ခါကာဘို ရေးသားသည်။
“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”
နယ်လ်ဆင်မန်ဒဲလားရဲ့ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ “လွတ်လပ်ရေးဆီသို့ ရှည်လျားသောခရီး Long Walk to Freedom 1994” မှာ ၎င်းက ခုလိုဆိုခဲ့ပါတယ်။
တောင်အာဖရိကရဲ့ လူမျိုးခွဲခြားအုပ်ချုပ်ရေးစနစ် (Apartheid) ကို ဆန့်ကျင်ခဲ့သည့် နယ်လ်ဆင် မန်ဒဲလား (Nelson Mandela) ဟာ ၁၉၆၂ ခုနှစ်မှာ ဖမ်းဆီးခံရပြီး၊ ၁၉၆၄ ခုနှစ်မှာ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ထောင်ထဲတွင် ၂၇ နှစ်နီးပါးနေခဲ့ရပေမယ့် လူအများထင်သလို “ဘယ်သူနဲ့မှ လုံးဝမတွေ့ရဘဲ ၂၇ နှစ်နေခဲ့ရတာတော့” မဟုတ်ပါ။

Public Service Announcement
အမှန်တကယ်ကမန်ဒဲလားဟာအလွန်တင်းကျပ်တဲ့ ထောင်စည်းမျဉ်းအောက်မှာ နေခဲ့ရပေမယ့် ပြင်ပကမ္ဘာနဲ့ လုံးဝအဆက်ဖြတ်ခံထားရတာတော့ မဟုတ်ခဲ့ပါဘူး။
ရော့ဘင်ကျွန်းထောင်မှာရှိခဲ့တဲ့ အစောပိုင်းနှစ်တွေ၊ အထူးသဖြင့် ၁၉၆၄ ကနေ ၁၉၇၀ ပြည့်လွန်နှစ်များ အထိကတော့ အခက်ခဲဆုံးအချိန်တွေပါ။ ထိုကာလမှာတောင် မိသားစုနဲ့ တွေ့ခွင့် ခြောက်လလျှင် တစ်ကြိမ်၊ မိနစ် ၃၀ ခန့် ရရှိနေခဲ့ပါတယ်။ စာရေးခွင့်၊ စာလက်ခံခွင့်လည်း ခြောက်လလျှင် တစ်စောင် ရရှိခဲ့ရပါတယ်။သူ့ရဲ့ ရှေ့နေတွေနဲ့လည်း ဥပဒေရေးရာကိစ္စတွေအတွက် တွေ့ဆုံခွင့်ရခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ ဖိအားတွေ မြင့်တက်လာတဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေထဲ ရောက်လာချိန်မှာတော့ လူသားချင်းစာနာထောက်ထားရေးအဖွဲ့ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က တောင်အာဖရိကရှိ အကျဉ်းထောင်တွေကို ဝင်ရောက်လေ့လာနိုင်လာခဲ့သလို မန်ဒဲလားကိုလည်း ICRC ကိုယ်စားလှယ်တွေ လာရောက်တွေ့ဆုံခဲ့ကြပါတယ်။
ဒါတင်မက ဒက်စမွန် တူးတူး (Desmond Tutu) လို ဘာသာရေးခေါင်းဆောင်တွေ၊ ကွန်မွန်ဝဲလ် (Commonwealth) ရဲ့ အီမီနန့် ပတ်ဆန်စ် ဂရု (Eminent Persons Group) အထူးကိုယ်စားလှယ် အဖွဲ့ဝင်တွေ၊ အမေရိကန် ကွန်ဂရက်အမတ် စတီဖင် ဆိုလာ့ဇ် (Stephen Solarz)အပါအဝင်နိုင်ငံခြားရေးကိုယ်စားလှယ်တချို့၊ဒါ့အပြင်တောင်အာဖရိကတရားရေးဝန်ကြီးကိုဘီကိုအက်ဆီ(Kobie Coetsee) နဲ့ အစိုးရအရာရှိတွေကလည်း မန်ဒဲလားနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ ကြပါတယ်။ အဲဒီတွေ့ဆုံမှုတွေဟာ နောက်ပိုင်း အာပါတိုက် (Apartheid) စနစ်ကို ငြိမ်းချမ်းစွာ အဆုံးသတ်ဖို့ ဆွေးနွေးမှုတွေရဲ့ အစပြုခြင်းလည်း ဖြစ်လာခဲ့ပါတယ်။
အဲဒီလိုအခြေအနေတွေဟာ အနည်းဆုံးတော့ သူ့အခြေအနေကို ပြင်ပကမ္ဘာကသိနိုင်အောင် ခွင့်ပြုထားတဲ့လမ်းကြောင်းတွေဖြစ်ပါတယ်။
ဒီအချက်က ဒီနေ့ မြန်မာနိုင်ငံအခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ရင်အတော်လေးကွာခြားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရပြီး၊ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ ငါးနှစ်ခွဲကျော်နီးပါး ကာလအတွင်း မိသားစုဝင်တွေနဲ့ တိုက်ရိုက်တွေ့ဆုံခွင့် တစ်ကြိမ်တစ်ခါမှ မရခဲ့ပါဘူး။ သားဖြစ်သူ အပါအဝင် ဘယ်သူမှ သူမကို လူချင်းတွေ့ခွင့် မရခဲ့သလို၊သူမရဲ့နေထိုင်ရာနေရာ၊ကျန်းမာရေးအခြေအနေ၊ နေ့စဉ်ဘဝ အခြေအနေတွေကိုလည်း လွတ်လပ်စွာ သိခွင့်လုံးဝ မရခဲ့ကြပါဘူး။
အစောပိုင်းကာလမှာတော့ သူမရဲ့ ရှေ့နေတွေနဲ့ တရားရုံးထုတ်စဉ် တွေ့ဆုံနိုင်ခဲ့ပေမယ့် ၂၀၂၂ ခုနှစ်၊နှစ်လယ်ပိုင်းကစပြီးစစ်ကောင်စီက ရှေ့နေတွေကို အမှုနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုခွင့် ပိတ်ပင်ခဲ့သလို၊ နောက်ပိုင်းမှာလည်း တရားစီရင်မှုတွေ အဆုံးသတ်သွားပြီးနောက် ရှေ့နေတွေနဲ့ ပုံမှန်တွေ့ဆုံခွင့်ပါ မရှိတော့ဘဲ ယခုချိန်ထိ အဆက်အသွယ်ပြတ်တောက်နေခဲ့ပါတယ်။
ဒီလို မိသားစု၊ သူမရဲ့ရှေ့နေ၊ လွတ်လပ်တဲ့ လူသားချင်းစာနာထောက်ထားရေးအဖွဲ့အစည်းတွေနဲ့ ပုံမှန်တွေ့ဆုံခွင့် မရရှိခြင်း၊ အကျဉ်းထိန်းသိမ်းထားတဲ့ နေရာနဲ့ ကျန်း
မာရေးအခြေအနေကို ပွင့်လင်းမြင်သာစွာ မသိရှိရခြင်းတွေဟာ အကျဉ်းသားတွေရဲ့ ဂုဏ်သိက္ခာနဲ့ အခြေခံအခွင့်အရေးတွေကို ကာကွယ်ပေးထားတဲ့ ကုလသမဂ္ဂ (United Nations) ရဲ့ နယ်လ်ဆင် မန်ဒဲလား စည်းမျဉ်းများ (Nelson Mandela Rules) အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေက အလေးထားတဲ့ အခွင့်အရေးတွေနဲ့ မကိုက်ညီတဲ့ အခြေအနေတစ်ရပ်အဖြစ် လူ့အခွင့်အရေးအဖွဲ့အစည်းများက အကြိမ်ကြိမ် ပြင်းထန်စွာ သတိပေးထောက်ပြထားကြပါတယ်။
ဒါဟာ မြန်မာနိုင်ငံမှာတော့ ဒေါ်အောင်ဆန်းစုကြည်တင် မဟုတ်ဘဲ နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာရဲ့မိသားစုတွေဟာ ကိုယ်ချစ်ရသူ အသက်ရှင်နေသလား၊ ကျန်းမာသလား၊ ဆေးကုသမှုရသလား ဆိုတာတောင် မသေချာတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
အကျဉ်းထောင်အတွင်းကနေ သေဆုံးသွားကြောင်း ရုတ်တရက် သတင်းကြားရတာတွေ၊ လုံလောက်တဲ့ဆေးကုသခွင့်မရရှိခြင်းကြောင့် အသက်ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့ ဖြစ်ရပ်တွေ၊ မိသားစုဝင်တွေက ထောင်ဝင်စာ သွားရောက်ပို့ဆောင်စဉ်ထိုနိုင်ငံရေးအကျဉ်းသားကို သေဒဏ်စီရင်ပြီးဖြစ်ကြောင်းသာ သိရှိရပြီး ဝမ်းနည်းစွာ ပြန်လာခဲ့ရတဲ့ ဖြစ်ရပ်တွေဟာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အလွန်စိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေးချိုးဖောက်မှုများထဲကနာကျင်ဘွယ် အကျည်းတန်တဲ့ ဖြစ်ရပ်တွေဖြစ်ပါတယ်။
သာမန်အကျဉ်းသားတစ်ဦးပင်လျှင် လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ၊ မိသားစုနှင့် ဆက်သွယ်ပိုင်ခွင့်၊ လူသားတစ်ယောက်အနေနဲ့ ရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေးတွေကို လုံးဝဖျက်သိမ်းလို့ မရပါဘူး။သာမန်အကျဉ်းသားတစ်ယောက်တောင် ဒီလိုအခွင့်အရေးတွေ ရသင့်တယ်ဆိုရင်၊ ဒေါ်အောင်ဆန်းစုကြည်ဟာနိုင်ငံတကာကအသိအမှတ်ပြုလေးစားတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် တစ်ဦးဖြစ်သကဲ့သို့၊ ယနေ့မြန်မာနိုင်ငံ၏ အထင်ရှားဆုံး နိုင်ငံရေးအကျဉ်းသားများထဲမှ တစ်ဦးလည်း ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့မှာတော့ ICRC ကိုယ်စားလှယ်တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးအကြိမ်သွားရောက်တွေ့ဆုံခဲ့ကြောင်း ICRC ကိုယ်တိုင် ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ နှစ်ပေါင်းများစွာအတွင်း ပထမဆုံး လူသိရှင်ကြား အတည်ပြုထားတဲ့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားရေးအဖွဲ့ရဲ့ တွေ့ဆုံမှု ဖြစ်ပါတယ်။ ဒီသတင်းကြောင့် ပြည်သူတွေ ဝမ်းသာခဲ့ကြရပါတယ်။
ဒီလို ICRC ကို တွေ့ဆုံခွင့်ပေးလာတာဟာ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဩဂုတ်လ ၆ ရက်၊ ၇ ရက်နေ့ ထိုင်းနိုင်ငံခရီးစဉ် မတိုင်မီ ၃ ရက်အလိုမှာ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ထိုင်းအစိုးရက မင်းအောင်လှိုင်ကို တရားဝင်ခရီးစဉ်အဖြစ် ဖိတ်ခေါ်ခဲ့တာကြောင့် လူ့အခွင့်အရေးကို အလေးထားတဲ့ နိုင်ငံများနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများအကြား အလေးအနက်ထား ဝေဖန်ကန့်ကွက်မှုတွေ ထွက်ပေါ်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ Kim Aris (ကိုထိန်လင်း) က “အသက်ရှင်နေကြောင်း အတည်ပြုချက် (Proof of Life)” ရရှိရေး တောင်းဆိုမှုတွေနဲ့အတူ နိုင်ငံတကာ ခေါင်းဆောင်များ၊ သံတမန်များ၊ မြန်မာပြည်သူများနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းများက အပြင်းအထန် တောင်းဆိုနေကြတဲ့ ကာလလည်း ဖြစ်ပါတယ်။
ထိုင်းဘက်ကတော့ နယ်စပ်လုံခြုံရေး၊ မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ၊ မြစ်ရေညစ်ညမ်းမှုပြဿနာတွေလို နှစ်နိုင်ငံလုံးနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ကိစ္စတွေကို ဆွေးနွေးဖို့ လိုအပ်တယ်လို့ အကြောင်းပြထားပေမယ့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်တိုက်ကျူးလွန်နေပြီး နိုင်ငံတကာဝေဖန်မှုတွေ မြင့်တက်နေတဲ့ အာဏာသိမ်းစစ်အုပ်စုအတွက် နိုင်ငံတကာအလယ်မှာ တရားဝင်မှု (Legitimacy) ရရှိစေဖို့ အထောက်အကူဖြစ်စေနိုင်တဲ့ လုပ်ရပ်တစ်ခုအဖြစ် ကမ္ဘာက မြင်ကြပါတယ်။
နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ၊ မြန်မာ့ဒီမိုကရေစီအင်အားစုတွေ၊ ထိုင်းနိုင်ငံကအချို့လွှတ်တော်အမတ်တွေနဲ့ ထိုင်းကျောင်းသားလူငယ်အဖွဲ့တွေကလည်း ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအနာဂတ်၊ တာဝန်ခံမှုနဲ့ပတ်သက်ပြီးအရေးကြီးတဲ့ သက်ရောက်မှုရှိနိုင်တဲ့ ဖြစ်ရပ်တစ်ခု အဖြစ် ပြင်းပြင်းထန်ထန်ကန့်ကွက်နေကြတဲ့ အချိန်ဖြစ်ပါတယ်။
ဒီလို နိုင်ငံတကာ နဲ့ ပြည်တွင်းက ဖိအားများ မြင့်တက်လာနေတဲ့ အခြေအနေများကြောင့်ပဲ ICRC ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုလာခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ ICRC က ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့နိုင်ခဲ့တာဟာ အပြုသဘောဆောင်တဲ့ အဆင့်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိအခြေအနေနဲ့ ကျန်းမာရေးကို သီးခြားလွတ်လပ်စွာ အတည်ပြုနိုင်တဲ့ အချက်အလက်တွေ မရရှိသေးသလို၊ ငါးနှစ်ကျော်ကြာတဲ့အထိ မိသားစုနဲ့လည်း တိုက်ရိုက်တွေ့ဆုံခွင့်၊ ဆက်သွယ်ခွင့် မရသေးပါဘူး။
“တွေ့ဆုံမှုတစ်ကြိမ် ရှိခဲ့တယ်ဆိုတဲ့ သတင်းတစ်ခုတည်းက ကျွန်တော်တို့မိသားစု ငါးနှစ်ကျော်ကြာ ရင်ဆိုင်နေခဲ့ရတဲ့ မေးခွန်းတွေကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး” လို့ သားဖြစ်သူ ကိုထိန်လင်းက ပြောပါတယ်။
မှန်ပါတယ်။ တွေ့ဆုံခွင့်တစ်ကြိမ်ရရှိခြင်းဟာ လုံလောက်သော ဖြေရှင်းချက်မဟုတ်သလို၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများရဲ့ အခြေခံလူ့အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို အပြည့်အဝ အာမခံပေးနိုင်ခြင်း မရှိသေးသရွေ့၊ မတရားဖမ်းဆီးခံထားရတဲ့ ထောင်နံရံတွေနောက်ကွယ်က နိုင်ငံရေးအကျဉ်းသားတွေရှိနေသရွေ့ နောက်ဆုံးတစ်ယောက်အထိ သူတို့ရဲ့အသံတွေ မပျောက်ကွယ်စေဘို့နဲ့ သူတို့ရဲ့ အခွင့်အရေးတွေကို လေးစားကာကွယ်ပေးဘို့ မိသားစုဝင်များ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တောင်းဆိုသံတွေ ဆက်လက်ရှိနေဦးမှာ ဖြစ်ပါတယ်။ ။
ကိုးကား –
– ICRC ၏ မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်များနှင့် အကျဉ်းသားများဆိုင်ရာ လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းမှတ်တမ်းများ။
– Nelson Mandela: Long Walk to Freedom

















































