ယီမင် အခြေစိုက် ဟိုသီ ပြောက်ကျားတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကြောင့် လူ ၇၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ဆော်ဒီ အာရေးဘီးယားက ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်နဲ့ အီရန်တို့ကြား ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အပြန်အလှန် တိုက်ခိုက်မှုတွေ ပြန်လည် စတင်လာချိန်မှာပဲ အီရန်ရဲ့ မဟာမိတ်ဖြစ်တဲ့ ဟိုသီတွေက အမေရိကန် မဟာမိတ် ဆော်ဒီကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စက်တင်ဘာ ၈ ရက် မနက်ပိုင်းက အက်ဘ်ဟာ ဒေသမှာရှိတဲ့ ဂျာဇန်၊ နက်ဂျ်ရန်း၊ ခါမစ် မူရှိုက်မြို့တွေထဲက အရပ်ဖက်နဲ့ စီးပွားရေးဆိုင်ရာ အဆောက်အအုံတွေကို ဟိုသီတွေက တိုက်ခိုက်ခဲ့ကြောင်း ယီမင်မှာ နိုင်ငံတကာ အသိအမှတ်ပြု အစိုးရကို အကူအညီပေးနေပြီး ဆော်ဒီက ဦးဆောင်နေတဲ့ စစ်မဟာမိတ် အဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တာကီ အယ်လ်မာကီက ပြောကြားခဲ့ပါတယ်။
ယီမင်ရဲ့ ကျယ်ဝန်းတဲ့ နယ်မြေ အစိတ်အပိုင်းတွေကို ဟိုသီတွေက ထိန်းချုပ်ထားပြီး တစ်ဖက်မှာတော့ နိုင်ငံတကာ အသိအမှတ်ပြု အစိုးရကို ဆော်ဒီက ထောက်ခံကူညီပေးနေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ယီမင် အနောက်ဖက် ကမ်းခြေဒေသမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်နေခဲ့သလို ဟိုဒိုင်ဒါ၊ တိုင်းဇ်နဲ့ ဘေဒါး ဒေသတွေမှာ နယ်မြေတွေ ပိုမို သိမ်းယူ ရရှိနေတယ်လို့ အစိုးရတပ်က ထုတ်ပြန်ပါတယ်။ တစ်ဖက်မှာတော့ ဟိုသီတွေက ပင်လယ်နီမှာရှိတဲ့ ဆော်ဒီ ရေနံတင် သင်္ဘောတွေ၊ ကမ်းရိုးတန်း ရေနံချက် စက်ရုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

Public Service Announcement
စက်တင်ဘာ ၈ ရက်နေ့က ဟိုသီတွေရဲ့ တိုက်ခိုက်မှုအတွင်း ဆော်ဒီမှာ အရပ်သား ၇၃ ဦး ဒဏ်ရာရခဲ့ကြောင်း အယ်လ်မာကီက ပြောပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်ပါဘူး။ ဒေသတွင်း သတင်းတချို့ကတော့ ဟိုသီတွေဟာ ဖောက်ခွဲရေး ဒရုန်းတွေနဲ့ ပြည်တွင်းဖြစ် တည်ဆောက်ထားတဲ့ ဒုံးကျည်တွေကို အသုံးပြုခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဟိုသီတွေရဲ့ ရန်လိုမှုအတွက် ဆော်ဒီက ကျိန်းသေပေါက် လက်စားချေမယ်လို့ အယ်လ်မာကီက ပြောကြားခဲ့ပြီး ဆော်ဒီ ဦးဆောင်တဲ့ မဟာမိတ် အင်အားစုဟာ ဘယ်လို နည်းလမ်းတွေနဲ့ တုံ့ပြန်မလဲ ဆိုတာကို ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။ ဟိုသီတွေကတော့ လတ်တလောမှာ ဘာမှတ်ချက်မှ မပေးသေးပါဘူး။
ယီမင်မြောက်ပိုင်း ဟာဇမ်မြို့မှာရှိတဲ့ ဆော်ဒီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း ဟိုသီတွေက စွပ်စွဲပြီး နာရီပိုင်း အကြာမှာပဲ ဆော်ဒီက မြို့တွေကို ဟိုသီရဲ့ ဒုံးကျည်နဲ့ ဒရုန်းတွေ ထိမှန်ခဲ့တာ ဖြစ်ပါတယ်။ ဟာဇမ်မှာ ဆော်ဒီလေတပ်က ဗုံးကြဲလို့ ကလေးငယ် အပါအဝင် ၇ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၇ ဦးရှိခဲ့ကြောင်း၊ အကျဉ်းထောင် တစ်ခုလည်း ထိမှန်ခံခဲ့ရကြောင်း ဟိုသီတွေက ထုတ်ပြန်ပါတယ်။
၂၀၁၄ ခုနှစ်မှာ စတင်ခဲ့တဲ့ ယီမင် ပြည်တွင်းစစ်မှာတော့ ဟိုသီတွေက မြို့တော် ဆာနားအပါအဝင် ယီမင်မြောက်ပိုင်း ဒေသအများစုကို သိမ်းယူထားပြီး နိုင်ငံတကာ အသိအမှတ်ပြု အစိုးရဟာ မြို့တော်ကနေ ဆုတ်ခွာခဲ့ရပါတယ်။ နောက်တစ်နှစ်မှာတော့ ဆော်ဒီနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံတွေ ပါဝင်တဲ့ အာရပ်မဟာမိတ် အဖွဲ့က ယီမင်ပြည်တွင်းစစ်မှာ ဝင်စွက်ဖက်ခဲ့ပြီး အစိုးရအာဏာ ပြန်ထူထောင်နိုင်အောင် ကူညီ တိုက်ခိုက်ပေးခဲ့ပါတယ်။
အခုနှစ်မှာတော့ ဆော်ဒီနဲ့ ယူအေအီးတို့ကြား တင်းမာမှုတွေ ရှိလာတဲ့နောက် ယူအေအီးဟာ ဆော်ဒီ ဦးဆောင်နေတဲ့ ယီမင် စစ်ဆင်ရေးတွေကနေ နုတ်ထွက်သွားခဲ့ပါတယ်။
ယီမင်ပြည်တွင်းစစ်အတွင်း လူပေါင်း ၁ သိန်းခွဲလောက် သေကြေပျက်စီးခဲ့သလို စစ်ဒဏ်ကြောင့် နိုင်ငံဟာ အငတ်ဘေးဆိုက်လု အခြေအနေမျိုး ကြုံနေရကြောင်း ကုလသမဂ္ဂ (UN)က သတိပေးထားပါတယ်။
ကိုးကား: AP

















































