အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။
အီရန်အပေါ် အမေရိကန်က အကြီးအစား စစ်ဆင်တိုက်ခိုက်မှုတွေ နောက်တစ်ကျော့ လုပ်ဆောင်လာနိုင်တယ်ဆိုတဲ့ သဘောမျိုး ထရမ့်က ခြိမ်းခြောက်ခဲ့ဖူးပေမယ့် အခုတော့ ဆွေးနွေးမှု လမ်းကြောင်းဆီ ဦးတည်တဲ့ မှတ်ချက်မျိုး ပြောလာပြန်တာ ဖြစ်ပါတယ်။
ထရမ့်က အင်မတန် ကြီးမားတဲ့ တိုက်ခိုက်မှုကြီးလို့ သူရည်ညွှန်းထားတဲ့ အစီအမံကိုလည်း ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။ အီရန်ဟာ အဲဒီ တိုက်ခိုက်မယ့် အစီအစဉ်ရဲ့ သက်ရောက်နိုင်စွမ်းကို ကောင်းကောင်း သဘောပေါက်ကြောင်း၊ အဲဒီ တိုက်ခိုက်မှုကို ဘယ်လို စုစည်း ပြင်ဆင်နေသလဲ ဆိုတာကို အီရန်က တွေ့မြင်ထားကြောင်း ထရမ့်က ဩဂုတ် ၂ ရက်နေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အခုဆိုရင် အမေရိကန်ဟာ အီရန်နဲ့ ဆွေးနွေးမယ့် ကိစ္စတွေအတွက် ပြန်လည် စကားပြောနေပြီး ဆွေးနွေးမှုတွေက မနက်ဖြန် နေ့လယ်ခင်းလောက်မှာ စတင်နိုင်ဖို့ မျှော်လင့်ကြောင်း ထရမ့်က သမ္မတ စီးတော်လေယာဉ် Air Force Oneပေါ်မှာ ပြောဆိုသွားပါတယ်။

Public Service Announcement
ဆွေးနွေးမယ့် ကိစ္စအတွက် သဘောတူညီမှုတစ်ခု ကနဦး ညှိယူလို့ ရခဲ့တဲ့နောက် အီရန်ကိုရော၊ အရှေ့အလယ်ပိုင်း ဒေသတွင်းမှာရှိတဲ့ အမေရိကန် မဟာမိတ်တွေကိုပါ တိုက်ခိုက်မှုတွေ ရပ်ထားဖို့ သူက တောင်းဆိုထားကြောင်းလည်း အစောပိုင်းမှာ ထရမ့်က လူမှုကွန်ရက်မီဒီယာပေါ် ရေးသားထားခဲ့ပါတယ်။
ထရမ့်ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အီရန်ဖက်ကတော့ သဘောထားမှတ်ချက် မပေးသေးပါဘူး။ ဖေဖော်ဝါရီ လကုန်ပိုင်းက စတင်ခဲ့တဲ့ အီရန်စစ်ပွဲကို အဆုံးသတ်ဖို့ နီးကပ်နေပြီလို့ ထရမ့်က ခဏခဏ ပြောခဲ့ဖူးပြီး အဲဒီနောက်ပိုင်းမှာတော့ အပြန်အလှန် တိုက်ခိုက်မှုတွေ ပြန်လည် စတင်လာလေ့ ရှိတာကြောင့် အခုထိတော့ စစ်ပြေငြိမ်းရေးကိစ္စ မနီးစပ်သေးပါဘူး။
Air Force Oneပေါ်မှာ သတင်းထောက်တွေက အီရန်နဲ့ သဘောတူညီမှု တစ်ခုခု ဘယ်အချိန်လောက်မှာ ရနိုင်မလဲလို့ မေးတဲ့အခါ ထရမ့်က ရက်အတိအကျ မှတ်ချက်ပေးဖို့ ငြင်းဆန်သွားခဲ့ပါတယ်။ အခြေအနေကို စောင့်ကြည့်ရမှာ ဖြစ်ကြောင်း၊ အဆင်မပြေရင်လည်း အီရန်ကို ဘယ်အချိန်မှာဖြစ်ဖြစ် တိုက်ခိုက်လို့ ရကြောင်း၊ ဒါပေမဲ့ သူက လူတွေကို သတ်ဖြတ်ဖို့ စိတ်ထက်သန်နေတာတော့ မဟုတ်ကြောင်း ထရမ့်က ပြန်ပြောပါတယ်။
မူလက ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အီရန်ကို အကြီးအကျယ် တိုက်ခိုက်ဖို့ ပြင်ဆင်ထားခဲ့ပေမယ့် လက်တွေ့ မလုပ်ဆောင်ဖို့ ဆော်ဒီအာရေးဘီးယား၊ ကာတာနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) အစိုးရတွေကပါ ဝိုင်းဝန်း တိုက်တွန်းခဲ့ကြောင်း ထရမ့်က အတည်ပြုခဲ့ပါတယ်။
ဟောမုဇ် ရေလက်ကြားမှာ လွတ်လပ်စွာ ခုတ်မောင်းသွားလာခွင့်နဲ့ အီရန်က နျူကလီးယားလက်နက် လုံးဝ ပိုင်ဆိုင်ခွင့် မရှိရေး ကတိကဝတ်တွေဟာ ဆွေးနွေးမှုတိုင်းမှာ အဓိက အကြောင်းအရာတွေ အမြဲတမ်း ဖြစ်နေလိမ့်မယ်လို့လည်း ထရမ့်က ဆိုပါတယ်။
အီရန်ကို အကြီးစား တိုက်ခိုက်မယ့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း ထရမ့်က ကြေညာခဲ့တဲ့နောက် နိုင်ငံတကာ ရေနံစျေးနှုန်းကလည်း ကျရိပ်ပြန်ပြလာကြောင်း သိရပါတယ်။
ကိုးကား: BBC


















































