သြဂုတ် – ၂၈ ၊၂၀၂၆
ထိုင်းမှာ ဥပဒေတွေ ချိုးဖောက်သူ နိုင်ငံခြားသားတွေကိုပြည်နှင်နိုင်မယ့် အစိုးရ အမိန့်သစ်ဟာ ဩဂုတ် ၂၈ ရက်နေ့မှာ စတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူရဲ့ ညွှန်ကြားချက်အရ ဥပဒေချိုးဖောက်တဲ့ နိုင်ငံသားတွေကို ဇာတိနိုင်ငံဆီဖြစ်စေ၊ တခြားနိုင်ငံ တစ်ခုဆီကိုဖြစ်စေ ထိုင်းအာဏာပိုင်တွေက ပိုပြီး မြန်မြန်ဆန်ဆန်၊ လွယ်လွယ်ကူကူ နယ်နှင်လို့ ရလာမှာ ဖြစ်ပါတယ်။
နိုင်ငံခြားသား ခရီးသွား ဧည့်သည်တချို့ရဲ့ စည်းမဲ့ကမ်းမဲ့ လုပ်ရပ်တွေကြောင့် ထိုင်းလူ့အဖွဲ့အစည်းမှာ စိတ်အနှောင့်အယှက် ဖြစ်ရတာတွေ၊ ဖူးခက်၊ ဆမွိုင်စတဲ့ ဒေသတွေမှာ နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းရှင်တွေက ထိုင်းဥပဒေတွေကို ချိုးဖောက်ထားတာတွေ တွေ့ရှိလာတဲ့နောက် ထိုင်းအစိုးရဟာ အခု အမိန့်သစ်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
သာမန်အားဖြင့် နိုင်ငံခြားသားတွေကို နှင်ထုတ်ဖို့ ဆိုတာက အာဏာပိုင်တွေအတွက် ဥပဒေကြောင်းဆိုင်ရာ ကန့်သတ်မှုတွေ ရှိတတ်ပေမယ့် အခုအမိန့်အရ ပိုပြီး မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ကိုင်တွယ်လာနိုင်စေမယ်လို့ ဆိုပါတယ်။ ထိုင်းအစိုးရဟာ ထိုင်းနိုင်ငံကို လည်ပတ်ဖို့၊ တရားဝင် အခြေချ နေထိုင်ဖို့၊ စီးပွားရေးလုပ်ဖို့ ရောက်လာသူ အားလုံးကို ကြိုဆိုမှာ ဖြစ်ပေမယ့် သက်ဆိုင်ရာ နိုင်ငံခြားသားတွေက ထိုင်းဥပဒေကို လေးစားလိုက်နာဖို့ လိုတယ်လို့ ဝန်ကြီးချုပ်ရုံးက သတိပေးထားပါတယ်။
အစိုးရရဲ့ အမိန့်သစ်အရ အောက်ဖော်ပြပါ အခြေအနေတွေနဲ့ ငြိစွန်းတဲ့ နိုင်ငံခြားသားတွေကို ပြည်ထဲရေး ဝန်ကြီးဌာနက နှင်ထုတ်ခွင့် ရှိပါတယ်။
– ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာသူတွေ၊ တရားမဝင် အခြေချ နေထိုင်သူတွေ
– တရားဝင် ခွင့်ပြုမထားတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေသူတွေ၊ တရားဝင် ခွင့်ပြုချက် မရဘဲ စီးပွားရေး လုပ်နေသူတွေ
– စာရွက်စာတမ်း အတုအပ ပြုလုပ်သူတွေ၊ ကိုင်ဆောင် အသုံးပြုသူတွေ
ဥပဒေ ချိုးဖောက်သူတွေဟာ ပြစ်မှုအတွက် ထောင်ဒဏ် ကျခံရတယ်ဆိုရင် ထောင်ဒဏ်ပြီးဆုံးတာနဲ့ ပြည်တွင်းကနေ နှင်ထုတ်ခံရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ပြည်နှင်ဒဏ်ကိုအကောင်အထည်ဖော်ချိန်မှာတော့လူ့အခွင့်အရေး၊ ပြည်တွင်း ဥပဒေနဲ့ နိုင်ငံတကာ လက်ခံထားတဲ့ စည်းမျဉ်းတွေအပေါ် အခြေခံပြီး စဉ်းစားရမယ်လို့လည်း အစိုးရက ညွှန်ကြားထားပါတယ်။
ထိုင်းနိုင်ငံ အနေနဲ့ နိုင်ငံခြားသား မိတ်ဆွေတွေကို ကောင်းမွန်စွာ ကြိုဆိုမှာ ဖြစ်ပေမယ့် တချို့ကတော့ အဲဒီ အခြေအနေတွေကို အမြတ်ထုတ်ပြီး ကိုယ်ကျိုးရှာခဲ့ကြောင်း၊ ဒါကြောင့်လည်း မကြိုဆိုသင့်တဲ့ နိုင်ငံခြားသားတွေကို နှင်ထုတ်တာက သင့်တော်တယ်လို့ အစိုးရ အနေနဲ့ လက်ခံယူဆကြောင်း ထိုင်းဝန်ကြီးချုပ်ရုံး ကြေညာချက်မှာ ပါရှိခဲ့ပါတယ်။
နှင်ထုတ်ခံရတဲ့ နိုင်ငံခြားသားတွေဟာ ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာနရဲ့ နာမည်ပျက် စာရင်းမှာ ထည့်သွင်းခံရပြီး အချိန်ကာလ အတိုင်းအတာ တစ်ခုထိ ပြည်ဝင်ခွင့် ပိတ်ခံရမယ်လို့လည်း သိရပါတယ်။
ကိုးကား – Thai PBS


















































