ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေရဲ့ ဩဇာ လွှမ်းမိုးမှုနဲ့ စီးပွားရေး လက်ဝါးကြီးအုပ်မှုတွေကို ဆန့်ကျင်ဖို့၊ အဲဒီကိစ္စအတွက် ထိုင်းအစိုးရက ပိုပြီး ထိထိရောက်ရောက် ကိုင်တွယ် ဆောင်ရွက်အောင် ဖိအားပေးဖို့အတွက် ‘ထိုင်းနိုင်ငံကို ပြန်ယူကြ’ (Take Back Our Thailand’ဆိုတဲ့ လှုပ်ရှားမှုကို အကောင်အထည် ဖော်သွားမယ်လို့ ဝါရင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ဆွန်ထိ လင်ထောင်ခူက ပြောကြားခဲ့ပါတယ်။
တစ်ချိန်က တော်ဝင်မိသားစုနဲ့ ထိုင်းစစ်တပ်ကို ထောက်ခံပြီး ဖျူထိုင်းပါတီ ဦးဆောင်တဲ့ အစိုးရကို ဆန့်ကျင်ခဲ့တဲ့ နာမည်ကျော် ရှပ်ဝါလှုပ်ရှားမှုကို ခေါင်းဆောင်ခဲ့သူ ဆွန်ထိက စက်တင်ဘာ ၁၀ ရက်နေ့ကျရင် ဘန်ကောက်မြို့က အစ္စရေး သံရုံးဆီ ချီတက်ပြီး လိုလားချက်တွေကို ဆန္ဒပြ တောင်းဆိုမယ်လို့ ပြောပါတယ်။ သံရုံး တာဝန်ရှိသူတွေဖက်က လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ အဲဒီကိစ္စကို ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း သူက ဆိုပါတယ်။
Take Back Our Thailand လှုပ်ရှားမှုဟာ ထိုင်းမှာ နိုင်ငံခြားသားတွေရဲ့ ဩဇာ ကြီးမားလာမှုကို တန်ပြန်ဖို့၊ အကျင့်ပျက် ဆိုးသွမ်းနေတဲ့ နိုင်ငံခြားသားတွေကို အစိုးရက ထိထိရောက်ရောက် အရေးယူအောင် တောင်းဆိုဖို့ဖြစ်ကြောင်း၊ ဒါပေမဲ့ အစိုးရကို ဒီပြဿနာတွေအတွက် တာဝန်ယူပြီး နုတ်ထွက်စေဖို့ ရည်ရွယ်ထားတာတော့ မဟုတ်ကြောင်း စက်တင်ဘာ ၇ ရက်နေ့မှာ ဆွန်ထိက ပြောကြားခဲ့ပါတယ်။ အစိုးရ အနေနဲ့ ဒီပြဿနာမှာ ပိုပြီး တာဝန်ယူမှုရှိရှိ၊ ဖြောင့်ဖြောင့်မတ်မတ် ကိုင်တွယ်ပြီး ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးဖို့တော့ လိုတယ်လို့ သူက ဆက်ပြောပါတယ်။
ထိုင်းကိုရောက်လာတဲ့ အစ္စရေး ခရီးသွား ဧည့်သည်တွေ၊ အခြေချ နေထိုင်သူတွေဟာ ထိုင်းနိုင်ငံရဲ့ ဥပဒေတွေ၊ ထိုင်းပြည်သူတွေရဲ့ ဓလေ့ထုံးတမ်းနဲ့ ယဉ်ကျေးမှုတွေကို လေးစားလိုက်နာမှု မရှိဘူးလို့ ထိုင်းအမျိုးသားရေး အစွန်းရောက် အင်အားစုတွေက စွပ်စွဲခဲ့ပါတယ်။

Public Service Announcement
ဩဂုတ် ၂၄ ရက်နေ့မှာတော့ အဲဒီအင်အားစုတွေကပဲ အစ္စရေး သံရုံးဆီ သွားရောက်ပြီး ထိုင်းယဉ်ကျေးမှုအပေါ် အစ္စရေးနိုင်ငံသားတွေ လေးစားမှုရှိအောင် ထိန်းသိမ်းပေးဖို့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။ ဒါပေမဲ့ သံရုံးဖက်က လက်မခံတဲ့နောက် ထိုင်းရဲ့ မျိုးချစ်နာမည်ခံ အမျိုးသားရေး ဝါဒီတွေက အစ္စရေးသံရုံးကို စတင်ဆန့်ကျင် ဆန္ဒပြလာပါတယ်။ အခုတော့ ရှပ်ဝါလှုပ်ရှားမှုကို အဓိက ကြိုးကိုင်ခဲ့သူ ဆွန်ထိ ကိုယ်တိုင်ပါ ဒီကိစ္စမှာ ဝင်ပါလာတော့မယ့် သဘောပါပဲ။
အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ ဆွန်ထိဟာ ၂၀၀၆ ခုနှစ်တုန်းက ဝန်ကြီးချုပ် သက်ဆင် ရှီနာဝတ်ထရာကို ထိုင်းစစ်တပ် အာဏာသိမ်းပြီး ဖြုတ်ချစေဖို့ ကနဦး လမ်းခင်း ဖိအားပေးတဲ့ ရှပ်ဝါလှုပ်ရှားမှုကို အစပျိုးပေးခဲ့သူပါ။ သက်ဆင်ရဲ့ အစိုးရဟာ အဂတိမှု၊ အာဏာအလွဲသုံးစားမှုတွေက ကျူးလွန်ပြီး ထိုင်းနိုင်ငံရဲ့ ဥပဒေ စည်းမျဉ်းတွေကို ဖျက်ဆီးပစ်နေလို့ သူက ဆန့်ကျင်ခဲ့ကြောင်း၊ အဲဒီလို တူညီတဲ့ အခြေအနေတွေနဲ့ ပြဿနာတွေကို လက်ရှိ အစိုးရ လက်ထက်မှာ ထပ်ဖြစ်လာခွင့် မပြုနိုင်ကြောင်း ဆွန်ထိက ပြောပါတယ်။
ထိုင်းအစိုးရရဲ့ သဘာဝ သယံဇာတနဲ့ ပတ်ဝန်းကျင် ဝန်ကြီး ဆူချတ် ချောင်ကလင်ကတော့ ဆွန်ထိရဲ့ Take Back Our Thailand အစီအစဉ်ကို ဝေဖန်ခဲ့ပြီး လမ်းပေါ်မှာ ဆန္ဒပြပွဲတွေ ဖြစ်လာရင် နိုင်ငံဟာ နှစ်ပေါင်း ၂၀ လောက် နောက်ကြောင်းပြန်လှည့်သွားလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။
သူက ထိုင်းပြည်သူတွေ အနေနဲ့ ရွေးကောက်ပွဲ ရလဒ်နဲ့အညီ ထွက်ပေါ်လာတဲ့ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူရဲ့ အစိုးရကို အချိန်ပေးဖို့ လိုတယ်လို့လည်း ပြောပါတယ်။ နောက်ပြီး နိုင်ငံခြားသားတွေအပေါ် အလွန်အကျွံ ဖိအားပေးပြီး ရန်လိုတဲ့ အခြေအနေမျိုးတွေ ဖြစ်လာရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ဖို့ ကြိုးစားနေတဲ့ ထိုင်းအစိုးရရဲ့ အားထုတ်မှုတွေအပေါ် ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ထိခိုက်သွားစေနိုင်ကြောင်းလည်း ဆူချတ်က သတိပေးသွားပါတယ်။
ကိုးကား: Khaosod

















































