ထိုင်းမှာ ခရီးဆောင်အိတ်ထဲ ထည့်ပြီး စွန့်ပစ်ခံရတဲ့ ဆယ်ကျော်သက် မိန်းကလေးဟာ ဒဏ်ရာတွေကြောင့် မဟုတ်ဘဲ အသက်ရှူ မွန်းကျပ်လို့ သေဆုံးသွားတာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ဇွန်လ ၂၇ ရက်နေ့ မနက်ပိုင်းတုန်းက ပတ္တရား ရဲတပ်ဖွဲ့ဟာ လူပျောက်တိုင်ကြား ခံထားရတဲ့ အသက် ၁၇ နှစ်အရွယ် တွန်ချာနွတ် ဒွန်ဟွမ်လာရဲ့ ဝတ်လစ်စားလစ် ရုပ်အလောင်းကို မီးရထားလမ်းဘေးမှာ စွန့်ပစ်ထားတဲ့ ခရီးဆောင်အိတ်ထဲကနေ ရှာတွေ့ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
တွန်ချာနွတ် သေဆုံးမှုရဲ့ အဓိက သံသယ တရားခံဖြစ်သူ အသက် ၄၅ နှစ်အရွယ် ဩစတြေးလျ နိုင်ငံသား ဆိုင်မွန်ပီတာ ကာမန်ကိုလည်း ထိုင်းကနေ ထွက်ပြေးခါနီးမှာ ဖမ်းမိခဲ့ကြောင်း ရဲတွေက ဆိုပါတယ်။
ကာမန်ရဲ့ ကနဦး ထွက်ဆိုချက်တွေမှာတော့ သူဟာ ပြည့်တန်ဆာ အလုပ်အတွက် မိန်းကလေးကို ငှားရမ်းခဲ့ကြောင်း၊ သူ့ရဲ့ ကွန်ဒိုတိုက်ခန်းကို ရောက်ခဲ့တဲ့နောက် စျေးနှုန်းကိစ္စ စကားများကြရင်း တွန်ချာနွတ်ကို မေ့မြောသွားတဲ့အထိ လည်ပင်းညှစ်ခဲ့မိကြောင်း ဝန်ခံခဲ့ပါတယ်။ သူက ရည်ရွယ်ချက်ရှိရှိ လူသတ်ခဲ့တယ် ဆိုတာကို ငြင်းဆိုပြီး မိန်းကလေးက ခြိမ်းခြောက်လို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခဲ့တာသာ ဖြစ်တယ်လို့ ထွက်ဆိုထားပါတယ်။

Public Service Announcement
ပတ္တရား ရဲတပ်ဖွဲ့ အကြီးအကဲ အေနက် ဆရာသွန်ယူကတော့ သံသယ တရားခံကို လူသတ်မှု၊ အလောင်းဖျောက်မှု၊ အသက် ၁၈ နှစ်အောက် မိန်းကလေးကို ပြန်ပေးဆွဲမှု၊ မဖွယ်မရာလုပ်ရပ် ကျူးလွန်မှုတွေအတွက် စွဲချက်တင်ထားကြောင်း ပြောပါတယ်။
ဩဂုတ်လ ၁၉ ရက်နေ့မှာ အေနက်က သေမှုသေခင်း စစ်ချက်နဲ့ ပတ်သက်ပြီး မှတ်ချက် ပေးခဲ့တဲ့ အခါမှာတော့ တွန်ချာနွတ်ဟာ ဦးနှောက်ထိခိုက်တဲ့ဒဏ် ခံစားထားရပေမယ့် သေဆုံးတဲ့ အကြောင်းရင်းတော့ မဟုတ်ဘူးလို့ ရှင်းပြသွားပါတယ်။ မိန်းကလေးဟာ အသက်ရှူကျပ်ပြီး သေဆုံးခဲ့တာ ဖြစ်ကြောင်း၊ ဦးခေါင်းပိုင်း ဒဏ်ရာတွေကတော့ သူသေပြီးတော့မှ ခရီးဆောင်အိတ်ထဲထည့် ဆွဲယူခံသွားရချိန်မှာ ရခဲ့တာ ဖြစ်နိုင်ကြောင်း အေနက်က ဆိုပါတယ်။
ရဲတွေဟာ သေသူရဲ့ ခန္ဓာကိုယ်မှာ ရှာတွေ့ခဲ့တဲ့ DNA အထောက်အထားတွေကလည်း ကာမန်နဲ့ ကိုက်ညီမှု ရှိတယ်ဆိုတာကို စစ်ဆေးတွေ့ရှိထားပါတယ်။
သေဆုံးသူဟာ ဖခင်၊ မိထွေးတို့နဲ့ အတူနေသူဖြစ်ပြီး ဇွန်လ ၁၆ ရက်နေ့တုန်းက သူငယ်ချင်းတစ်ယောက်နဲ့အတူ အလည်အပတ် ခရီးသွားမယ်ဆိုပြီး ပတ္တရားကို ထွက်ခွာသွားတာလို့ မိသားစုက ပြောပါတယ်။ မိန်းကလေးရဲ့ မိထွေးဖြစ်သူကတော့ ကျူးလွန်သူကို သေဒဏ်စီရင် ကွပ်မျက်တာမျိုး ဖြစ်စေချင်ကြောင်း သတင်းထောက်တွေဆီ ပြောကြားခဲ့ဖူးပါတယ်။ ထိုင်းရဲ့ ဥပဒေတွေအရ လူသတ်မှုအတွက် ပြစ်မှုထင်ရှားရင် ကာမန်ဟာ အမြင့်ဆုံး သေဒဏ်ထိ ပြစ်ဒဏ်ချမှတ် ခံရနိုင်ပါတယ်။
ကိုးကား: BBC


















































