ဂါဇာကမ်းမြှောင် ဒေသမှာ ၅ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးနဲ့ မိသားစုဝင်တွေ လိုက်ပါလာတဲ့ မော်တော်ကားကို ဝိုင်းဝန်းပစ်ခတ်ခဲ့တယ်ဆိုတဲ့ ကိစ္စကို ၂ နှစ်ကျော် ကြာမြင့်ပြီးတော့မှ အစ္စရေး စစ်တပ် (IDF)က ပထမဆုံးအကြိမ် ဝန်ခံခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ လကုန်ပိုင်းတုန်းက ပါလက်စတိုင်း မိန်းကလေး ဟင်းဒ်ရာဂျက်ဘ်နဲ့ မိသားစုဝင် ၆ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပြီး IDFအပေါ် ဖိအားပေး ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ IDFကတော့ အခင်းဖြစ်တဲ့ နေရာမှာ တပ်ဖွဲ့ဝင်တွေ ဖြန့်ကျက်မထားခဲ့ကြောင်း ငြင်းဆိုခဲ့ပါတယ်။
ရာဂျက်ဘ်ဟာ တိုက်ခိုက်မှုမှာ ဒဏ်ရာရသွားပေမယ့် အသက်ရှင်ခဲ့ပါတယ်။ သူဟာ ပါလက်စတိုင်း လခြမ်းနီ အသင်းဆီကို ဆက်သွယ်ပြီး နာရီတွေနဲ့ချီ ဖုန်းပြောရင်း အကူအညီ တောင်းခဲ့ပါတယ်။ အဲဒီနောက် IDF ကြိုတင် အကြောင်းကြားပြီး ကယ်ဆယ်ရေးအတွက် ထွက်ခွာသွားတဲ့ လခြမ်းနီ အသင်းရဲ့ လူနာတင် ယာဉ်တစ်စီးဟာလည်း လက်နက်ကြီးနဲ့ အပစ်ခံရပြီး ဆေးဝန်ထမ်းနှစ်ဦး အသက်ဆုံးရှုံးခဲ့ပြန်ပါတယ်။ ဒါကြောင့် ရာဂျက်ဘ်ဆီကို ကယ်ဆယ်ရေးတွေ ထပ်မသွားရဲတော့ပါဘူး။
ရက်ပိုင်းလောက် ကြာပြီးနောက်မှသာ ကျည်ဆန်ရာ ဗရပွနဲ့ ဖြစ်နေတဲ့ မော်တော်ကားပျက်ဆီကို ကယ်ဆယ်ရေးတွေ ရောက်သွားခဲ့ပြီး ကလေးမလေးနဲ့ မိသားစုဝင်တွေရဲ့ ရုပ်အလောင်းတွေကို ရှာတွေ့ခဲ့ပါတယ်။

Public Service Announcement
ဩဂုတ် ၁၉ ရက်နေ့မှာ IDFက ကြေညာချက်တစ်ခု ထုတ်ပြန်ရာမှာတော့ အဲဒီဖြစ်စဉ်ရော၊ ၂၀၂၅ ခုနှစ် မတ်လတုန်းက ဆေးတပ်သားတွေ အပါအဝင် ပါလက်စတိုင်း ၁၅ ဦး သေဆုံးခဲ့တဲ့ သီးခြားကိစ္စ တစ်ခုကိုပါ စုံစမ်းစစ်ဆေးသွားမယ်လို့ ဖော်ပြထားခဲ့ပါတယ်။ ဖြစ်ရပ် နှစ်ခုလုံးမှာ IDFဟာ နိုင်ငံတကာ ရှုတ်ချမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
ပါလက်စတိုင်း လခြမ်းနီ အသင်းရဲ့ လူနာတင်ယာဉ်နဲ့ ချိတ်ဆက် ဆောင်ရွက်မှုတွေမှာ လစ်ဟာမှုတွေ ရှိခဲ့ကြောင်း စွပ်စွဲမှုတွေအပေါ် မူတည်ပြီး IDFရဲ့ တပ်ထိန်းရဲတပ်ဖွဲ့၊ ရာဇဝတ်ကြောင်းဆိုင်ရာ စုံစမ်းရေး ဌာနခွဲက ဒီကိစ္စတွေကို ရာဇဝတ်ကြောင်းအရ စစ်ဆေးမှုတွေ စတင်ဖို့ ဆုံးဖြတ်လိုက်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရာဂျက်ဘ် သေဆုံးခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ IDFရဲ့ ကနဦး ထုတ်ပြန်ချက်တွေမှာတော့ တိုက်ခိုက်မှု ဖြစ်ပွားတဲ့ နေရာမှာ အစ္စရေး စစ်သားတွေ ရှိမနေခဲ့ဘူးလို့ ပါရှိခဲ့ပါတယ်။ ဒါပေမဲ့ မိန်းကလေးရဲ့ နောက်ဆုံး တည်နေရာနားက တယ်လ်အယ်လ် ဟာဝါမှာ အကြမ်းဖက်မှု နှိမ်နင်းတဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်နေခဲ့ကြောင်း IDFကပဲ ထုတ်ပြန်ထားတာကြောင့် ဒီကိစ္စတစ်ခုလုံးကို မေးခွန်းထုတ်မှုတွေ စတင်လာခဲ့ပါတယ်။
ပါလက်စတိုင်း လခြမ်းနီ အသင်းရဲ့ အရေးပေါ် တုံ့ပြန်ရေး ဝန်ထမ်းတွေက ဖုန်းထဲမှာ အရမ်းအားယူပြီး စကားပြောနေခဲ့ရတဲ့ ကလေးမလေးရဲ့ အသံဟာ နောက်ထပ် လပေါင်းများစွာ ကြာတဲ့ထိ သူတို့ကို ခြောက်လှန့်နေခဲ့ပြီး သနားစရာ မိန်းကလေးကို မကယ်နိုင်ခဲ့တဲ့အတွက် အပြစ်ရှိစိတ် ကြီးကြီးမားမား ခံစားခဲ့ရကြောင်း ဖွင့်ဟခဲ့ကြပါတယ်။
ရာဂျက်ဘ်က တင့်ကားတွေ သူတို့ဖက်ကို တည့်တည့်မတ်မတ် လာနေတာကို ကားထဲကနေ မြင်နေရကြောင်း ပြောပြခဲ့ပြီး လခြမ်းနီ အသင်းရဲ့ ဖုန်းဖြေဆိုသူက မိန်းကလေးကို ခုံအောက်ထဲ ဝင်ပုန်းနေဖို့ အကြံပေးခဲ့ပါတယ်။ ရာနာဖာကီဟာ မိန်းကလေးနဲ့ နာရီပေါင်းအတော်များများ စကားပြောပေးနေခဲ့ပြီး လခြမ်းနီ အသင်းဟာ ကယ်ဆယ်ရေးအတွက် လူနာတင်ယာဉ် စေလွှတ်ခွင့်ရဖို့ IDFကို အပူတပြင်း မေတ္တာရပ်ခဲ့ခဲ့ပါတယ်။
သုံးနာရီလောက် အချိန်လင့်သွားပြီးမှ အဲဒီနေရာဆီ လခြမ်းနီ လူနာတင်ယာဉ် စေလွှတ်ခွင့် ရခဲ့ပြီး ဝန်ထမ်း နှစ်ဦးဖြစ်တဲ့ ယူဆွတ်ဖ် အယ်လ်ဇိုင်နိုနဲ့ အာမက်အယ်လ် မက်ဒ်ဟွန်းတို့က သူတို့ဟာ သတ်မှတ်နေရာဆီ နီးကပ်နေပြီဖြစ်ကြောင်း ဌာနချုပ်ဆီ သတင်းပို့ခဲ့ပါတယ်။ အဲဒီသတင်းပို့မှု အပြီးမှာ လူနာတင်ယာဉ်ဆီကရော၊ မိန်းကလေးငယ်ဆီကပါ ဆက်သွယ်မှု အားလုံး တိတ်ဆိတ်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ လူနာတင်ယာဉ်လည်း IDF တိုက်ခိုက်မှုကို ခံခဲ့ရပြီး အဖွဲ့သားနှစ်ဦး သေဆုံးခဲ့တယ် ဆိုတာကို လခြမ်းနီ အသင်းက အတည်ပြုခဲ့ပါတယ်။
ကလေးတစ်ဦးကို ကယ်ဆယ်မယ့် မစ်ရှင်အတွက် ကြိုတင် အကြောင်းကြားထားလျက်နဲ့ အစ္စရေး စစ်သားတွေဟာ လူနာတင်ယာဉ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ လခြမ်းနီ အသင်းက စွပ်စွဲခဲ့ပါတယ်။
ကုလသမဂ္ဂကတော့ အဲဒီဖြစ်ရပ်ဟာ အစ္စရေး ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု တစ်ခုလို့ ယူဆရကြောင်း ပြောကြားခဲ့ပေမယ့် IDFကတော့ ငြင်းဆိုထားပါတယ်။
IDFဟာ နိုင်ငံတကာနဲ့ ပြည်တွင်း ဥပဒေတွေကို တိတိကျကျ လေးစားလိုက်နာကြောင်း၊ တိုက်ပွဲကာလအတွင်း ကြုံတွေ့ခဲ့တဲ့ ထူးခြားဖြစ်စဉ်တွေနဲ့ ပတ်သက်လို့လည်း လိုအပ်တဲ့ ပြန်လည် ဆန်းစစ် သုံးသပ်မှုတွေ လုပ်ဆောင်နေကြောင်း ဩဂုတ် ၁၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။
ကိုးကား: BBC


















































