ဩဂုတ် ၂၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) တပ်ဦးချုပ်နဲ့ တပ်ဖွဲ့ဝင်တွေ ကျဆုံးမှုအပေါ် ဝမ်းနည်းကြောင်း ချင်းတော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF)က ဩဂုတ် ၂၂ရက်မှာ ထုတ်ပြန်ခဲ့ပြီး ကျန်ရစ်သူမိသားစုဝင်များ၊ CDF-အရှိုနဲ့တကွ တော်လှန်ရေးရဲဘော်ရဲဘက်များ အားလုံးနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြပါတယ်။
CDF အရှို တပ်ဦးချုပ် ဆလိုင်းရိုးချင်းနဲ့ ဒု တပ်ကြပ် ဆလိုင်းဖြိုးသီဟဇော်၊ ရဲဘော် အောင်လင်းဇော်တို့ဟာ ဩဂုတ် ၁၄ရက်က မကွေးတိုင်း ငဖဲမြို့ဘက် ရိက္ခာယူသွားစဉ် စစ်တပ်ရဲ့ ခြုံခိုတိုက်ခိုက်ခံရမှုကြောင့် ကျဆုံးခဲ့တာဖြစ်ပါတယ်။
အဲဒီလို ကျဆုံးခဲ့တဲ့အပေါ် လွန်စွာ စိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ခဲ့ပြီး ပြည်သူ့တော်လှန်ရေးအတွက် အမြင့်မြတ်ဆုံး ပေးဆပ်တိုက်ပွဲဝင်ပြီး ကျဆုံးခဲ့ကြသော ဆလိုင်းရိုချင်းနဲ့ တပ်ဖွဲ့ဝင်များကို လေးစားဂုဏ်ပြုကြောင်း ဖော်ပြပါတယ်။

Public Service Announcement
တပ်ဦးချုပ် ဆလိုင်းရိုးချင်းနဲ့ တပ်ဖွဲ့ဝင်များ ကျဆုံးမှုဟာ CDF-Asho အတွက်သော်လည်းကောင်း၊ ချင်းအမျိုးသားတော်လှန်ရေးနဲ့ တပြည်လုံးအတိုင်းအတာဖြင့် ဆင်နွှဲနေသော ပြည်သူ့တော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုကြီးဖြစ်ကြောင်း ဖော်ပြပါတယ်။
မြင့်မြတ်စွာ ကျဆုံးခဲ့သော ဆလိုင်းရိုချင်းနဲ့ တပ်ဖွဲ့ဝင် များရဲ့ စွန့်လွှတ်ပေးဆပ်မှုများကို အောက်မေ့အမှတ်ရပြီး ဆင်နွှဲလျက်ရှိသော ပြည်သူ့တော်လှန်ရေး ပန်းတိုင်ရောက်ရှိတဲ့အထိ ရှေ့ဆက်တိုက်ပွဲဝင်သွားမယ်လို့လည်း ချင်းအမျိုးသားတပ်ဦး (CNF) က ထုတ်ပြန်ပါတယ်။
CNFဟာ ချင်းပြည်ကောင်စီအဖွဲ့ဝင် ဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်တွေ စုဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အဖွဲ့ဝင် လည်းဖြစ်ပါတယ်။

















































