စက်တင်ဘာ-၁၈၊၂၀၂၆။တေဇ/People’s Spring
မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။
“ကျွန်တော်နဲ့အတူ ရပ်တည်ပေးပါ။ မေမေရဲ့နာမည်ကို ပြောပါ။မေမေ့အကြောင်းကို မျှဝေပါ။ မေမေ့ လွတ်လပ်ခွင့်အတွက် တောင်းဆိုပါ။” လို့ ကင်မ်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားတာပါ။
ကင်မ်က မိခင်ဖြစ်သူအသက်ရှင်ကြောင်း တောင်းဆိုတဲ့ Proof Of Life ကမ်ပိန်းကို ပြုလုပ်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပက ပြည်သူတွေရဲ့ တောင်းဆိုမှုတွေကြောင့် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ICRC နဲ့ တွေ့ဆုံခွင့်ပေးခဲ့ရပါတယ်။

Public Service Announcement
အဲဒီနောက်မှာတော့ နောက်တဆင့်အနေနဲ့ မိခင်ဖြစ်သူ လွတ်မြောက်ရေး တောင်းဆိုတဲ့ Free Her ကမ်ပိန်းကို ဆက်လက်လုပ်ဆောင်နေတာဖြစ်ပါတယ်။
“ကျွန်တော့် မေမေ ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၈၁ နှစ်ရှိပါပြီ။ မေမေဟာ မိသားစုနဲ့ အဆက်အသွယ်ဖြတ်ခံထားရပြီး ဓားစာခံအဖြစ် ရှိနေဆဲပါ။ကျွန်တော် မေမေနဲ့ မတွေ့ရသေး၊ စကားပြောခွင့် မရသေးပါဘူး။မေမေရဲ့ ဘဝမှာ လွတ်လပ်ခွင့်ကို နှစ်ပေါင်းများစွာ လုယူခံထားနေရပါတယ်။မေမေ့ အချိန်တွေ အများကြီး ဆုံးရှုံးပြီးပါပြီ။
မေမေ့ကို လွှတ်ပေးဖို့ အချိန်တန်ပါပြီ။” လို့ ကင်မ်ကတောင်းဆိုထားပါတယ်။
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက မတရား ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်အထိ အကျဉ်းကျခံနေရတာ ၂၀၅၆ ရက် ပြည့်မြောက်ပြီဖြစ်ပါတယ်။


















































