Connect with us

Hi, what are you looking for?

ဆောင်းပါး

ဖနွမ်းပင်မှာ ပြန်ဆုံမယ့် အာဏာနဲ့ အကျိုးစီးပွား မဟာမိတ်များ

ဟွန်ဆန်နှင့် မင်းအောင်လှိုင် – အတိတ်ရဲ့ အရိပ်နဲ့ အနာဂတ်ရဲ့ ရွေးချယ်မှု

ဥဂ္ဂါ ရေးသားသည်။

ထိုင်းနိုင်ငံက အာဏာသိမ်း​ခေါင်း​ဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားလိုက်ပြီးမကြာခင်မှာပဲ ကမ္ဘောဒီးယားရဲ့ဆယ်စုနှစ်များစွာ အာဏာကိုဆုပ်ကိုင်ထားတဲ့ ဟွန်ဆန်ကလည်း ဖနွမ်းပင်ကို လာရောက်လည်ပတ်ဖို့ ထပ်မံဖိတ်ကြားလိုက်ပါတယ်။ အာဆီယံရေးရာကိုစောင့်ကြည့်နေသူတွေအတွက်တော့ ဒီဖြစ်ရပ်ဟာ သိပ်အံ့ဩစရာတော့ မဟုတ်ပါဘူး။ ဟွန်ဆန်နဲ့ မင်းအောင်လှိုင်တို့ရဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ အပြန်အလှန်ဆက်ဆံရေးကို ကြည့်မယ်ဆိုရင် ဒီလိုဖိတ်ကြားမှုမျိုး ဖြစ်လာနိုင်တယ်လို့ ကြိုတင်ခန့်မှန်းနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေလို့ပါ။

ဥရောပသမဂ္ဂ (EU) နဲ့ အမေရိကန်တို့ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဆက်တိုက်ရင်ဆိုင်နေရတဲ့ မင်းအောင်လှိုင်ဟာ စက်တင်ဘာ ၁၁ရက်၊ ၁၂ ရက်နေ့တွေမှာ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ကို သွားရောက်လည်ပတ်ဖို့ ရှိနေပါတယ်။

အပေါ်ယံအမြင်နဲ့ဆိုရင်ဒါဟာအိမ်နီးချင်းနိုင်ငံနှစ်နိုင်ငံကြားချစ်ကြည်ရေးခရီးစဉ်တစ်ခုလို့ထင်နိုင်ပါတယ်။ဒါပေမယ့် နောက်ခံနိုင်ငံရေးကို ကြည့်လိုက်ရင်တော့ ဒီခရီးစဉ်ဟာ အတ္တနဲ့ အကျိုးစီးပွား ထပ်တူကျနေတဲ့ အာဏာကိုနှစ်ရှည်ဆုပ်ကိုင်ထားတဲ့ ခေါင်းဆောင်နှစ်ဦးကြားအပြန်အလှန်လိုအပ်ချက်တွေပေါ်လွင်လာတဲ့ ဖြစ်ရပ်တစ်ခုလို့ မြင်နိုင်ပါတယ်။

Public Service Announcement

Public Service Announcement

ဟွန်ဆန်နဲ့ မင်းအောင်လှိုင်တို့ကို ဆက်စပ်ပေးထားတာက ပုဂ္ဂိုလ်ရေးရင်းနှီးမှုတစ်ခုတည်း မဟုတ်ပါဘူး။ အာဏာရလာတဲ့နည်းလမ်း၊ အာဏာကို ထိန်းချုပ်ကိုင်ထားတဲ့ပုံစံနဲ့ နိုင်ငံကို အုပ်ချုပ်တဲ့အတွေးအခေါ်တွေမှာပါတူညီမှုတွေ အများကြီးရှိနေပါတယ်။

ဟွန်ဆန်နဲ့ မင်းအောင်လှိုင်တို့ရဲ့အာဏာရလာတဲ့ နောက်ခံကို ကြည့်မယ်ဆိုရင်ကွာခြားချက်အချို့နဲ့ အတူ တူညီတဲ့အချက်များစွာကိုလည်းတွေ့ရပါတယ်။ဟွန်ဆန်ဟာ ၁၉၉၇ ခုနှစ် ဇူလိုင်လမှာ ပူးတွဲဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားတဲ့ မင်းသား နိုရိုဒွန် ရာနရစ်နဲ့ ဖြစ်ပွားခဲ့တဲ့ အာဏာလွန်ဆွဲမှုအတွင်း စစ်ရေးအင်အားသုံးပြီး အနိုင်ယူကာ အာဏာချုပ်ကိုင်နိုင်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးမင်းသားနိုရိုဒွန်ဟာ နောက်ဆုံးမှာ နိုင်ငံပြင်ပကို ထွက်ခွာခဲ့ရပါတယ်။

ဒီဖြစ်ရပ်ကို နိုင်ငံတကာမီဒီယာနဲ့ နိုင်ငံရေးသုတေသီအများစုက “၁၉၉၇ ကမ္ဘောဒီးယား အာဏာသိမ်းမှု” (1997 Cambodian coup) လို့ ရည်ညွှန်းကြပါတယ်။ သို့သော် ဟွန်ဆန်ဘက်ကတော့ ထိုဖြစ်ရပ်ဟာ အာဏာသိမ်းမှုမဟုတ်ဘဲ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းဖို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ အမြဲတမ်း တုံ့ပြန်ငြင်းဆိုခဲ့ပါတယ်။ မည်သို့ပင်ဆိုစေ၊ ဒီဖြစ်ရပ်ဟာဟွန်ဆန်ရဲ့ နိုင်ငံရေးအာဏာကို ပိုမိုခိုင်မာစေခဲ့တဲ့ အရေးကြီးဆုံး အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

မင်းအောင်လှိုင်ကတော့ ၂၀၂၁ ခုနှစ်မှာ ရွေးကောက်ခံအစိုးရကို လက်နက်အားကိုးနဲ့ ဖြုတ်ချပြီး စစ်အာဏာသိမ်းခဲ့ပါတယ်။ အဲဒီနောက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပေါ်ပေါက်လာတဲ့ ပြည်သူလူထုရဲ့ ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ ဆန့်ကျင်တော်လှန်ရေးလှုပ်ရှားမှုတွေကို အင်အားသုံး ဖြိုခွင်းခဲ့ပြီး၊ ဒီလိုဖြစ်စဉ်တွေကနေ နောက်ဆုံးမှာ နိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခနဲ့ ပြည်တွင်းစစ်အခြေအနေ ပိုမိုပြင်းထန်လာခဲ့ပေမယ့် အာဏာကို ဆက်လက်ထိန်းချုပ်နိုင်ဖို့ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။

ဖြစ်စဉ်နှစ်ခုရဲ့အသေးစိတ်မတူပေမယ့် ရလဒ်ကတော့ တူပါတယ်။ နှစ်ဦးစလုံးဟာ အတိုက်အခံ မှန်သမျှကို ထောင်ဒဏ်၊ ပြည်နှင်ဒဏ်ပေးခြင်းနဲ့ အချို့ကို ပြင်းထန်စွာ ဖိနှိပ်သတ်ဖြတ်ခဲ့ပြီး၊ တရားဥပဒေကိုနိုင်ငံရေးလက်နက်အဖြစ် အသုံးချခြင်းနဲ့အာဏာကိုရေရှည်ဆုပ်ကိုင်ထားဖို့ ကြိုးပမ်းခြင်းတို့ဟာသူတို့ရဲ့ အုပ်ချုပ်မှုပုံစံတွေမှာ တွေ့ရတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

ထို့အပြင် ဒေသတွင်းလက်ရှိ ပေါ်ပေါက်နေတဲ့ ဒုစရိုက်စီးပွားရေးကွန်ရက်တွေနဲ့ ပတ်သက်တဲ့ အငြင်းပွားဖွယ် အခြေအနေတွေကလည်း သူတို့နှစ်ဦးရဲ့ဆက်ဆံရေးကိုပိုပြီးစောင့်ကြည့်စရာ ဖြစ်စေပါတယ်။

ကမ္ဘောဒီးယားရဲ့သီဟာနုဗေးလ်မြို့ကနေ မြန်မာနိုင်ငံ မြဝတီ၊ ရွှေကုက္ကိုလ်နဲ့ KK Park အထိ ပြန့်နှံ့နေတဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ၊ လူကုန်ကူးမှုနဲ့ ငွေကြေးခဝါချမှုကွန်ရက်တွေဟာ အရှေ့တောင်အာရှရဲ့ အကြီးဆုံး လုံခြုံရေးစိန်ခေါ်မှုတွေထဲက တစ်ခုဖြစ်လာနေပါတယ်။ ဒီလုပ်ငန်းတွေဟာ နယ်စပ်ဒေသတွေမှာ အမြစ်တွယ်နေပြီး လက်နက်ကိုင်အဖွဲ့တွေ၊ရာဇဝတ်ဂိုဏ်းတွေနဲ့ အာဏာပိုင်အချို့ရဲ့ ကာကွယ်မှုအောက်မှာ ရှင်သန်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ကလည်း ဆက်တိုက်ထွက်ပေါ်နေပါတယ်။

ကုလသမဂ္ဂ၊ အမေရိကန်နိုင်ငံနဲ့ နိုင်ငံတကာသုတေသနအဖွဲ့အစည်းတွေက ထုတ်ပြန်ထားတဲ့ အစီရင်ခံစာတွေမှာလည်း ဒီဒုစရိုက်စီးပွားရေးကနေ နှစ်စဉ်ဘီလီယံနဲ့ချီတဲ့ ငွေကြေးတွေ လည်ပတ်နေပြီး အဲဒီဝင်ငွေတချို့ဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အာဏာတည်မြဲရေးယန္တရား တွေဆီ စီးဆင်းသွားတယ်လို့ ထောက်ပြထားပါတယ်။

ဒါ့အပြင်တရုတ်နိုင်ငံကလည်း ကမ္ဘောဒီးယားနိုင်ငံမှ အွန်လိုင်းလိမ်လည်မှုနှင့် တရားမဝင် လုပ်ငန်းများတွင် ပါဝင်သူ တရုတ်နိုင်ငံသားများကို ဖမ်းဆီးပြီး ပြန်လည်ပို့ဆောင်လျက်ရှိပါတယ်။

ဒီလိုအခြေအနေမျိုးမှာဟွန်ဆန်ကမင်းအောင်လှိုင်ကို ဖိတ်ကြားလိုက်တာဟာ သံတမန်ရေးအရ ဧည့်ဝတ်ပြုခြင်းထက် ပိုတဲ့ နိုင်ငံရေးသတင်းစကားတစ်ခုလို့မြင်နိုင်ပါတယ်။ထိုင်းနိုင်ငံက ဖိတ်လိုက်တဲ့အပေါ် အားကျမခံ တုံ့ပြန်မှုတစ်ခုလည်း ဖြစ်နိုင်သလို၊ ဒေသတွင်းမှာ မိမိရဲ့ သြဇာကို ပြသလိုတဲ့ ရည်ရွယ်ချက်လည်း ပါဝင်နေနိုင်ပါတယ်။ တစ်ဖက်မှာတော့ နိုင်ငံတကာဖိအားအောက် ရောက်နေတဲ့ မင်းအောင်လှိုင်အတွက် ဒီခရီးစဉ်ဟာ ဒေသတွင်း နိုင်ငံရေးအထီးကျန်မှုကိုလျှော့ချနိုင်ဖို့ ကြိုးပမ်းတဲ့လှုပ်ရှားမှုတစ်ခုအဖြစ်လည်း မြင်နိုင်ပါတယ်။

ဒါပေမယ့် ဟွန်ဆန်နဲ့ မင်းအောင်လှိုင်ကို အတူတူတန်းညှိပြီး မြင်လို့တော့မရပါဘူး။ အာဏာကို ဆုပ်ကိုင်ထားတဲ့ ပုံစံမှာ တူညီချက်တွေ ရှိနေပေမယ့်လက်ရှိနိုင်ငံနဲ့ ပြည်သူတွေရဲ့အခြေအနေကို ကြည့်လိုက်ရင် ကွာခြားချက်က သိသိသာသာ ထင်ရှားနေပါတယ်။

ကမ္ဘောဒီးယားဟာယခင်ဆယ်စုနှစ်တွေနဲ့ နှိုင်းယှဉ်ရင် စီးပွားရေး၊ အခြေခံအဆောက်အအုံ၊ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍ တွေမှာ များစွာ တိုးတက်မှုတွေ ရရှိလာခဲ့ပြီး အာဆီယံဒေသအတွင်း ဖွံ့ဖြိုးတိုးတက်လာနေတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လာပါတယ်။ အားနည်းချက်တွေနဲ့ ဝေဖန်စရာတွေ ရှိနေသေးပေမယ့် နိုင်ငံတည်ဆောက်ရေးဘက်မှာတော့ ရလဒ်အချို့ကို မြင်တွေ့နိုင်ပါတယ်။

အထူးသဖြင့် ကမ္ဘောဒီးယားဟာ လူငယ်တွေအတွက်ပညာရေး၊ခေတ်မီနည်းပညာနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းတွေ တိုးတက်လာစေဖို့ အားပေးဆောင်ရွက်နေပါတယ်။ ဒါကြောင့် ကမ္ဘောဒီးယားလူငယ်အများစုအနေနဲ့ မိမိတို့နိုင်ငံဟာအနာဂတ်အတွက် အခွင့်အလမ်းတွေ ပေးနိုင်တဲ့ နေရာတစ်ခုဖြစ်တယ်လို့ ယုံကြည်မှု ရှိနေကြပါတယ်။

တစ်ဖက်မှာတော့ မင်းအောင်လှိုင်လက်အောက်က မြန်မာနိုင်ငံဟာ စစ်ပွဲ၊ နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းမှုနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေကြောင့် ပြည်သူသန်းပေါင်း များစွာရဲ့ ဘဝထိခိုက်မှုတွေကို ရင်ဆိုင်နေရပါတယ်။ဒါ့အပြင် စစ်မှုထမ်းဥပဒေနဲ့ အနာဂတ် မရေရာမှုတွေကြောင့် လူငယ်ပညာတတ်များနဲ့ ကျွမ်းကျင်လုပ်သားများစွာ ပြည်ပသို့ထွက်ခွာသွားတဲ့ ဉာဏ်ရည်အရင်းအမြစ် ဆုံးရှုံးမှု (Brain Drain) ပြဿနာကိုလည်း ဆိုးဆိုးရွားရွားကြုံတွေ့နေရပါတယ်။

ဒီအခြေအနေတွေကြောင့် နိုင်ငံနဲ့ ပြည်သူအပေါ် သက်ရောက်လာတဲ့ ဆိုးကျိုးအတိုင်းအတာကို ကြည့်မယ်ဆိုရင် မင်းအောင်လှိုင်ရဲ့ အုပ်ချုပ်မှုပုံစံဟာ ပိုမိုပြင်းထန်ဆိုးရွားတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်စေခဲ့ပြီး မြန်မာနိုင်ငံကို ကျဆုံးနိုင်ငံအဖြစ်သို့ ဦးတည်စေတဲ့ အခြေအနေတစ်ရပ်အဖြစ် သတ်မှတ်နိုင်ပါတယ်။

အခြားတစ်ဖက်မှာ ဒီခရီးစဉ်ဟာ ဟွန်ဆန်အတွက်လည်း နိုင်ငံရေးရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။နှစ်ပေါင်းများစွာ အာဏာရှင်ဆိုတဲ့ ပုံရိပ်နဲ့ နေထိုင်ခဲ့ရတဲ့ဟွန်ဆန်အနေနဲ့ ကမ္ဘောဒီးယားရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အခြေခံပြီး နိုင်ငံတကာနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်တဲ့လမ်းကြောင်းကိုရွေးချယ်နိုင်တဲ့အခွင့်အရေးရှိနေပါတယ်။ အဲဒီလိုအချိန်မှာ နိုင်ငံတကာရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေအောက် ရောက်နေတဲ့မင်းအောင်လှိုင်လိုစစ်အာဏာရှင် နဲ့ နီးကပ်စွာ ရပ်တည်ခြင်းက ကမ္ဘောဒီးယားရဲ့ ပုံရိပ်နဲ့ သံတမန်ရေးအကျိုးစီးပွားကိုသာ ထိခိုက်စေနိုင်ပါတယ်။

မိတ်ဆွေဆိုတာ ကိုယ့်ရဲ့ ဂုဏ်သတင်းကို မြှင့်တင်ပေးနိုင်သူသာ ဖြစ်သင့်ပါတယ်။ ဟွန်ဆန်အနေနဲ့လည်း အတိတ်က နာမည်ဆိုးတွေကနေ ရုန်းထွက်ချင်တယ်ဆိုရင် အာဏာရှင်တွေနဲ့ လက်တွဲတာထက် ဒေသတွင်းနဲ့ နိုင်ငံတကာကယုံကြည်လေးစားတဲ့မိတ်ဖက်တွေနဲ့ ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ဖို့ကသာ ကမ္ဘောဒီးယားရဲ့ရေရှည်အကျိုးစီးပွားအတွက်ပိုမိုမှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ပါလိမ့်မယ်။

ဆက်စပ်သတင်းများ

ဖွင့်ဆိုရှင်းပြ

ဇွတ်သမ္မတတဖြစ်လဲ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အစိုးရသည် ကုလသမဂ္ဂနှင့် အာဆီယံစင်မြင့်ထက်တွင် နေရာမရဘဲ သံတမန်ရေးအရ အထီးကျန်နေချိန်တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organization-SCO)ကိုသံတမန်ရေး အသက်ရှူပေါက်နှင့်နိုင်ငံတကာတရားဝင်မှု (Legitimacy)ရရှိရေးအတွက် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ဖို့ ကြိုးစားနေပါသည်။

သတင်း

မြန်မာနိုင်ငံမှာ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြိမ်ရေနဲ့ ပြင်းထန်မှုကလည်း ပိုပြီး မြင့်တက်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရား(IIMM)အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောကြားပါတယ်။

သတင်း

အိန္ဒိယမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်းစွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ နိုင်ငံခြားသား ၇ ဦးဟာမြန်မာနိုင်ငံမှာ အရပ်ဖက် လေယာဉ်တစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ လုပ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)ကစွပ်စွဲပါတယ်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဘန်ကောက် ခရီးစဉ်အတွင်း ဆန္ဒပြခဲ့တဲ့ ထိုင်းလွှတ်တော် အမတ်ဟာ မြန်မာပြည်သူတွေဆီက ထောက်ခံချီးကျူးတဲ့စာတွေ အများအပြား လက်ခံ ရရှိနေတယ်လို့ ဆိုပါတယ်။