Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယမှာ ကျောင်းသားအဆောင် ပြိုကျပြီး ၃ ဦးသေ၊ ၅၀ ဝန်းကျင် ပိတ်မိနေ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လူနေ အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူ ၅၀ လောက် အပျက်အစီးတွေအောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။

ဓာတ်ပုံ - Reuters

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လူနေ အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူ ၅၀ လောက် အပျက်အစီးတွေအောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။

စက်တင်ဘာ ၆ ရက်နေ့ မွန်းလွဲပိုင်းတုန်းက ဒေလီ အနောက်တောင်ဖက်၊ ဆတ်ယားနစ်ကီတန် ရပ်ကွက်ထဲက ၅ ထပ်တိုက်ဟောင်းတစ်လုံး ပြိုကျခဲ့တာ ဖြစ်ပါတယ်။

ဒေလီတက္ကသိုလ်နဲ့ မနီးမဝေးမှာ တည်ရှိတဲ့ အဆောက်အအုံဟာ သက်တမ်းအိုဟောင်းနေပြီး ကျောင်းသားတွေ နေထိုင်ရာ အဆောင်တစ်ခုအဖြစ် အသုံးပြုနေတယ်လို့ သိရပါတယ်။

အဆောက်အအုံ ပြိုကျရတဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးပေမယ့် သက်တမ်းအိုဟောင်းတာ၊ ပြီးတော့ မြေညီထပ်မှာ ပြန်လည် မွမ်းမံ တည်ဆောက်မှုတွေ လုပ်ဆောင်နေရင်း မြေတူးမှုတွေကြောင့် တိုင်တွေ ယိုင်နဲ့ပြီး ပြိုဆင်းသွားတာလို့ ကနဦး ယူဆထားပါတယ်။

Public Service Announcement

Public Service Announcement

အခင်းဖြစ်တဲ့နေ့က တက္ကသိုလ် ပိတ်ရက်ဖြစ်တာကြောင့် အဆောင်နေ ကျောင်းသား အများစုဟာ အဆောက်အအုံထဲမှာ ရှိနေခဲ့ကြပါတယ်။ ဒါကြောင့်လည်း ပြိုကျချိန်မှာ အပျက်အစီးတွေအောက် ပျောက်ဆုံးနေသူကလည်း များပြားခဲ့တာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေဟာ စက်တင်ဘာ ၆ ရက် ညပိုင်းထိ အခြေအနေအရ အလောင်း ၃ ခု ရှာတွေ့ခဲ့ပြီး ၈ ဦးကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီထဲက ၃ ယောက်ဟာ ဒဏ်ရာပြင်းလို့ ဆေးရုံကို အရေးပေါ် တင်ပို့ထားရပါတယ်။

ပြိုကျနေတဲ့ အဆောက်အအုံပျက်အောက် ပိတ်မိနေသူ ကျောင်းသားတချို့က သူတို့ အသက်ရှင်နေသေးကြောင်း ဖုန်းဆက် အကြောင်းကြားခဲ့ပါတယ်။ ပြိုကျသွားတဲ့ အဆောက်အအုံနဲ့ ကပ်လျက်မှာရှိပြီး ကျောင်းသားဆောင် အနေနဲ့ပဲ ဖွင့်လှစ်ထားတဲ့ နောက်ထပ် အိမ်တစ်လုံးလည်း အပျက်အစီးတွေပိလို့ ပြိုကျသွားကြောင်း မျက်မြင်တွေက ဆိုပါတယ်။

ဒေလီဒေသ အစိုးရအဖွဲ့ ဝန်ကြီးချုပ် ရက်ခါဂူပ်တာက ကယ်ဆယ်ရေး လုပ်ငန်းတွေကို ရှိသမျှ အရင်းအမြစ်အားလုံး အသုံးပြုပြီး လုပ်ဆောင်ဖို့ ညွှန်ကြားထားကြောင်း၊ ပြိုကျ အဆောက်အအုံ အနီးမှာရှိတဲ့ နောက်ထပ် တိုက်တစ်လုံးမှာ နေထိုင်သူတွေကိုလည်း ယာယီ ရွှေ့ပြောင်းထားစေကြောင်း ပြောပါတယ်။

အနီးမှာရှိတဲ့ စတိုးဆိုင် ပိုင်ရှင်တစ်ဦးကတော့ ပြိုကျတဲ့ အဆောက်အအုံရဲ့ ပိုင်ရှင်ဟာ ဝင်ငွေတိုးစေဖို့အတွက် အခန်းတွေကို ထပ်တိုးချဲ့ တည်ဆောက်စေခဲ့ပေမယ့် အောက်ခြေတိုင်တွေက မခိုင်တာကြောင့် ဒုက္ခရောက်သွားတာဖြစ်ကြောင်း ပြောပါတယ်။ ပြိုကျမှုအတွင်း ပိမိနေသူတွေထဲမှာ ကျောင်းသားတွေသာ မကဘဲ ဆောက်လုပ်ရေး အလုပ်သမားတွေလည်း ပါဝင်ခဲ့ပါတယ်။

အိန္ဒိယ အမျိုးသား ကျောင်းသားများ သမဂ္ဂကတော့ အဆောက်အအုံ ပြိုကျမှု အကြောင်းရင်းကို စနစ်တကျ စုံစမ်းစစ်ဆေးပြီး ပေါ့လျော့မှု၊ တာဝန်မဲ့မှုတွေရှိကြောင်း စစ်ဆေး ပေါ်ပေါက်လာရင် ထိုက်သင့်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ပေးဖို့ အစိုးရကို တိုက်တွန်း တောင်းဆိုထားပါတယ်။ ကျောင်းသားတွေ၊ ပြည်သူတွေရဲ့ လုံခြုံရေးကို အကြီးအကျယ် ထိခိုက်စေတဲ့ ပေါ့ဆမှုတိုင်းဟာ ဘယ်လိုနည်းနဲ့မှ သည်းခံနိုင်စရာ မရှိဘူးလို့လည်း သမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆတ်ယားနစ်ကီတန် ရပ်ကွက်ဟာ ကျောင်းသားအများအပြား နေထိုင်တဲ့ ဧရိယာ တစ်ခုဖြစ်ပြီး အဆောင်အဖြစ် ဖွင့်လှစ်ထားတဲ့ အဆောက်အအုံတွေလည်း အများကြီး ရှိနေကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

အိန္ဒိယမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်းစွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ နိုင်ငံခြားသား ၇ ဦးဟာမြန်မာနိုင်ငံမှာ အရပ်ဖက် လေယာဉ်တစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ လုပ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)ကစွပ်စွဲပါတယ်။

ဆောင်းပါး

“အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်မြေပြင်မှာ ဘယ်သူက အမှန်တကယ် စိုးမိုးထားသလဲ”

သတင်း

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့မှာ ဆောက်လုပ်ဆဲ အဆောက်အအုံပြိုကျပြီး အလုပ်သမား ၃ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။