Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နီပေါ-တိဘက်နယ်စပ် ရေကြီးမှုဟာ ရေခဲမြစ် ကျိုးပျက်မှုကြောင့်လို့ဆို

တရုတ်နိုင်ငံရဲ့ တိဘက် ကုန်းမြင့်ဒေသနဲ့ နီပေါနိုင်ငံ ထိစပ်ရာ နယ်စပ်မှာ ရုတ်တရက် ရေကြီးပြီး လူရာနဲ့ချီ သေဆုံး၊ ထောင်နဲ့ချီ ပျောက်ဆုံးနေတဲ့ ဖြစ်စဉ်ဟာ ရေခဲမြစ်တစ်ခု ကျိုးပျက်မှုကြောင့် ဖြစ်တယ်လို့ အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီ (USGS)က ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

တရုတ်နိုင်ငံရဲ့ တိဘက် ကုန်းမြင့်ဒေသနဲ့ နီပေါနိုင်ငံ ထိစပ်ရာ နယ်စပ်မှာ ရုတ်တရက် ရေကြီးပြီး လူရာနဲ့ချီ သေဆုံး၊ ထောင်နဲ့ချီ ပျောက်ဆုံးနေတဲ့ ဖြစ်စဉ်ဟာ ရေခဲမြစ်တစ်ခု ကျိုးပျက်မှုကြောင့် ဖြစ်တယ်လို့ အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီ (USGS)က ထုတ်ပြန်ခဲ့ပါတယ်။

အစောပိုင်းတုန်းက နီပေါ နိုင်ငံခြားရေး ဝန်ကြီး ရှီဆာ ခါနဲလ်က ဟိမဝန္တာ တောင်တန်းတွေမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်တစ်ခုကြောင့် ဘိုတေးကောရှီ မြစ်ရဲ့ ရေလမ်းကြောင်း ပိတ်ဆို့ပြီး ရေတွေက တောင်စောင်းတွေတလျှောက် အရှိန်နဲ့ စီးဆင်းခဲ့တာ ဖြစ်နိုင်တယ်ဆိုတဲ့ မှတ်ချက်ကို USGSက ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

USGSရဲ့ ဩဂုတ် ၂၇ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ငလျင်လှုပ်သလို မြေလွှာတုန်ခါမှုဟာ အမှန်တကယ်မှာတော့ ရေခဲမြစ်တစ်ခုရဲ့ အစိတ်အပိုင်းတစ်နေရာ ကျိုးပျက်ခြင်းကြောင့် ပေါ်ပေါက်လာတာလို့ ပါရှိခဲ့ပါတယ်။

ကနဦးတုန်းက နီပေါ-တိဘက် နယ်စပ်နားမှာ မဂ္ဂနီကျု ၄.၄ အဆင့် ငလျင်တစ်ခု လှုပ်ခတ်သွားတယ်ဆိုပြီး သတင်းတွေမှာ ဖော်ပြခဲ့ပေမယ့် အဲဒါဟာ ငလျင်တစ်ခု မဟုတ်ကြောင်း၊ ရေခဲမြစ် ကျိုးပျက်မှုကြောင့် ပေါ်ပေါက်လာတဲ့ မြေလွှာ တုန်ခါမှုဟာ မဂ္ဂနီကျု ၅.၂ ပြင်းအားလောက် ရှိခဲ့ကြောင်း USGSက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ငလျင်လှိုင်း တိုင်းတာမှုတွေ၊ ဂြိုဟ်တုမှတ်တမ်း ဓာတ်ပုံတွေနဲ့ တခြားသော သိပ္ပံနည်းကျ လေ့လာမှု အချက်အလက်တွေကို ပေါင်းစပ်ကြည့်လိုက်တဲ့အခါ ငလျင်လှုပ်ခဲ့တယ်ဆိုတာ မဟုတ်ဘူးလို့ အဖြေထွက်လာကြောင်း၊ ရေခဲမြစ် ကျိုးပျက်ခြင်းကြောင့်သာ တောင်ကျရေတွေ အများအပြား စီးဆင်းခဲ့တာဖြစ်ကြောင်း USGSက ရှင်းပြထားပါတယ်။

ရုတ်တရက်ကြီး ဒလဟော စီးကျလာပြီး ညိုညစ်နေတဲ့ တောင်ကျရေထုကြီးကြောင့် နီပေါရဲ့ တိုင်မူရီနဲ့ ဆိုင်ရာဟူဘက်ဆီတို့လို နယ်စပ်ဒေသတွေမှာ လူ ၁၆၀ ကျော်လောက် သေဆုံးခဲ့ပြီး တရုတ်ဖက်မှာတော့ အနည်းဆုံး ၃ ဦး သေဆုံးကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ရွှံ့နွံပြင်ကြီးအောက်မှာ ပိမိပြီး ပျောက်ဆုံးနေသူ အရေအတွက်ကတော့ နာရီနဲ့အမျှ စာရင်းတွေ တိုးလာပြီး ဩဂုတ် ၂၇ ရက် မွန်းလွဲပိုင်းမှာ ၁၅၀၀ ကျော်ထိ များပြားလာပါတယ်။ အဲဒီထဲမှာ နိုင်ငံခြားသား အရေအတွက် ၇၀၀ ကျော် ပါဝင်တယ်လို့ သိရပါတယ်။

ဟိန္ဒူ ဘာသာရေး ပွဲတော်တစ်ခုနဲ့ တိုက်ဆိုင်နေတာ၊ ခြေလျင် တောင်တက်သမားတွေကြားမှာ ကျော်ကြားတဲ့ လန်တန်း အမျိုးသားဥယျာဉ် တောင်တက်ခရီးစဉ် ရှိနေတာတွေကြောင့် အဲဒီနယ်စပ်နားမှာ နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ စည်ကားနေချိန်မှာ အခုလို ဖြစ်ရပ်ဆိုးကြီးနဲ့ ကြုံတွေ့ခဲ့ကြတာပါ။

လက်ရှိ ရထားတဲ့ စာရင်းတွေမှာတော့ ပျောက်ဆုံး နိုင်ငံခြားသားတွေထဲမှာ အိန္ဒိယက ၁၇၇ ဦး၊ အမေရိကန်က ၆၃ ဦး၊ မလေးရှားက ၅၅ ဦး၊ ဩစတြေးလျက ၃၄ ဦး၊ ဗြိတိန်က ၃၃ ဦး၊ ကနေဒါက ၂၅ ဦး ပါဝင်နေပါတယ်။

တရုတ်နဲ့ နီပေါ အစိုးရတွေကတော့ တောင်ကျရေဒဏ် အလူးအလဲ ခံစားခဲ့ရတဲ့ နယ်စပ်ဒေသတွေဆီ ကယ်ဆယ်ရေး အဖွဲ့တွေကို အပူတပြင်း စေလွှတ်ပေးနေပါတယ်။

နီပေါမှာတော့ အခြေအနေ ဆိုးရွားပြီး ရဟတ်ယာဉ် ဆင်းသက်လို့ မရအောင် ရွှံ့တွေဖုံးနေတဲ့ နေရာတွေမှာ ရိက္ခာနဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေကို ရဟတ်ယာဉ်ပေါ်ကနေ ချပေးနေပြီး အိမ်နီးချင်း အိန္ဒိယ နိုင်ငံကလည်း ပူးပေါင်း ကူညီပေးနေပါတယ်။

အမေရိကန်ကတော့ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ပညာရှင် တစ်ဦးကို နီပေါဆီ စေလွှတ်ထားပြီး လူသားချင်း စာနာမှု အကူအညီ ဒေါ်လာ ၅ သိန်း ထောက်ပံ့သွားမယ်လို့ ကြေညာခဲ့ပါတယ်။

အရှိန်ပြင်းပြင်း စီးလာတဲ့ တောင်ကျရေတွေကြောင့် တချို့နေရာတွေမှာ ရွာလုံးကျွတ် ပျောက်ကွယ်ကုန်ပြီး ထိခိုက်ပျက်စီးမှု အခြေအနေနဲ့ သေဆုံး၊ ပျောက်ဆုံးစာရင်းကို အတိအကျ သိရှိနိုင်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

ဆောင်းပါး

ဒီနေ့မှာ ဟိမဝန္တာက ပြောင်းလဲလာနေပြီဖြစ်ပါတယ်။ ရေခဲတောင်တွေ ဆုတ်ယုတ်လာခြင်း၊ တောင်စောင်းတွေ မတည်ငြိမ်လာခြင်းနဲ့ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ရေဘေးတွေက လူသား‌တွေ အတွက် သတိပေးချက်တွေ ဖြစ်လာနေပါပြီ။

သတင်း

သဖန်းဆိပ်ဆည်ဖောက်ချလို့ ​ရေ​ဘေးသင့်ခဲ့တဲ့စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေအတွက် မော်လိုက်မြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ဒေသခံတွေက အလှူငွေ ကျပ်သိန်း၅၀၀ နီးပါး ထောက်ပံ့ပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ မြောင်မြို့နယ်က ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက ဆန်နဲ့ ဆေးဝါး ကူညီထောက်ပံ့တာတွေ ဒီက​နေ့ (သြဂုတ် ၂၇) ပြုလုပ်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ တိဘက်ကုန်းမြင့်နဲ့ နီပေါနိုင်ငံတို့ ထိစပ်ရာ နယ်စပ်ဒေသနားက ရုတ်တရက် ရေကြီးမှုမှာ သေဆုံးသူ ၁၆၀ ထက်မနည်း ရှိလာသလို နောက်ထပ် ရာနဲ့ချီ ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။