ဆန္ဒပြပွဲတွေကနေ အဓိကရုဏ်းဆန်ဆန် သောင်းကျန်းမှုတွေအဖြစ် ပြောင်းလဲပြီး အခြေအနေတွေ ပိုဆိုးလာတဲ့နောက် ပါရီမြို့တော်ရဲ့ အစိတ်အပိုင်း တချို့မှာ ညမထွက်ရ အမိန့်တွေကို ပြင်သစ် အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
ပလေ့စ်ဒယ်လာ ရီပါ့ဘလစ်တဝိုက် ဧရိယာတွေမှာ ည ၁၁ နာရီကနေ နောက်တစ်နေ့ မနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ကို အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနေရာ တဝိုက်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပြင်သစ်က ဆန္ဒပြသူတွေ အဓိက စုဝေးခဲ့တဲ့ ဧရိယာတွေပါ။ အလားတူ ညမထွက်ရ အမိန့်ကို လက်စ်ဟဲလက်စ် စျေးဝယ်ဧရိယာမှာလည်း သတ်မှတ်ထားပါတယ်။
ဒါ့အပြင် လူငယ်တွေကို အဓိက ဦးတည်ပြီး လှုပ်ရှားသွားလာမှု ကန့်သတ်တဲ့ ညမထွက်ရ အမိန့်တွေကိုလည်း မာဆေးလ်၊ ဘောဒိုးစ်၊ နိစ်၊ လိုင်ယွန်၊ လိုင်လီစတဲ့ မြို့တွေနဲ့ တခြားမြို့ငယ် တချို့မှာ ထုတ်ပြန်ထားပါတယ်။
ပြင်သစ်မှာ လူနေမှုစရိတ်တွေ ကြီးမြင့်လာတာ၊ အစိုးရရဲ့ ပြည်သူ့ဝန်ဆောင်မှု အစီအမံတွေ ယုတ်လျော့လာတာတွေကို မကျေနပ်တဲ့ လူထုဆန္ဒပြမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါတယ်။ ပါရီနဲ့ မြို့ကြီးတချို့မှာတော့ ဆန္ဒပြပွဲတွေနဲ့အတူ ရမ်းကားဖျက်ဆီးမှုတွေ၊ စျေးဆိုင်တွေကို လုယက်မှုတွေလည်း ပေါ်ပေါက်လာပါတယ်။

Public Service Announcement
ပြင်သစ် ပြည်ထဲရေးဝန်ကြီး လောရင့်နူးနက်ဇ်က ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ပြင်သစ် ရဲတပ်ဖွဲ့ဟာ အဓိကရုဏ်း အခြေအနေတွေကို တချို့မြို့ကြီးတွေမှာ ကိုင်တွယ်နိုင်စွမ်း ကင်းမဲ့နေတယ်လို့ ဝန်ခံခဲ့သလို ရာထူးကနေ နုတ်ထွက်စာ တင်ခဲ့ပါတယ်။ ဒါပေမဲ့ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ကတော့ လက်ရှိ အခြေအနေမှာ နူးနက်ဇ် နုတ်ထွက်သွားရင် လုံခြုံရေး တပ်ဖွဲ့တွေကို အမိန့်ပေး ညွှန်ကြားမှု စနစ်မှာ ထိခိုက်သွားနိုင်တယ်လို့ အကြောင်းပြပြီး နူးနက်ဇ်ရဲ့ နုတ်ထွက်စာကို ပယ်ချခဲ့ပါတယ်။
ပြီးခဲ့တဲ့ လကစလို့ ပြင်သစ်နိုင်ငံက ကျောင်းတွေရဲ့ ဘက်ပေါင်းစုံ ယိုယွင်းလာမှုကို ကျောင်းသားတွေက စတင်ဆန္ဒပြခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီ ဆန္ဒပြပွဲတွေဟာ နောက်ထပ် မကျေနပ်ချက်တွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဖော်လာပါတယ်။
လက်ရှိအချိန်ထိ လူပေါင်း ၂၅၀၀ ကျော်ကို ဖမ်းဆီးထားပြီး ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဆန္ဒပြသူတွေရော၊ ရဲတွေမှာပါ ဒဏ်ရာရသူတွေ ရှိခဲ့ပြီး ရဲအရေအတွက် ၁၀၀၀ လောက်ထိ အနာတရ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဆန္ဒပြသူတွေထဲက လူငယ်တစ်ဦးဟာလည်း ရဲတပ်ဖွဲ့ ပစ်ခတ်ခဲ့တဲ့ အသံဗုံး တစ်လုံးကို ကောက်ကိုင်ချိန်မှာ လက်ပြတ်ထွက်သွားတဲ့ ဒဏ်ရာမျိုး ရရှိခဲ့ပါတယ်။
အောက်တိုဘာ ၁၉ ရက်နေ့မှာတော့ ပြင်သစ် ဝန်ကြီးချုပ် ဆီဘက်ရှန် လီကော်နူက အခြေအနေတွေကို ထိန်းချုပ်ဖို့အတွက် အစိုးရအဖွဲ့ အရေးပေါ် အစည်းအဝေးတစ်ခု ခေါ်ယူခဲ့ပြီး လိုအပ်မယ့် နေရာတွေမှာ ညမထွက်ရ အမိန့်တွေ ထုတ်ပြန်ဖို့ ညွှန်ကြားခဲ့ပါတယ်။ ဝန်ကြီးချုပ်က လိုအပ်လာရင် နိုင်ငံတော်အဆင့် အရေးပေါ် အခြေအနေ ထုတ်ပြန်နိုင်ခြေကိုလည်း ငြင်းဆိုမထားပါဘူး။
သူက ဆန္ဒပြပွဲတွေကို အကြောင်းပြုပြီး လူထုရဲ့ အိုးအိမ်စည်းစိမ်တွေကို နှောင့်ယှက် ဖျက်ဆီးနေသူတွေကို ထိထိရောက်ရောက် ဒဏ်ခတ်နိုင်တာ သေချာစေမယ့် ဥပဒေတစ်ရပ်လည်း အကောင်အထည် ဖော်သွားမယ်လို့ ပြောပါတယ်။
ရမ်းကားဖျက်ဆီးမှုတွေကြောင့် အလုပ်ခွင်ကို သွားလို့မရဘဲ အနှောင့်အယှက် ကြုံနေတဲ့ ဝန်ထမ်းတွေ အတွက်လည်း အစိုးရဟာ အလုပ်လက်မဲ့ ထောက်ပံ့ကြေးကို လုပ်ခလစာရဲ့ အတိုင်းအတာ တစ်ခုထိ စိုက်ထုတ်ပေးဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
ဒီအတောအတွင်း စုံစမ်းစစ်ဆေးရေး အရာရှိ ၂၀၀ လောက်ဟာ လုယက်ဖျက်ဆီးမှု ကျူးလွန်သူတွေကို ဘယ်သူတွေ ဦးဆောင်နေသလဲ ဆိုတာကို ဖော်ထုတ်ဖို့ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကို စေ့စေ့စပ်စပ် စတင် လေ့လာနေပြီလို့ ပြည်ထဲရေး ဝန်ကြီး နူးနက်ဇ်က ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဆန္ဒပြပွဲတွေနဲ့ ဆက်စပ်ပြီး လူရမ်းကားတွေရဲ့ သောင်းကျန်းမှု၊ ဖျက်ဆီးမှု၊ လုယက်မှုတွေဒဏ်ကို စျေးဆိုင်၊ စတိုးဆိုင်နဲ့ တခြားစီးပွားရေးလုပ်ငန်း ၂၀၀၀ ကျော်လောက် သက်ရောက် ခံစားခဲ့ရကြောင်း သိရှိရပါတယ်။
ကိုးကား: BBC




















































