စက်တင်ဘာ ၁၃၊၂၀၂၆။ ဇေအောင်/People’s Spring
အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံတဝန်းက အကျဉ်းထောင် ၁၃ ခုမှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေဆီ ပေးပို့တဲ့ တရားဝင် ဈေးဘားသွင်းငွေတွေနဲ့ ထောင်ဝင်စာပါဆယ်တွေကို ထောင်အာဏာပိုင်တွေက နည်းလမ်းမျိုးစုံနဲ့ မတရား ငွေကြေးကောက်ခံတာ၊ ခေါင်းပုံဖြတ်တာ၊ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ဖြစ်ပွားနေတယ်လို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က အသိပေးပါတယ်။
တရားဝင်စျေးဘားကနေ ငွေသွင်းယူရာမှာ အကျဉ်းထောင်အာဏာပိုင်တွေက ငွေပမာဏပေါ်မူတည်ပြီး ၂ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ ဖြတ်ယူနေပြီး အိုးဘိုအကျဉ်းထောင်၊ မိတ္ထီလာအကျဉ်းထောင်နဲ့ တောင်ငူအကျဉ်းထောင်တွေဟာ မတရားငွေကြေး ကောက်ခံမှုနဲ့ခေါင်းပုံဖြတ်မှုတွေ အဆိုးရွားဆုံးဖြစ်ပေါ်နေကြောင်း PPNMက အသိပေးပါတယ်။

Public Service Announcement
အိုးဘို၊ မိတ္ထီလာ၊ တောင်ငူ၊ ကျိုက်မရော၊ ဒိုက်ဦး၊ ပြည်၊ မြင်းခြံ၊ ရွှေဘိုနဲ့ ပေါင်းတည် အကျဉ်းထောင်တွေမှာ ထောင်ဝင်စာပါဆယ်ပေးပို့ရာမှာ သတ်မှတ်ပါဆယ်အိတ်တွေကို ၁,၅၀၀ ကျပ်ကနေ ၂,၀၀၀ ကျပ်အထိ မဖြစ်မနေ ဝယ်ယူစေတာ၊ ငွေရပြေစာဖိုးနဲ့ စာရွက်စာတမ်းကြေး ခေါင်းစဥ်တပ်ပြီး ၅၀၀ ကျပ်ကနေ ၁၅,၀၀၀ ကျပ်အထိ မတရားကောက်ခံတာတွေအပြင် မိသားစုဝင်မဟုတ်သူတွေပေးပို့ပါကလည်း အပိုဆောင်းငွေကြေးတောင်းခံတာတွေပြုလုပ်နေတယ်လို့ PPNM က ထပ်မံအသိပေးပါတယ်။
ဆေးဝါးပေးပို့မှု ကန့်သတ်ပိတ်ပင်ခံရမှု၊ ဆေးအပြည့်အဝ မရောက်ရှိတဲ့ ဖြစ်စဉ်တွေမှာ အိုးဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေဆီ ဆေးဝါးပါဆယ်တွေ ရောက်ရှိရန် ကြန့်ကြာမှုတွေ အဆိုးရွားဆုံးဖြစ်ပွားနေပြီး ဒိုက်ဦးအကျဉ်းထောင်၊ မိတ္ထီလာအကျဉ်းထောင်နဲ့ မြစ်ကြီးနားအကျဉ်းထောင်တွေမှာ လိုအပ်တဲ့ ဆေးဝါးတွေ ပေးပို့ရာမှာ ပိတ်ပင်တားဆီးထားလို့ သွင်းမရတာ၊ ပေးပို့တဲ့ ဆေးဝါးတွေ ပြည့်စုံစွာ ရောက်ရှိတာမျိုး မရှိဘဲ ၅ ကတ်သွင်းရင် ၃ ကတ်၊ ၁၀ ကတ်သွင်းရင် ၇ ကတ်သာ ရောက်တာမျိုး စတဲ့ ရည်ရွယ်ချက်ရှိရှိ ပိတ်ပင်ဖြတ်တောက်နေတယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အကျဥ်းထောင်ထဲ ဆေးဝါးတွေ အချိန်မီမရောက်တဲ့အတွက် နိုင်ငံရေးအကျဥ်းသားတွေဟာ ဆေးသောက်နောက်ကျလို့ဖြစ်ပွားမယ့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်နေရကြောင်း၊ ဒါ့အပြင် မိသားစုဝင်တွေမှာလည်း အကျပ်အတည်းတွေ ကြားကနေ ခက်ခက်ခဲခဲ ပို့ပေးနေရကြောင်း PPNM ရဲ့ သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ မရောင်နီလင်းက ပြောပါတယ်။
“အခုလက်ရှိ စီးပွားရေးအခြေအနေနဲ့ ကုန်စျေးနှုန်းကြောင့် တစ်လကိုတစ်ခါ အလျဥ်မီအောင် ပို့နေကြသူတွေရှိတယ်။ တချို့ဆို သုံးလတစ်ခါ၊ နှစ်လတစ်ခါ ပို့ရတဲ့အခြေအနေရှိတယ်။ တခါတလေမှ သွားပို့ရမယ့်အချိန်မှာ ဆေးကလည်းမရောက်၊ ပါဆယ်ကလည်း တချို့ဟာတွေ အဖြတ်ခံရမလားဆိုတဲ့စိတ်အတွေးမျိုးတွေရှိတယ်။”လို့ မရောင်နီလင်းက ပြောပါတယ်။
ဒါ့ကြောင့် အကျဉ်းထောင် (၁၃) ခုရှိ တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေအပေါ် နည်းလမ်းမျိုးစုံနဲ့ မတရားခေါင်းပုံဖြတ် ငွေကြေးကောက်ခံနေမှုတွေ၊ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်မှုတွေကို PPNM အနေနဲ့ပြင်းထန်စွာ ထောက်ပြကန့်ကွက်ကြောင်းနဲ့ ဖြစ်စဉ်တွေကို ဆက်လက် မှတ်တမ်းတင် ထုတ်ဖော်သွားမှာဖြစ်ကြောင်း၊ ကျန်တဲ့ အကျဉ်းထောင်တွေကိုလည်း ဆက်လက်စောင့်ကြည့်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က အသိပေးထားပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေအပေါ်မတရားငွေကြေးကောက်ခံမှုနဲ့ ဖိနှိပ်မှုတွေအတွက် တာဝန်ရှိသူ အကျဉ်းထောင် (၁၃) ခုက ထောင်အာဏာပိုင် (ထောင်ပိုင်)တွေစာရင်းကို PPNMက အောက်ပါအတိုင်း ပူးတွဲထုတ်ပြန်ထားပါတယ်။

















































