တောင်ကိုရီးယားနိုင်ငံ ကမ်းလွန်ရေပြင်မှာ ရေနံတင် သင်္ဘောတစ်စီး မီးလောင်ပြီး သင်္ဘောသား ၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
တန်ချိန် ၇၃၀၀ ကျော် အလေးချိန်ရှိတဲ့ DL Amber သင်္ဘောဟာ တောင်ကိုရီးယားအလံ လွှင့်တင်ထားပြီး ရေနံနဲ့ ရေနံထွက် ထုတ်ကုန်တွေကို တင်ဆောင်တဲ့ ရေယာဉ်တစ်စီး ဖြစ်ပါတယ်။ သင်္ဘောပေါ်မှာ အမှုထမ်း ၁၈ ဦး လိုက်ပါလာပြီး ၂ ဦး သေဆုံးခဲ့တာလို့ ကမ်းခြေစောင့်တပ်ရဲ့ အဆိုကို ကိုးကားပြီး ယွန်ဟပ် သတင်းဌာနက ဖော်ပြပါတယ်။ အမှုထမ်းတွေထဲမှာ နိုင်ငံခြားသား ၇ ဦး ပါဝင်ခဲ့ပါတယ်။
သင်္ဘောမီးလောင်ခဲ့တဲ့နောက် အင်ဂျင်ခန်းထဲမှာ အလောင်း ၂ ခုကို ရှာတွေ့ခဲ့ပြီး ကျန်တဲ့ ၁၆ ဦးကိုတော့ ဘေးလွတ်ရာ ကယ်ဆယ် ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။ အင်ချွန်းမြို့ ကမ်းလွန် ရေပြင်မှာ ရှိနေတဲ့ သင်္ဘောပေါ်က မီးကိုတော့ ညနေပိုင်းလောက်မှာ ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ သေဆုံးသူ ၂ ဦးစလုံးဟာ တောင်ကိုရီးယား နိုင်ငံသားတွေဖြစ်ပြီး အသက် ၂၀ ကျော်နဲ့ ၆၀ ဝန်းကျင် အရွယ်တွေပါ။
အင်ချွန်းမြို့ အနောက်ဖက်၊ ဂျာဝိုဒိုကျွန်းမြောက်ဖက် ၇ ကီလိုမီတာ အကျော်လောက်မှာ ဖြစ်ပွားတဲ့ မီးလောင်မှုဟာ သင်္ဘောရဲ့ အင်ဂျင်ခန်းက စတင်ခဲ့တာလို့ ယုံကြည်ရပါတယ်။ ကံအားလျော်စွာနဲ့ပဲ ရေနံလှောင်ကန်တွေထိ မီးမကူးစက်ခင် ငြှိမ်းသတ်နိုင်ခဲ့တာကြောင့် အခြေအနေကို ခပ်မြန်မြန် ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
အခုအခါမှာတော့ မီးလောင်မှုနဲ့ ပတ်သက်ပြီး ကမ်းခြေစောင့်တပ်၊ မီးသတ်ဌာနနဲ့ အင်ချွန်းရဲတပ်ဖွဲ့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။
ကိုးကား: Reuters


















































