Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် ဂန္ထဝင် ဂီတကြယ်ပွင့် ဒေါ်လီပါတန် အသက် ၈၀ အရွယ်မှာ ကွယ်လွန်

အမေရိကန် ကျေးလက်ဂီတ လောကရဲ့ ဂန္ထဝင် တစ်ဦးအဖြစ် သတ်မှတ်ခံရသူ အဆိုတော်၊ တေးရေးဆရာမ ဒေါ်လီပါတန်ဟာ အသက် ၈၀ အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူဟာ စီးပွားရေး လုပ်ငန်းရှင် ပရဟိတ တက်ကြွလှုပ်ရှားသူ တစ်ဦးအဖြစ်လည်း ထင်ရှားခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

အမေရိကန် ကျေးလက်ဂီတ လောကရဲ့ ဂန္ထဝင် တစ်ဦးအဖြစ် သတ်မှတ်ခံရသူ အဆိုတော်၊ တေးရေးဆရာမ ဒေါ်လီပါတန်ဟာ အသက် ၈၀ အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူဟာ စီးပွားရေး လုပ်ငန်းရှင် ပရဟိတ တက်ကြွလှုပ်ရှားသူ တစ်ဦးအဖြစ်လည်း ထင်ရှားခဲ့ပါတယ်။

ပါတန်ဟာ ကင်ဆာရောဂါကို တိုတောင်းတဲ့ ကာလတစ်ခု စွဲကပ်ခံစားခဲ့ရပေမယ့် သတ္တိရှိရှိ ရင်ဆိုင်ရင်း ဩဂုတ် ၂၅ ရက်နေ့မှာ ဆုံးပါးသွားခဲ့ကြောင်း မိသားစုက ထုတ်ပြန်ခဲ့ပါတယ်။ တင်နက်ဆီပြည်နယ်၊ နက်ရှ်ဗီးလ်မြို့က Vanderbilt-Ingram ကင်ဆာကုသရေး စင်တာမှာ ဩဂုတ် ၂၁ ရက်နေ့က ဆေးရုံစတက်ပြီး ရက်ပိုင်းအတွင်း သူကွယ်လွန်ခဲ့တာပါ။ ပါတန်ဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း တခြားကျန်းမာရေး ပြဿနာတွေနဲ့လည်း ကြုံတွေ့ဖြတ်သန်းခဲ့ရပါတယ်။

သူကွယ်လွန်တဲ့ သတင်းဟာ ပရိသတ်တွေကြားမှာ အကြီးအကျယ် လှုပ်ခတ်ခဲ့ပြီး အနုပညာနဲ့ နိုင်ငံရေး နယ်ပယ်တွေက ထင်ရှားကျော်ကြား ပုဂ္ဂိုလ်တွေက ဝမ်းနည်းကြေကွဲမှုကို အသီးသီး မျှဝေခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အကြီးကျယ်ဆုံး ကျေးလက်ဂီတ ပါရမီရှင်တစ်ဦး ကွယ်လွန်သွားတာက အမေရိကန်ပြည်သူ သန်းပေါင်းများစွာအတွက် ဆုံးရှုံးမှုကြီးဖြစ်ကြောင်း၊ ပါတန်လိုလူမျိုး နောက်ထပ်လည်း ရှိလာနိုင်မှာ မဟုတ်ကြောင်း သူ့ကိုယ်ပိုင် လူမှုကွန်ရက် ပလက်ဖောင်းဖြစ်တဲ့ Truthမှာ ရေးသားထားခဲ့ပါတယ်။ ဒါ့အပြင် ပါတန်အတွက် ဝမ်းနည်းကြေကွဲမှုကို ပြသတဲ့ အနေနဲ့ အမေရိကန် တစ်ဝန်းမှာ နိုင်ငံတော် အလံတွေကို တစ်ပတ်ကြာအောင် တိုင်တစ်ဝက် နှိမ့်ချ လွှင့်ထူစေဖို့လည်း ထရမ့်က ညွှန်ကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် သမ္မတဟောင်း ဘာရတ် အိုဘားမားကလည်း တောရွာလေး တစ်ခုရဲ့ သစ်လုံးအိမ် သေးသေးလေးမှာ မွေးဖွားလာခဲ့တဲ့ အမျိုးသမီး တစ်ဦးက ဂရမ်မီဆု ၁၁ ခုနဲ့ အမ်မီဆု ၁ ခုကို သိမ်းပိုက်ခဲ့သလို စီးပွားရေး အင်ပါယာကြီး တစ်ခုကို ထူထောင်ပြခဲ့ကြောင်း၊ ကလေးငယ် သန်းပေါင်းများစွာ စာတတ်မြောက်အောင် ထောက်ပံ့ ကူညီခဲ့ပြီး ကိုဗစ် ကပ်ရောဂါ ကာကွယ်ဆေး တီထွင်မှုတွေအတွက်လည်း ငွေကြေး ထောက်ပံ့ခဲ့ကြောင်း၊ လူသားတွေအပေါ် သူ့လောက် အကျိုးသက်ရောက်မှု ကြီးကြီးမားမား ဖန်တီးပေးသူမျိုးကို ရှာဖို့ ခက်လွန်းကြောင်း လူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါတယ်။ သူနဲ့ ဇနီးဖြစ်သူ မစ်ရှယ်အိုဘားမားဟာ မရေမတွက်နိုင်လောက်အောင် များပြားတဲ့ ပါတန်ရဲ့ပရိသတ်တွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲနေတယ်လို့လည်း အိုဘားမားက ဆိုပါတယ်။

ပါတန်ဟာ ကလေးတွေ စာတတ်မြောက်ဖို့နဲ့ စာဖတ်ဝါသနာပါလာစေဖို့ ဒေါ်လီပါတန်ရဲ့စိတ်ကူးဆိုတဲ့ စာကြည့်တိုက် လုပ်ငန်းကို အောင်အောင်မြင်မြင် ထူထောင်ပေးခဲ့သူ ဖြစ်ပါတယ်။ သူကွယ်လွန်တဲ့ အချိန်ထ အဲဒီစာကြည့်တိုက် လုပ်ငန်းဟာ ကလေးတွေလက်ထဲ စာအုပ် သန်းပေါင်း ၂၄၀ ကျော်ကို အခမဲ့ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒန်ကလည်း ပါတန်ဟာ လူသန်းပေါင်း များစွာကို စိတ်ခွန်အား ပေးနိုင်တဲ့ ပြိုင်ဘက်ကင်း အနုပညာရှင်လို့ ချီးကျူးခဲ့ပါတယ်။ စာတတ်မြောက်ဖို့ ဆိုတာဟာ ကလေးတွေရဲ့ဘဝ တိုးတက်ရေး အခြေခံ အုတ်မြစ်ဆိုတာ နားလည်တဲ့ ပါတန်ဟာ သူ့ရဲ့ စာကြည့်တိုက်ကနေတဆင့် ကလေးသန်းပေါင်းများစွာဆီ စာအုပ်တွေ ပေးပို့ခဲ့ကြောင်း၊ ပြီးတော့ အမျိုးသမီး တန်းတူညီမျှခွင့်အတွက် အားထုတ် တိုက်ပွဲဝင်ခဲ့သူ တစ်ဦးလည်းဖြစ်ကြောင်း၊ လူတိုင်းကို ကြင်နာမှုနဲ့ လေးစားမှုအပြည့် ဆက်ဆံခဲ့တဲ့ အမျိုးသမီးကို လူတိုင်း သတိရ လွမ်းဆွတ်နေမှာဖြစ်ကြောင်း ဘိုင်ဒန်က ဆိုပါတယ်။

မျက်မှောက်ခေတ်ရဲ့ အထင်ကရ ကျေးလက်ဂီတ ကြယ်ပွင့် တစ်ဦးဖြစ်တဲ့ တေလာဆွစ်ဖ်ကတော့ ကမ္ဘာကြီးပေါ်မှာ ပါတန်မရှိတော့ဘူးတဲ့ အရှိတရားက လုံးဝ မဖြစ်သင့်ကြောင်း၊ ပါတန်ဟာ မကုန်ဆုံးနိုင်တဲ့ ရက်ရောမှုတွေနဲ့ ကူညီပေးခဲ့လို့ ရေတွက်လို့ မရလောက်အောင်များတဲ့ ဘဝတွေကို ကောင်းကျိုးဖြစ်ထွန်းစေခဲ့ကြောင်း၊ သူချန်ထားတဲ့ အမွေအနှစ်တွေဟာ ကမ္ဘာတည်သ၍ ပျက်သုဉ်းမှာ မဟုတ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ပါတန်ရဲ့ ဘဝဖြတ်သန်းမှုမှာ ထူးခြားမှု တစ်ခုကတော့ အမေရိကန် သမ္မတတွေက အရပ်သားတွေကို ပေးအပ်ချီးမြှင့်တဲ့ အမြင့်ဆုံး ဂုဏ်ပြုဆုကို လက်ခံယူဖို့ သုံးကြိမ်တိုင်တိုင် ငြင်းဆိုခဲ့ခြင်း ဖြစ်ပါတယ်။ ထရမ့်ရဲ့ ပထမအကြိမ် သမ္မတ သက်တမ်းတုန်းက ပါတန်ကို သမ္မတရဲ့ လွတ်လပ်ရေး ဆုတံဆိပ် ချီးမြှင့်ခဲ့ပေမယ့် အဲဒီတုန်းက သူ့ခင်ပွန်း နေမကောင်းလို့ဆိုပြီး ဆုယူဖို့ ပါတန်က ငြင်းခဲ့ပါတယ်။ အဲဒီနောက် ထရမ့်ကပဲ ဆုထပ်ပေးဖို့ ကမ်းလှမ်းခဲ့တာကိုလည်း ကိုဗစ် ကပ်ရောဂါ ကာလမို့ ခရီးမသွားချင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ထပ်ငြင်းပြန်ပါတယ်။

ထရမ့်ရဲ့ပြိုင်ဘက် ဘိုင်ဒန်က အမေရိကန် သမ္မတ ဖြစ်လာလို့ အဲဒီဆုကို ထပ်ပေးခဲ့ပေမယ့်လည်း သမ္မတဟောင်း လက်ထက်တုန်းက ဆုမယူဘဲ ဘိုင်ဒန်ပေးတဲ့ဆုကို ယူခဲ့ရင် နိုင်ငံရေး ဘက်လိုက်တဲ့ အဓိပ္ပါယ် ဖြစ်သွားနိုင်လို့ဆိုပြီး ပါတန်က ငြင်းဆိုခဲ့ပါတယ်။ သူက နိုင်ငံရေးသမား မဟုတ်ဘဲ ဖျော်ဖြေရေးသမား တစ်ဦးသာ ဖြစ်တာကြောင့် နိုင်ငံရေး အရောင်အသွေး တစ်ခုခု အစွန်းမခံချင်ဘူးလို့ ပါတန်က ပြောခဲ့ဖူးပါတယ်။

ပါတန်ဟာ အနုပညာ နယ်ပယ်မှာ အတောက်ပဆုံး ကြယ်တစ်ပွင့် ဖြစ်ခဲ့သလို စီးပွားရေး လုပ်ငန်းရှင် အနေနဲ့လည်း အောင်မြင်ခဲ့ပါတယ်။ အအောင်မြင်ဆုံး လုပ်ငန်းတစ်ခုကတော့ တင်နက်ဆီမှာရှိတဲ့ ဒေါ်လီဝုဒ် အပန်းဖြေဥယျာဉ်ဖြစ်ပြီး နှစ်စဉ် ဧည့်သည်ပေါင်း ၃ သန်းလောက် လာရောက်လည်ပတ်လေ့ ရှိပါတယ်။ သူဟာ ဟိုတယ်နဲ့ စားသောက်ဆိုင် လုပ်ငန်းတွေမှာလည်း ခြေလှမ်းချဲ့ထွင်ခဲ့ပြီး အောင်မြင်မှုတွေ ရခဲ့ပြန်ပါတယ်။ ဒါ့အပြင် သူဟာ ရေးသားခဲ့သမျှ သီချင်းအားလုံးရဲ့ မူပိုင်ခွင့်ကို ရာနှုန်းပြည့် ထိန်းချုပ်နိုင်အောင် စီမံထားနိုင်ခဲ့တာကလည်း ဒေါ်လာသန်းပေါင်းများစွာ စဉ်ဆက်မပြတ် ဝင်ငွေ ရစေခဲ့ကြောင်း စီးပွားရေး ပညာရှင်တွေက ပြောပါတယ်။

ပါတန်ဟာ ဒေါ်လာ သန်း ၆၅၀ လောက် ကြွယ်ဝတဲ့ သန်းကြွယ်သူဌေးမကြီး ဖြစ်ခဲ့ပြီး အဲဒီငွေကြေးထဲက အများအပြားကို ပရဟိတ လုပ်ငန်းတွေမှာ ပြန်လည် အသုံးပြုခဲ့ပါတယ်။

ကိုးကား: People

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သက်တမ်းတို ဗီဇာနဲ့ ဝင်ရောက်လာပြီးမှ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားသူ နိုင်ငံခြားသားတွေဆီက ဗီဇာ ရုပ်သိမ်းဖို့ အမေရိကန် အစိုးရက ပြင်ဆင်နေပါတယ်။

နိုင်ငံတကာ

အမေရိကန် ဗဟို ထောက်လှမ်းရေး အေဂျင်စီ (CIA)ရဲ့ အကြီးအကဲဟာ ကြိုတင် ထုတ်ပြန်မထားတဲ့ ခရီးစဉ်အဖြစ် ရုရှားနိုင်ငံ၊ မော်စကို မြို့တော်ဆီ သွားရောက်ခဲ့ပါတယ်။

နိုင်ငံတကာ

ပင်လယ်ပြင်မှာ ရက်ပေါင်းများစွာ တာဝန်ထမ်းဆောင်ထားတဲ့ တပ်ဖွဲ့ဝင်တွေကို အပန်းဖြေခွင့်ပေးဖို့ ထိုင်းနိုင်ငံမှာ အမေရိကန် လေယာဉ်တင် သင်္ဘောကြီးတစ်စီး ဆိုက်ကပ်မယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားထဲက ရေမြှုပ်မိုင်းအားလုံး အကုန်အစင် ရှင်းလင်းပြီးပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။