မူးယစ်ဆေးဝါး နှစ်တန်ခွဲကျော် လျှို့ဝှက် သယ်ဆောင်လာတဲ့ ရေယာဉ် တစ်စီးပေါ်က မြန်မာသင်္ဘောသား ၁၀ ဦးကို ဖမ်းဆီးခဲ့ကြောင်း အင်ဒိုနီးရှား အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။
ဩဂုတ်လ ၁၇ ရက်နေ့က တန်ဇန်းနီးယားနိုင်ငံ အလံလွှင့်ထူထားတဲ့ သင်္ဘောတစ်စီးပေါ်က မက်သဖက်တမင်း မူးယစ်ဆေး အရည် ၂.၆ တန်ကို ရှာတွေ့ခဲ့ခြင်းဟာ နိုင်ငံသမိုင်းမှာ အကြီးမားဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုတွေထဲက တစ်ခုလို့ အင်ဒိုနီးရှား မူးယစ်တိုက်ဖျက်ရေး အရာရှိ တစ်ဦးက ပြောပါတယ်။
ဩဂုတ် ၁၈ ရက်နေ့က အင်ဒိုနီးရှား အမျိုးသား မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အေဂျင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ မလေးရှားနိုင်ငံ၊ ဆာရာဝက်ခ်ဒေသကနေ စတင်ထွက်ခွာလာပြီး ကပ္ပလီပင်လယ်ကို ဖြတ်သန်းနေတဲ့ ရေယာဉ်ပေါ်မှာ မူးယစ်ဆေးတွေ တင်ဆောင်လာနိုင်တယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်းကို ရရှိခဲ့ကြောင်း ဖော်ပြထားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အေဂျင်စီရဲ့ အရာရှိတွေဟာ အကောက်ခွန်ဌာန တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ရီယူပြည်နယ်၊ ဘန်ကာလစ် ဒေသနားမှာ အဲဒီ ရေယာဉ်ကို ကြားဖြတ် ဟန့်တားပြီး စစ်ဆေးခဲ့ပါတယ်။

Public Service Announcement
ရေယာဉ်ရဲ့ နာမည်အမှန်ဟာ MV Rain Maker ဖြစ်ပေမယ့် ဖမ်းဆီးရမိချိန်မှာတော့ တခြားနာမည် အတုတစ်ခုကို အသုံးပြုပြီး ခုတ်မောင်းနေခဲ့ကြောင်း သိရပါတယ်။
စစ်ဆေးမှုတွေအတွင်း မက်သဖက်တမင်း မူးယစ်ဆေးဝါး အရည် ၂.၆ တန်ကို ရေစည်ကြီး ၈ လုံးနဲ့ ရေလှောင်ကန် တစ်ခုထဲ ထည့်သွင်း သယ်ယူလာတာကို ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။ လေ့ကျင့်ပေးထားတဲ့ ရဲခွေးတွေကလည်း တရားမဝင် စီးကရက် အလိပ် တစ်သန်းခွဲလောက်ကို ရှာတွေ့ခဲ့ကြပါတယ်။
အခုတော့ မြန်မာနိုင်ငံသားတွေချည်းပဲဖြစ်တဲ့ သင်္ဘောသား ၁၀ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးပြီး စုံစမ်း စစ်ဆေးနေပါတယ်။
၂၀၂၅ ခုနှစ်တုန်းက အင်ဒိုနီးရှား အာဏာပိုင်တွေဟာ ကပ္ပလီ ပင်လယ်ပြင်ကို ဖြတ်ပြီး ဘက်တမ်ကျွန်းဆီ ဦးတည် ခုတ်မောင်းလာနေတဲ့ ငါးဖမ်းသင်္ဘော တစ်စီးပေါ်မှာ မက်သဖက်တမင်း မူးယစ်ဆေး ၂ တန်လောက်ကို ရှာတွေ့ခဲ့ပြီး နိုင်ငံသမိုင်းမှာ အကြီးမားဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုအဖြစ် ကြေညာခဲ့ဖူးပါတယ်။
လဆန်းပိုင်း ဩဂုတ် ၈ ရက်နေ့တုန်းကလည်း စင်ကာပူနဲ့ နီးကပ်တဲ့ ရီယူကျွန်းစုနား ရေပြင်မှာ ခုတ်မောင်းနေတဲ့ သင်္ဘောတစ်စီးပေါ်ကနေ ကက်တမင်း မူးယစ်ဆေး ၁.၃ တန်ကို အင်ဒိုနီးရှား အာဏာပိုင်တွေက သိမ်းဆည်းရမိခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာလည်း သင်္ဘောသားတွေဖြစ်တဲ့ မြန်မာ ၇ ဦးနဲ့ ထိုင်ဝမ်နိုင်ငံသား ၁ ဦး အဖမ်းခံခဲ့ရပါတယ်။
အင်ဒိုနီးရှားဟာ မူးယစ်ဆေး တိုက်ဖျက်ရေးဆိုင်ရာ အတင်းကျပ်ဆုံး ဥပဒေတွေ ပြဋ္ဌာန်းထားတဲ့ နိုင်ငံတစ်ခု ဖြစ်ပြီး မူးယစ်မှောင်ခိုသမားတွေကို သေဒဏ်ထိ ချမှတ်နိုင်ပါတယ်။ ဒါပေမဲ့ လက်တွေ့ သေဒဏ်စီရင်မှုတွေကိုတော့ ဆိုင်းငံ့ထားခဲ့တာ နှစ်အတော်ကြာခဲ့ပြီး ဖြစ်ပါတယ်။
ကိုးကား: AFP


















































