Connect with us

Hi, what are you looking for?

ဆောင်းပါး

နီပေါ ရေခဲမြစ်များ ထပ်မံရေကြီးဖွယ်ရှိ​နေ

ဒါဆို နီပေါမှာ နောက်ထပ်ရေခဲမြစ်ရေလွှမ်းမိုးမှု ဘယ်အချိန် ထပ်ဖြစ်မလဲ ဆိုတာ သိပ္ပံပညာရှင်တွေ ကြိုတင်ခန့်မှန်းနိုင်ပါသလား။

ဓါတ်ပုံ- National Geographic

ခါကာဘို ရေးသားသည်။

တစ်ချိန်က နှစ်သန်းပေါင်းများစွာ တည်ငြိမ်နေခဲ့တဲ့ ဟိမဝန္တာတောင်တန်းပေါ်က ရေခဲမြစ်တွေဟာ အရင်တုန်းကလို ငြိမ်သက်နေတဲ့ သဘာဝအလှတရားတစ်ခုသာ မဟုတ်တော့ပါဘူး။ ကမ္ဘာ့အပူချိန် မြင့်တက်လာတာနဲ့အမျှရေခဲတွေအရည်ပျော်နှုန်းပိုမြန်လာတယ်၊ရေခဲမြစ်တွေ အက်ကွဲလာတယ်တောင်စောင်းတွေ မတည်ငြိမ်တော့ဘူး။ အဲဒီလို အခြေအနေတွေကနီပေါနဲ့ တိဘက်အပါအဝင် ဟိမဝန္တာဒေသတ လျှောက်မှာ ရေလွှမ်းမိုးမှုနဲ့ ရေခဲပြိုကျမှု အန္တရာယ်အသစ်တွေကို သယ်ဆောင်လာနေတယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးနေကြပါတယ်။

မကြာသေးခင်ကနီပေါနိုင်ငံမှာမြေပြိုမှုကြောင့်မြစ်တစ်စင်း ပိတ်ဆို့ပြီး သဘာဝရေကန်ကြီး ဖြစ်ပေါ်ခဲ့တာကို တရုတ်နဲ့ နီပေါအာဏာပိုင်တွေကအရေးပေါ် စောင့်ကြည့်ခဲ့ရပါတယ်။ဒီလို သဘာဝရေကန်တွေဟာရေဖိအားများလာချိန်မှာ တစ်ကြိမ်တည်းနဲ့ ကျိုးပေါက်သွားနိုင်ပြီးအောက်ပိုင်းဒေသတွေကိုမိနစ်ပိုင်းအတွင်း ရေလွှမ်းမိုးနိုင်တာကြောင့် အန္တရာယ်အလွန် ကြီးမားပါတယ်။ ဟိမဝန္တာဒေသမှာ ဒီလိုဖြစ်စဉ်တွေ တစ်ကြိမ်ဖြစ်ပြီးရင် နောက်တစ်ကြိမ် ထပ်ဖြစ်နိုင်ခြေ ရှိ‌သေးလားဆိုတာကိုလည်းလူအများအင်မတန် စိုးရိမ်ကြပါတယ်။

တကယ်တော့ ရေခဲမြစ်တွေက အရည်ပျော်ရုံတခုထဲကပဲ အန္တရာယ်ဖြစ်တာ မဟုတ်ပါဘူး။ ရေခဲတုံးကြီးတွေ အက်ကွဲပြီး တောင်စောင်းပေါ်ကနေ ပြိုကျသွားနိုင်တယ်။ အဲဒီပြိုကျတဲ့ ထုထည်ကြီးမားတဲ့ ရေခဲနဲ့ ကျောက်တုံးတွေဟာ အောက်ဘက်ကို အရှိန်ပြင်းစွာ ဆင်းလာရင်း ရေခဲပျော်ရေ၊ကျောက်တုံး၊မြေသားတွေ

Public Service Announcement

Public Service Announcement

ကို တစ်ပါတည်း တွန်းချလိုက်တာကြောင့် ရုတ်တရက် ရေလွှမ်းမိုးမှု၊ နှင်းပြိုမှု၊ မြေပြိုမှုတွေ ဆက်တိုက်ဖြစ်လာနိုင်ပါတယ်။

ကမ္ဘာ့ရေခဲမြစ်တွေကို စောင့်ကြည့်လေ့လာနေတဲ့ (WGMS) ကတော့ ၂၀၂၂ မှ ၂၀၂၄ ခုနှစ်အတွင်းကမ္ဘာ့ရေခဲမြစ်တွေ ဆုံးရှုံးမှုဟာ မှတ်တမ်းတင်ထားသမျှထဲမှာ အမြင့်ဆုံးအဆင့်ကိုရောက်ရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာနိုင်ငံတကာ သိပ္ပံပညာရှင်အဖွဲ့ (IPCC) ရဲ့ အစီရင်ခံစာတွေအရလည်း ဟိမဝန္တာနဲ့ ဟိန္ဒုကူရှ် တောင်တန်းဒေသဟာ ကမ္ဘာ့ပျမ်းမျှနှုန်းထက် ပိုမိုမြန်ဆန်စွာ ပူနွေးနေပြီး ရေခဲမြစ်အန္တရာယ်တွေ ဆက်လက်တိုးလာမယ်လို့ ဖော်ပြထားပါတယ်။

National Geographic ၏ စူးစမ်းလေ့လာရေးပညာရှင်နှင့် ခတ္တမန္ဒူတက္ကသိုလ်မှ ရေခဲမြစ်ဆိုင်ရာ သုတေသီ ဘဟာဒူးရ် ချန်းဒ် (Mohan Bahadur Chand) ကတော့ “ကမ္ဘာကြီး ပူနွေးလာတာနဲ့အမျှ ရေခဲမြစ်ဖုံးလွှမ်းနေတဲ့ ဒေသအားလုံးမှာ အန္တရာယ် ပိုများလာနေပါတယ်” လို့ ပြောထားပါတယ်။ သူ့အဆိုအရ ပြဿနာက ရေခဲမြစ်တစ်ခုလုံးရဲ့ ဖွဲ့စည်းပုံနဲ့ တည်ငြိမ်မှု အားနည်းလာတာကြောင့် အက်ကွဲမှု၊ ပြိုကျမှုနဲ့ ရုတ်တရက် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နိုင်ခြေ ပိုမြင့်လာတာ ဖြစ်ပါတယ်။

ဒီလိုအန္တရာယ်တွေက ဟိမဝန္တာမှာပဲ ဖြစ်တာ မဟုတ်ပါဘူး။၂၀၂၃ ခုနှစ်စက်တင်ဘာလမှာ ဂရင်းလန်းအရှေ့ပိုင်းဒစ်ဆန်ဖျော်ဒ်မှာ ကျောက်တုံးနဲ့ ရေခဲတုံး အကြီးစားပြိုကျမှု ဖြစ်ပြီးအမြင့်မီတာ ၂၀၀ ခန့် (ပေ၆၅၀ ဝန်းကျင်) ရှိတဲ့ အလွန်ကြီးမားသော ဆူနာမီလှိုင်း (Megatsunami) လှိုင်းကြီး ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီလှိုင်းကြောင့် ကမ္ဘာတစ်ဝှမ်းက ငလျင်တိုင်းတာရေးစက်တွေကတောင် ကိုးရက်နီးပါး ဆက်တိုက် လှုပ်ရှားမှုကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

၂၀၂၅ ခုနှစ် ဇွန်လမှာလည်း ဆွစ်ဇာလန်နိုင်ငံ ဘလတ်တန်ရွာအပေါ်က ဘတ်ခ်ရေခဲမြစ် ပြိုကျပြီး ကျောက်တုံး၊ ရေခဲ၊ မြေသား တန်ချိန်သန်းပေါင်းများစွာ ရွာအပေါ် ဖုံးလွှမ်းသွားခဲ့ပါတယ်။ ဒါပေမယ့် ရက်ပေါင်းများစွာ ကြိုတင်စောင့်ကြည့်ထားပြီး ရွာသားတွေကို ကိုးရက်ခန့် ကြိုတင်ရွှေ့ပြောင်း ပေးခဲ့တဲ့အတွက် လူသေဆုံးမှုမဖြစ်ခဲ့တာဟာသိပ္ပံပညာနဲ့ စောင့်ကြည့်ရေးစနစ်ရဲ့အရေးပါမှုကို ပြသခဲ့တဲ့ ဖြစ်ရပ်တစ်ခုပါ။

ဒါဆို နောက်တစ်ကြိမ် ဘယ်နေ့၊ ဘယ်နေရာမှာ ဖြစ်မယ်ဆိုတာကို သိပ္ပံပညာရှင်တွေ ကြိုပြောနိုင်သလား။

အဖြေကတော့ “မရသေးပါဘူး” လို့ပဲ ဆိုရမှာပါ။ ရေခဲမြစ်ပြိုကျမှုဆိုတာ ငလျင်လိုပဲတိကျတဲ့ ရက်စွဲနဲ့ အချိန်ကို မခန့်မှန်းနိုင်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ရေခဲရဲ့အထူ၊ အပူချိန်၊အက်ကြောင်းတွေ၊ တောင်စောင်းရဲ့ တည်ငြိမ်မှု၊ မိုးရွာနှုန်း၊ ရေခဲပျော်ရေပမာဏ စတဲ့ အချက်ပေါင်းများစွာက တစ်ချိန်တည်း သက်ရောက်နေလို့ ဖြစ်ပါတယ်။

ဒါပေမယ့် “ဘယ်နေရာတွေက အန္တရာယ်မြင့်နေပြီ”ဆိုတာကိုတော့အခုခေတ်မှာ အတော်လေးတိကျစွာသိနိုင်လာပါပြီ။ဂြိုဟ်တုဓာတ်ပုံတွေ၊အဝေးမှအာရုံခံစနစ်(Remote Sensing)နည်းပညာ၊ ‌ရေဒါတိုင်းတာမှုတွေ၊ GPS စနစ်တွေ၊ မြေပြင်အာရုံခံစက်တွေကို အသုံးပြုပြီး ရေခဲမြစ်ရဲ့ လှုပ်ရှားနှုန်း၊ အက်ကြောင်းအသစ်တွေ၊ ရေကန်အရွယ်အစား တိုးလာမှုတွေကို အချိန်နဲ့တပြေးညီ စောင့်ကြည့်နေကြပါတယ်။

ဒါပေမယ့် ဟိမဝန္တာဒေသလို အလွန်မြင့်မားပြီး ကျယ်ပြောလွန်းတဲ့ တောင်တန်းတွေမှာ ဒီနည်းပညာတွေကို နေရာတိုင်းမှာ တပ်ဆင်နိုင်ဖို့က မလွယ်သေးပါဘူး။ နီပေါ၊ ဘူတန်၊ အိန္ဒိယ၊ ပါကစ္စတန်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဘဏ္ဍာငွေ၊ နည်းပညာနဲ့ကျွမ်းကျင်သူ အင်အားတွေ လိုအပ်နေဆဲ ဖြစ်ပါတယ်။

နောက်ထပ် စိုးရိမ်စရာတစ်ခုကတော့ လူတွေက မြစ်ကမ်းပါးတွေ၊ ရေလွှမ်းမိုးနိုင်တဲ့ လွင်ပြင်တွေ၊ တောင်ခြေဒေသတွေမှာ မြို့တွေ၊ လမ်းတွေ၊ တံတားတွေ ဆက်တိုက် တည်ဆောက်လာနေကြတာပါ။ အကယ်၍ အပေါ်ပိုင်းမှာရေခဲမြစ်တစ်ခုပြိုကျသွားရင် အောက်ဘက်ကလူနေဒေသတွေကိုသတိပေးဖို့ အချိန်မိနစ်ပိုင်းပဲ ရနိုင်တာမျိုး ဖြစ်တတ်ပါတယ်။

သိပ္ပံပညာရှင်တွေက နောက်ထပ် ဘယ်နေ့၊ ဘယ်အချိန်မှာ ရေခဲမြစ်ပြိုကျမယ်ဆိုတာကို မပြောနိုင်သေးပေမယ့်တစ်ခုကိုတော့ သေချာပြောနိုင်နေပါပြီ။ ကမ္ဘာကြီး ပိုပူလာနေသရွေ့ ဟိမဝန္တာတောင်တန်းတွေရဲ့ ရေခဲမြစ်တွေ ပိုမိုမတည်ငြိမ်လာမယ်၊ ရုတ်တရက် ရေကြီးရေလျှံမှု၊ ရေခဲပြိုကျမှု၊ မြေပြိုမှုတွေ ပိုမိုများပြားလာမယ်ဆိုတာပါပဲ။

ဒီအန္တရာယ်ကို လုံးဝတားဆီးဖို့ မဖြစ်နိုင်သေးပေမယ့် သိပ္ပံနည်းကျ စောင့်ကြည့်မှု၊ စောစီးစွာ သတိပေးစနစ်နဲ့ မြစ်ကမ်းပါး၊ တောင်ခြေဒေသတွေမှာ စနစ်တကျ မြို့ပြစီမံကိန်း ရေးဆွဲနိုင်မယ်ဆိုရင်တော့ သဘာဝဘေးကိုမတားနိုင်ရင်တောင် အသက်ဆုံးရှုံးမှုကို အများကြီး လျှော့ချနိုင်မယ်လို့ ပညာရှင်တွေက ယုံကြည်ထားကြပါတယ်။

ကိုးကား- National Geographic
World Glacier Monitoring Service (WGMS)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နီပေါနိုင်ငံနဲ့ ထိစပ်ရာ တိဘက်ကုန်းမြင့် ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုတွေအပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို နောက်တစ်ကြိမ် ရေကြီးနိုင်တဲ့ အန္တရာယ်ကြောင့် တရုတ်က ဆိုင်းငံ့ထားပါတယ်။

နိုင်ငံတကာ

နီပေါစစ်တပ်က ရေဘေးအတွင်းအသက်ရှင်ကျန်နေသူတွေကို ကယ်ဆယ်တဲ့ဗီဒီယိုမှတ်တမ်းတွေကို ထုတ်ပြန်လာပါတယ် ။

ဆောင်းပါး

ဒီနေ့မှာ ဟိမဝန္တာက ပြောင်းလဲလာနေပြီဖြစ်ပါတယ်။ ရေခဲတောင်တွေ ဆုတ်ယုတ်လာခြင်း၊ တောင်စောင်းတွေ မတည်ငြိမ်လာခြင်းနဲ့ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ရေဘေးတွေက လူသား‌တွေ အတွက် သတိပေးချက်တွေ ဖြစ်လာနေပါပြီ။

သတင်း

သဖန်းဆိပ်ဆည်ဖောက်ချလို့ ​ရေ​ဘေးသင့်ခဲ့တဲ့စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေအတွက် မော်လိုက်မြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ဒေသခံတွေက အလှူငွေ ကျပ်သိန်း၅၀၀ နီးပါး ထောက်ပံ့ပေးခဲ့ပါတယ်။