အမေရိကန် လေယာဉ်တင် သင်္ဘောကြီး တစ်စီးပေါ်မှာ ရက်ပေါင်း ၂၅၀ ကျော်ဆက်တိုက် တာဝန်ထမ်းဆောင်ပြီးတဲ့နောက် ရေတပ်သားတွေထဲမှာ စိတ်ပိုင်းရုပ်ပိုင်း နွမ်းနယ်မှုတွေ စိုးရိမ်စရာ မြင့်တက်လာနေကြောင်း သိရပါတယ်။
USS Abraham Lincoln သင်္ဘောကြီးပေါ်က ထောင်နဲ့ချီတဲ့ ရေတပ်သားတွေဟာ ရိက္ခာလျော့ပါးလာတာ၊ အိမ်သာစနစ်တွေ ပျက်စီးတာ၊ အားအင်ကုန်ခန်း နွမ်းနယ်တာတွေနဲ့ ရုန်းကန်နေရကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ တချို့သော သင်္ဘောသား တချို့ဟာ စိတ်ဖိစီးလို့ လေယာဉ်တင် သင်္ဘောရဲ့ ကုန်းပတ်ပေါ်ကနေ ခုန်ချဖို့ထိ ကြံစည်တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေကြောင့် သက်ဆိုင်ရာ မိသားစုတွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်နေသလို အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး ပြတ်သားတဲ့ အဖြေတစ်ခုခု ရှာဖွေဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရအပေါ် အမေရိကန် လွှတ်တော် အမတ်တွေကလည်း ပိုမို ဖိအားပေးလာနေပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ကတော့ လေယာဉ်တင် သင်္ဘောပေါ်က အခြေအနေတွေအပေါ် စစ်ရေး သတင်းဌာနတွေက ဖော်ပြနေတာတွေဟာ လက်တွေ့နဲ့ လုံးဝ ခြားနားတယ်လို့ ပြောကြားထားပါတယ်။

Public Service Announcement
နျူကလီးယား စွမ်းအင်နဲ့ ခုတ်မောင်းတဲ့ လေယာဉ်တင် သင်္ဘောကြီးဟာ မနှစ်က နိုဝင်ဘာလတုန်းက ကယ်လီဖိုးနီးယား ဆိပ်ကမ်းကနေ ထွက်ခွာသွားပြီး တောင်တရုတ်ပင်လယ်ကို ရောက်ရှိခဲ့ပါတယ်။ အဲဒီနောက် အီရန်စစ်ပွဲ မစခင် ဖေဖော်ဝါရီ လထဲမှာ အရှေ့အလယ်ပိုင်းကို သွားရောက် ဖြန့်ကျက်ထားခဲ့ပါတယ်။
မူလတုန်းက USS Abraham Lincolnရဲ့ စစ်ဆင်ရေး ဖြန့်ကျက်မှုဟာ မေလကုန်မှာ အဆုံးသတ်ရမှာ ဖြစ်ပေမယ့် အကြိမ်ကြိမ် သက်တမ်း ထပ်တိုးထားခဲ့တာပါ။ ရေတပ်သားတွေလည်း အိမ်မပြန်ရသေးသလို ဘယ်နေ့မှာ အိမ်ပြန်ရမယ် ဆိုတာကိုလည်း မသိကြရသေးပါဘူး။ ဩဂုတ် ၁၃ ရက်နေ့မှာတော့ သတင်းဌာန တချို့က ရေတပ်ဟာ တခြား လေယာဉ်တင် သင်္ဘော တစ်စီးဖြစ်တဲ့ USS George Washingtonကို USS Abraham Lincolnနဲ့ တာဝန် လဲလှယ်စေဖို့ အဆောတလျင် လုပ်ဆောင်နေကြောင်း ဖော်ပြလာပါတယ်။
လွှတ်တော်ထဲမှာတော့ ကွန်နက်တီကတ်ပြည်နယ် အထက်လွှတ်တော်အမတ် ရစ်ချတ် ဘလူမန်သယ်လ်က လူ ၅၀၀၀ လောက် စီးနင်းလိုက်ပါသွားတဲ့ စစ်ရေယာဉ်ကြီးပေါ်က လက်ရှိ ကြုံနေတဲ့ အခက်အခဲတွေ စာရင်းကို တင်ပြခဲ့ပါတယ်။ ဟက်ဂ်ဆက်သ်ဆီ လိပ်မူပြီး မေးခွန်းထုတ်ထားတဲ့ စာထဲမှာတော့ အခြေခံ လူသုံးကုန်နဲ့ စားသောက်ကုန်တွေ ပြတ်လပ်တာ၊ ရေညစ်ညမ်းတာ၊ အိမ်သာပြဿနာတွေ၊ စိတ်ကျန်းမာရေး ထိခိုက်လာမှု၊ ကုန်းပတ်ပေါ်က လုံခြုံရေး ကိစ္စတွေ၊ ရေတပ်သားတွေဆီ မိသားစုက စာပို့ဆက်သွယ်ဖို့ ခက်ခဲတာတွေ ပါဝင်ခဲ့ပါတယ်။
လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေက ဒီကိစ္စအတွက် အရေးပေါ် တုံ့ပြန် ဆောင်ရွက်မှုတွေ ချက်ချင်း လိုအပ်နေပြီ ဆိုတာကို ညွှန်ပြနေကြောင်း ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု အမတ်က ပြောပါတယ်။ လဆန်းပိုင်းတုန်းက အဲဒီ လေယာဉ်တင် သင်္ဘောပေါ်ကနေ ရေတပ်သား တစ်ဦး ခုန်ချသွားလို့ ရဟတ်ယာဉ် တစ်စီးနဲ့ ဆယ်ယူခဲ့ရပြီး ဆေးရုံပို့ခဲ့ရကြောင်း သတင်းရင်းမြစ် နှစ်ခုကို ကိုးကားပြီး CBSက ဖော်ပြခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ်တွေကို ဆက်လက် စုံစမ်းနေဆဲပါ။
ဒါ့အပြင် မိသားစုဝင်တွေကလည်း ရေတပ်သားတွေက သင်္ဘောပေါ်က ခုန်ချချင်စိတ် ပေါက်နေတယ်လို့ ဖွင့်ဟခဲ့ကြောင်း Military Timesနဲ့ Stars and Stripesတို့လို သတင်းဌာနတွေက ဖော်ပြလာပါတယ်။ ဒါ့အပြင် အဝတ်လျှော်ခန်းမှာလည်း လျှော်ဖွပ်စရာတွေ တစ်ပတ်စာလောက် စုပုံနေတာ၊ အစားအသောက်တွေ မလတ်ဆတ်တာ၊ ဆိပ်ကမ်းမကပ်ဘဲ ပင်လယ်ပြင်မှာ အကြာကြီး နေရတာ၊ ကမ်းကပ်ရင်တောင်မှ သင်္ဘောပေါ်က ဆင်းခွင့်မရတာမျိုးတွေကိုလည်း ရေတပ်သားတွေ စိတ်ပျက်နေတယ်လို့ သိရပါတယ်။
ရေတပ်သား တစ်ဦးရဲ့ မိသားစုဝင် တစ်ယောက်ကတော့ အဲဒီပုဂ္ဂိုလ်ဟာ သင်္ဘောပေါ် စပြီးလိုက်သွားတဲ့ နေ့ကထက် ကိုယ်အလေးချိန် ၆၅ ပေါင် ကျသွားတယ်လို့ ဆိုပါတယ်။ ပြီးတော့ သူဟာ သေလောက်အောင် ပင်ပန်းနေပြီလို့လည်း မိသားစုဆီ ရင်ဖွင့်ခဲ့တယ်လို့ သိရပါတယ်။
အမေရိကန် ရေတပ်ဟာ သင်္ဘောပေါ်ကို အရေးအကြီးဆုံး၊ အလိုအပ်ဆုံး ပစ္စည်းတွေကို အမြန်ဆုံး ပို့ဆောင်ပေးနိုင်ရေးကို အထူးဦးစားပေး အဆင့်အဖြစ် ကိုင်တွယ် ဆောင်ရွက်နေတယ်လို့ အမည်မဖော်တဲ့ အရာရှိ တစ်ဦးက ဆိုပါတယ်။ ပထမဆုံးက အစားအသောက်တွေဖြစ်ပြီး အဲဒီနောက်မှာတော့ တစ်ကိုယ်ရည် သန့်ရှင်းရေး ပစ္စည်းတွေ၊ ပေးစာတွေ ပို့ဆောင်ပေးဖို့ ဖြစ်တယ်လို့ သူက ပြောပါတယ်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတုန်းက ရေတပ်သား ၉၅၆ ဦးကို မေးမြန်းထားတဲ့ လေ့လာမှု စစ်တမ်းတစ်ခုအရ ရေတပ်သင်္ဘောတွေပေါ်က အမှုထမ်းတွေဟာ အမေရိကန်ရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေထဲမှာ စိတ်ဖိစီးမှု အများဆုံး ခံစားရလေ့ရှိတယ်လို့ ညွှန်ပြခဲ့ပါတယ်။ နောက်ပြီး အမေရိကန် ရေတပ်နဲ့ မရိန်းတပ်ဖွဲ့တွေ သေဆုံးမှုမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုဟာ အဓိက အကြောင်းရင်း တစ်ခုအဖြစ် ဆက်ရှိနေဆဲလို့လည်း သိရပါတယ်။
ကိုးကား: BBC


















































