Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပူတင်၊ ရှီကျင့်ဖျင်တို့နဲ့ သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးဖို့ ဆန္ဒရှိကြောင်း ထရမ့်ပြော

နောက်လထဲမှာ တရုတ်၊ ရုရှား သမ္မတတွေနဲ့ တွေ့ဆုံပြီး သုံးပွင့်ဆိုင် လက်နက် ထိန်းချုပ်ရေးကိစ္စ ဆွေးနွေးဖို့ ဆန္ဒရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

နောက်လထဲမှာ တရုတ်၊ ရုရှား သမ္မတတွေနဲ့ တွေ့ဆုံပြီး သုံးပွင့်ဆိုင် လက်နက် ထိန်းချုပ်ရေးကိစ္စ ဆွေးနွေးဖို့ ဆန္ဒရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ထရမ့်ဟာ နိုဝင်ဘာ လထဲမှာ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (အေပက်) ထိပ်သီး ညီလာခံ တက်ရောက်ဖို့အတွက် တရုတ်နိုင်ငံ ရှန်ဇန်းမြို့ကို သွားရောက်မှာ ဖြစ်ပါတယ်။ သူက အဲဒီ ခရီးစဉ် အတောအတွင်း တရုတ် သမ္မတ ရှီကျင့်ဖျင်၊ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့နဲ့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမယ့် စိတ်ကူးကို အောက်တိုဘာ ၁၉ ရက်နေ့တုန်းက အိမ်ဖြူတော်မှာ ပြောကြားခဲ့ပါတယ်။

အဲဒီလိုသာ တွေ့ဖြစ်ရင် နျူကလီးယားလက်နက်တွေကိစ္စ၊ နျူကလီးယား ဖျက်သိမ်းရေး ကိစ္စတွေကို သုံးဦးသား ပိုပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်လောက်မယ်လို့ ထရမ့်က ပြောပါတယ်။ သမ္မတ ရှီဖက်ကသာ ဆန္ဒရှိမယ် ဆိုရင် သူကလည်း အဲဒီလို တွေ့ဆုံမှုမျိုးကို ဖြစ်မြောက်စေချင်ကြောင်း၊ ကုန်သွယ်ရေးလို တခြား အကြောင်းအရာတွေ အတွက်လည်း စကားပြောလို့ ရမှာဖြစ်ကြောင်း ထရမ့်က ဆိုပါတယ်။

တရုတ်နဲ့ ရုရှားတို့ကြားက ဆက်ဆံရေး ပိုမိုတိုးတက် နွေးထွေးလာချိန်မှာ ထရမ့်က အဲဒီနှစ်နိုင်ငံနဲ့ အမေရိကန်ကြားက တင်းမာမှု တချို့ကို ပြန်လည် ဖြေလျှော့ဖို့ ကြိုးစားလာနေပါတယ်။

Public Service Announcement

Public Service Announcement

တကယ်လို့သာ ရုရှား-အမေရိကန်-တရုတ် သုံးပွင့်ဆိုင် တွေ့ဆုံမှုတွေမှာ သဘောတူညီမှု တစ်ခုခု ရရှိတဲ့ထိ အဆင်ချောမယ်ဆိုရင် အမေရိကန် မဟာမိတ် နိုင်ငံတွေနဲ့ ယူကရိန်းအတွက် စိုးရိမ်စရာ အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။ တစ်ဖက်မှာတော့ နိုင်ငံတကာ တင်းမာမှုတွေ သိသိသာသာ လျော့ပါးသွားစေမယ့် အကျိုးကျေးဇူးမျိုးလည်း ရှိနိုင်ပါတယ်။

အေပက်ညီလာခံမှာ ထရမ့်၊ ရှီနဲ့ ပူတင်တို့ တွေ့ဆုံပြီး နျူကလီးယား ဖျက်သိမ်းရေးကိစ္စတွေ ဆွေးနွေးဖို့ ဖြစ်နိုင်ခြေကို အိမ်ဖြူတော်က သီတင်းပတ် တချို့ ကြာတဲ့ထိ နောက်ကွယ်မှာ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေတယ်လို့ ယုံကြည်ရပါတယ်။

စူပါပါဝါ နိုင်ငံသုံးခုရဲ့ ခေါင်းဆောင်တွေဟာ နှစ်ဦးစီ သီးသန့် တွေ့ဆုံခဲ့ကြဖူးပေမယ့် သုံးဦးသား မျက်နှာစုံညီ တစ်စားပွဲတည်း အတူထိုင်ပြီး တရားဝင် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်တာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးသေးပါဘူး။

သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ဖြစ်နိုင်ခြေနဲ့ ပတ်သက်ပြီး သတင်းဌာနတွေရဲ့ မေးမြန်းမှုကိုလည်း အိမ်ဖြူတော်က မတုံ့ပြန်ပါဘူး။ ဝါရှင်တန်ဒီစီမှာရှိတဲ့ တရုတ်နဲ့ ရုရှား သံရုံးတွေကလည်း အဲဒီကိစ္စအပေါ် နှုတ်ဆိတ်နေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ ထရမ့်ဟာ ရုရှားအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို ဖြေလျှော့ပေးပြီး ရုရှားဆီက ဒီဇယ်ဆီတွေ တင်သွင်းဝယ်ယူဖို့ သဘောတူညီမှု ရယူခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ယူကရိန်း အစိုးရက အတော်လေး စိတ်ပျက်လက်ပျက် ဝေဖန်ခဲ့ပါတယ်။ ရုရှားရဲ့ ဒီဇယ်ကို အမေရိကန်က ဝယ်ယူတာဟာ ပူတင်ရဲ့ ကျူးကျော်စစ်ပွဲကို ပိုပြီး အချိန်ကြာကြာ ဆင်နွှဲနိုင်အောင် လောင်စာဖြည့်ပေးလိုက်တာ၊ ပူတင်ကို ပိုပြီး ရဲတင်းသွားအောင် အားပေးအားမြှောက် လုပ်လိုက်တာနဲ့ တူတူပဲလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားသွားခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားပြီး အကျပ်အတည်း ကြုံနေတဲ့ ပြင်သစ်ရဲ့ အခြေအနေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အရွှန်းဖောက် နောက်ပြောင်သွားပါတယ်။

သတင်း

အမေရိကန်ရဲ့ ကြားကာလ ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ သမ္မတ ဒေါ်နယ်လ်ထရမ့်အပေါ် လူထုထောက်ခံနှုန်းဟာ စံချိန်တင် ကျဆင်းလာနေတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပြီးပြီဆိုတဲ့ သတင်းတွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးလိုက်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝေဖန်လိုက်ပါတယ်။