအမြင်နဲ့ သံတမန်ရေးကို တိုက်ရိုက်သက်ရောက်နိုင်တဲ့ အကြောင်းအရာဖြစ်ပါတယ်။
အဲဒီအခြေအနေမှာ အရေးကြီးတာက မဟာဗျူဟာအမြင်နဲ့ ပါးနပ်စွာဆက်လက် ကိုင်တွယ်နိုင်ဖို့ပါ။ လူသားချင်းစာနာမှုစံနှုန်းတွေကို လက်တွေ့လိုက်နာပြတာကသာ နိုင်ငံတကာယုံကြည်မှုကို တည်ဆောက် ပေးနိုင်ပါတယ်။
ရခိုင်ဟာ ယခုအချိန်မှာ အခွင့်အရေးတစ်ခုရဲ့ တံခါးဝကို ရောက်နေတယ်လို့ ခံစားရစေပါတယ်။ ဒီလိုအချိန်မျိုးမှာ ဝမ်းသာစရာတွေရှိသလို၊ အထူးသတိထားရမယ့် အချက်တွေလည်း ပိုများ လာပါတယ်။
ဒီနေ့ ကမ္ဘာကြီးကAA ကိုချဉ်းကပ်နေတဲ့အခြေအနေဟာ သာမန် သံတမန်ရေးသတင်း မဟုတ်ပါဘူး။ ရခိုင်ရဲ့ အနာဂတ်ကို ကိုယ်တိုင်ရေးခွင့် ရလာနိုင်တဲ့ သမိုင်းဝင်အခိုက်အတန့်တစ်ခု ဖြစ်နိုင်ပါတယ်။ အဲဒီအခွင့်အရေးကို အမြော်အမြင်၊ သည်းခံမှုနဲ့ မဟာဗျူဟာကျကျ အသုံးချနိုင်မယ်ဆိုရင် နောင်နှစ်ပေါင်းများစွာရခိုင်ရဲ့ကံကြမ္မာဟာ အကောင်းဆုံးလမ်းကြောင်းပေါ်မှာ ကိုယ်တိုင်ရေးသားနိုင်တဲ့ သမိုင်းအသစ်တစ်ခုအဖြစ် ပြောင်းလဲသွားနိုင်ပါလိမ့်မယ်။
ကိုးကား -Intelligence Online

















































