ထိုင်းနိုင်ငံက လျှပ်စစ်နဲ့ ကုန်မာ ပစ္စည်းတွေ အဓိက ရောင်းချရာ စျေးတစ်ခုမှာ မီးလောင်မှု ဖြစ်ပြီး စျေးအဆောက်အအုံ အစိတ်အပိုင်းတချို့ ပြိုကျခဲ့ပါတယ်။
အီလက်ထရောနစ် ပစ္စည်းတွေ၊ ကားအသံစနစ်တွေ၊ အရုပ်တွေနဲ့ တခြားကုန်မာ ပစ္စည်းတွေ ရောင်းချတဲ့ ခလောင်ထွန်စင်တာ စျေးမှာ ဩဂုတ် ၂၈ ရက် ညပိုင်းတုန်းက မီးလောင်မှု ဖြစ်ခဲ့တာပါ။ နာရီတွေနဲ့ချီ ကြာမြင့်အောင် လောင်ကျွမ်းခဲ့တဲ့ မီးကြောင့် စျေးအဆောက်အအုံ အပိုင်းတချို့ ပြိုကျခဲ့ကြောင်း၊ အဲဒီနောက်မှာတော့ မီးကို ထိန်းချုပ် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဘန်ကောက်မြို့တော် အုပ်ချုပ်ရေး ဌာနက ထုတ်ပြန်ခဲ့ပါတယ်။
သံမဏိ အားဖြည့် သုံးထပ် အဆောက်အအုံရဲ့ အောက်ထပ်မှာရှိတဲ့ ဆိုင်ခန်းတစ်ခုကနေ မီးစလောင်တယ်လို့ ယုံကြည်ရပြီး အပေါ်ထပ်တွေကိုပါ ကူးစက်ကုန်ပါတယ်။ မီးအပူရှိန် အရမ်းပြင်းတာကြောင့် သံမဏိတွေ အရည်ပျော်ပြီး အဆောက်အအုံ အမိုးအစိတ်အပိုင်းတချို့ ပြိုကျခဲ့တာလို့ ယုံကြည်ရကြောင်း အခင်းဖြစ်ရာ နေရာကို ကိုယ်တိုင် ရောက်ရှိလာတဲ့ ဘန်ကောက် အုပ်ချုပ်ရေးမှူး ချတ်ချက် ဆစ်တီပွန်က ပြောကြားခဲ့ပါတယ်။
မီးလောင်မှုနဲ့ ဆက်စပ်လို့ ဒဏ်ရာရသူ ၉ ဦးရှိပြီး ဆေးရုံတင်ပို့ထားတယ်လို့ ကနဦး သတင်းတွေ သိရှိထားပြီး အသေအပျောက်တော့ မရှိပါဘူး။ စျေးထဲမှာ ဆိုလာပြားတွေနဲ့ မီးလောင်လွယ်တဲ့ ပစ္စည်းတွေ အများအပြား ရှိနေပြီး အဲဒီကုန်စည်တွေကို မီးလောင်ရာကနေ အဆိပ်အတောက် ဖြစ်စေတဲ့ မီးခိုးတွေ ထွက်လာတာကြောင့် မီးသတ် တပ်ဖွဲ့တွေ အတွက်ပါ အခက်အခဲတွေ ကြုံခဲ့ရပါတယ်။

Public Service Announcement
နှစ်ပေါင်း ၃၀ လောက် သက်တမ်းရှိပြီး ဆိုင်ခန်းပေါင်း ၅၀၀ လောက် ဖွင့်လှစ်ထားရာ ခလောင်ထွန် စင်တာထဲမှာ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု ဘယ်လောက်များများ ရှိသလဲ ဆိုတာကို စစ်ဆေးနေဆဲပါ။ ဆိုင်ခန်း တော်တော်များများနဲ့ ကုန်ပစ္စည်းတွေကို ဆုံးရှုံးခဲ့တယ်လို့ ယုံကြည်ရပါတယ်။ မီးစတင် လောင်ကျွမ်းရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့ သိရပါတယ်။
ကိုးကား: Bangkok Post


















































