အောက်တိုဘာ-၁၁၊၂၀၂၆။ဇော်၀င်း/People’s Spring
မြန်မာနိုင်ငံရဲ့ကုန်ထုတ်လုပ်မှုခြောက်လဆက်တိုက်ကျဆင်းနေပြီး ကုန်ကြမ်းမလုံလောက်မှု၊ သယ်ယူပို့ဆောင်စရိတ် ၊ သွင်းကုန်လိုင်စင်ရရှိရေး အခက်အခဲနဲ့ ငွေလဲနှုန်းအပြောင်းအလဲတွေ မြင့်တက်နေတယ်လို့ အမေရိကန်အခြေစိုက်စီးပွားရေးသတင်းအချက်အလက်အဖွဲ့အစည်း S&P Global ကထုတ်ပြန်ပါတယ်။
အခုစစ်တမ်းကမြန်မာ့ထုတ်လုပ်မှုကဏ္ဍမှာရှိနေတဲ့ ကုမ္ပဏီ ၄၀၀ ၀န်းကျင်က ဝယ်ယူရေးမန်နေဂျာတွေထံက ကောက်ယူရရှိတဲ့ အချက်အလက်တွေ ပေါ် အခြေခံပြီး S&P Global က ပြုစုထားတာဖြစ်ပါတယ်။
ကုန်ထုတ်လုပ်မှု နဲ့ အော်ဒါ (ကုန်အမှာစာ)နှစ်ခုစလုံးမှာ လျင်လျင်မြန်မြန် ကျဆင်းနေခြင်းဖြစ်ပြီး Myanmar Manufacturing PMI အညွှန်းကိန်းအရ ၅၀.၃ မှ စက်တင်ဘာလမှာ ၄၉.၁ သို့ ကျဆင်းနေကြောင်းအောက်တိုဘာ ပထမပတ် ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Public Service Announcement
ဒါ့အပြင် ကုန်စည်ထုတ်လုပ်သူတွေ ရရှိတဲ့ အော်ဒါသစ် ပမာဏက စက်တင်ဘာလမှာ ငါးလဆက်တိုက် ကျဆင်းခဲ့ပြီး ဇွန်လနောက်ပိုင်း အမြန်ဆုံးနှုန်းနဲ့ ကျဆင်းနေတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ထုတ်လုပ်မှု ပမာဏကလည်းခြောက်လဆက်တိုက် ကျဆင်းခဲ့တဲ့အပြင် လျှပ်စစ်ဓာတ်အားခတွေ မြင့်တက်လာတာကြောင့် ရှေ့လာမယ့် ၁၂ လအတွက်ထုတ်လုပ်မှုမျှော်မှန်းချက်တွေ အပေါ် ရိုက်ခတ်မှုတွေရှိတယ်လို့S&P Globalက ခန့်မှန်းထားပါတယ်။
S&P Global Market Intelligence မှ စီးပွားရေးဆိုင်ရာ ဒါရိုက်တာ ထရဲဗာ ဘာလ်ချင် က ” PMI ရမှတ် ၅၀အောက်ကိုရောက်ရှိသွားတာက စက်ရုံအလုပ်ရုံတွေရဲ့ အခြေအနေ ယိုယွင်းလာမှုကို ဖော်ပြနေပြီး အဓိကအားဖြင့် အော်ဒါသစ်တွေ ပိုမိုလျော့နည်းသွားတာကြောင့် ဖြစ်တယ်”လို့ ပြောပါတယ်။
ပုံမှန်အော်ဒါမှာယူသူတွေဆီက ဝယ်လိုအားနည်းပါးတာနဲ့ ထုတ်ကုန်စျေးနှုန်းမြင့်မားလာတာတွေ ကြောင့်အော်ဒါသစ်တွေ လျှော့ကျသွားခဲ့တာလို့ သုံးသပ်ထားပါတယ်။
ကုမ္ပဏီတွေဟာလည်း လက်ကျန်အလုပ်တွေကို ထိန်းချုပ်နိုင်ဖို့အတွက် ထုတ်လုပ်မှုပမာဏကိုလျှော့ချခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ကုန်ကြမ်းရှားပါးမှု၊ သယ်ယူပို့ဆောင်ရေးစရိတ်၊ ပို့ကုန်သွင်းကုန် လိုင်စင်ကန့်သတ်ချက်တွေနဲ့ ငွေလဲနှုန်းသတ်မှတ်ချက်တွေကြောင့် စက်တင်ဘာလမှာပျမ်းမျှကုန်ကြမ်းဝယ်ယူမှု စျေးနှုန်းတွေကလည်း လေးလအတွင်း အမြန်ဆုံးနှုန်းထားဖြင့် မြင့်တက်နေတာလို့ S&P Global က ပြောပါတယ်။
ကုန်ထုတ်လုပ်မှုတွေကျဆင်းနေတာက အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှု အပါအ၀င် နိုင်ငံစီးပွားရေးအပေါ် တိုက်ရိုက်သက် ရောက်တဲ့အပြင် ပြည်သူတွေရဲ့ နေ့စဉ်အသုံးစရိတ် ကို မြင့်တက်စေလိမ့်မယ်လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက S&P Global စစ်တမ်းနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပါတယ်။
S&P Globalဟာကမ္ဘာ့ဘဏ္ဍာရေးနဲ့ စီးပွားရေးစျေးကွက်တွေ အတွက်အရေးပါတဲ့ အချက်အလက်နဲ့သုတေသနဆိုင်ရာဖြေရှင်းချက်တွေကို ပံ့ပိုးပေးနေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။



















































