Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာကာသထဲမှာ အမေရိကန် လက်နက်တပ်ဆင်မှုကို တရုတ်နဲ့ ရုရှား ကန့်ကွက်

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

ဓာတ်ပုံ - UPI

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

ကမ္ဘာ့လေထု အပြင်ဖက် အာကာသထဲက ကမ္ဘာပတ်လမ်းမှာ လက်နက်စနစ်တွေ တပ်ဆင်ထားကြောင်း အမေရိကန်က ပထမဆုံးအကြိမ် အတည်ပြုခဲ့ပြီး နောက်တစ်နေ့မှာပဲ တရုတ်က အခုလို တုံ့ပြန်လာတာ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့မှာတော့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ကောင်ကျိကွန်က အမေရိကန်ရဲ့ အဲဒီခြေလှမ်းကို တရုတ် အစိုးရက ဆန့်ကျင်တယ်လို့ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်ဟာ ကမ္ဘာ့အပြင်ဖက် အာကာသထဲမှာ လက်နက်တပ်ဆင်ပြီး အဲဒီနေရာကို စစ်မြေပြင် ဖြစ်လာအောင် ပြောင်းလဲနေတာမျိုး မလုပ်သင့်ကြောင်း၊ အာကာသထဲက လက်နက်ပြိုင်ဆိုင်မှု တစ်ခုကိုလည်း မစသင့်ကြောင်း ကောင်က ပြောပါတယ်။

အာကာသထဲမှာ စစ်ရေးဖြန့်ကျက်တာရော၊ စစ်ပွဲအတွက် ပြင်ဆင်တာမျိုးပါ မလုပ်ဖို့ အမေရိကန်ကို တိုက်တွန်းလိုတယ်လို့လည်း သူက သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ပြောဆိုသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်တပ်ဆင်မှုကို ကန့်ကွက်ပြီး အာကာသဆိုတာ လက်နက်ကင်းစင် နယ်မြေအဖြစ်ပဲ ရှိသင့်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဒါ့အပြင် အာကာသကို စစ်မဲ့ဧရိယာအဖြစ် ဆက်လက် ထိန်းသိမ်းထားနိုင်အောင် နိုင်ငံတကာ ပူးပေါင်း အားထုတ်မှုတွေမှာ ရုရှားက ဆက်လက် ပါဝင်နေမယ်လို့လည်း ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ဆိုပါတယ်။

စက်တင်ဘာ ၁၄ ရက်နေ့တုန်းက အမေရိကန် အာကာသတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိက ရန်လိုတဲ့ ခြိမ်းခြောက်လာမှုတွေကို တုံ့ပြန် တားဆီးဖို့အတွက် အမေရိကန်ဟာ ကမ္ဘာပတ်လမ်းထဲမှာ လက်နက်တွေ ဖြန့်ကျက် တပ်ဆင်ထားပြီလို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

အာကာသထဲမှာ ဘယ်လို လက်နက် အမျိုးအစားတွေကို ဘယ်အချိန်ကတည်းက အရေအတွက် ဘယ်လောက်များများ ဖြန့်ကျက်ထားသလဲ ဆိုတာကို အမေရိကန်က ထုတ်မပြောပေမယ့် အဲဒီ လက်နက်တွေဟာ တိုက်ခိုက်ရေးရော၊ ကာကွယ်ရေး ရည်ရွယ်ချက်တွေကိုပါ ကိုင်တွယ်နိုင်စွမ်း ရှိမယ်လို့ ပြောကြားထားပါတယ်။ ဒါ့အပြင် ရန်သူနိုင်ငံတွေရဲ့ ဂြိုဟ်တုတွေကို ကြားဖြတ်နှောင့်ယှက်တာ၊ jammingလုပ်တာမျိုးကနေစပြီး တိုက်ခိုက် ဖျက်ဆီးပစ်နိုင်စွမ်းမျိုးထိ အမေရိကန်က လုပ်ဆောင်နိုင်တယ်ဆိုတဲ့ သဘောမျိုးတော့ အာကာသတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိက ထည့်သွင်း မှတ်ချက်ပေးသွားပါတယ်။

အမေရိကန်ကတော့ ကမ္ဘာပတ်လမ်းထဲက ဂြိုဟ်တုတွေ အပါအဝင် အမေရိကန်ရဲ့ ပိုင်ဆိုင်မှုတွေကို ရုရှားနဲ့ တရုတ်တို့က အဓိက ခြိမ်းခြောက်လာနိုင်တယ်လို့ ရှုမြင်ထားပါတယ်။ တရုတ်ဆိုရင် နိုင်ငံရဲ့ စစ်ရေးနည်းပညာ အဆင့်မြှင့်တင်မှု စီမံကိန်း အစိတ်အပိုင်းအဖြစ် အာကာသထဲမှာ ခံစစ်ရော၊ တိုက်စစ်အတွက်ပါ လက်နက်စနစ်တွေ ဖန်တီးနေတယ်လို့ အမေရိကန် အာကာသ တပ်ဖွဲ့က ပြောပါတယ်။ ရုရှားဟာလည်းပဲ အာကာသကို စစ်ပွဲအတွက် အသုံးပြုနိုင်မယ့် နယ်ပယ်တစ်ခုအဖြစ် ယူဆထားပြီး အာကာသကို လွှမ်းမိုးထားနိုင်ခြင်းဟာ အနာဂတ် စစ်ရေးပဋိပက္ခတွေမှာ အနိုင်ရဖို့ အဆုံးအဖြတ် ညွှန်ကိန်းတစ်ခု ဖြစ်လာမယ်လို့ တွေးတောနေကြောင်း အမေရိကန်က ပြောပါတယ်။

တစ်ချိန်တုန်းကတော့ အာကာသထဲမှာ နျူကလီးယား လက်နက်တွေ ဖြန့်ကျက်မှာကို စိုးရိမ်ပြီး စူပါပါဝါ နိုင်ငံကြီးတွေက အဲဒီကိစ္စကို ရှောင်လွှဲဖို့ ၁၉၆၇ ခုနှစ်မှာ သဘောတူ စာချုပ်တစ်ခု လက်မှတ်ရေးထိုးခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ နျူကလီးယားနဲ့ ဖျက်ဆီးအား ပြင်းထန်တဲ့ လက်နက်တွေကို အာကာသထဲမှာ မဖြန့်ကျက်ဖို့ပါ။ ဒါပေမဲ့ အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့ကတော့ ကမ္ဘာပတ်လမ်းထဲမှာ ရှိနေတဲ့ ပြိုင်ဘက်နိုင်ငံတွေရဲ့ စစ်ဘက်၊ ထောက်လှမ်းရေးနဲ့ ဆက်သွယ်ရေး ဂြိုဟ်တုတွေကို အချိန်မရွေး တိုက်ခိုက်နိုင်မယ့် လက်နက်စနစ်မျိုးတွေကို အပြိုင်အဆိုင် တည်ဆောက်နေတယ်လို့ ယုံကြည်ရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကုန်းပိတ် ဒေသတွေကို ပင်လယ်နဲ့ ရေလမ်းကြောင်း တိုက်ရိုက် ဆက်စပ်ပေးမယ့် တူးမြောင်းကြီး တစ်ခုကို တရုတ်က စတင်ဖွင့်လှစ်လိုက်ပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အာကာသထဲမှာ လက်နက် တပ်ဆင်ထားကြောင်း အမေရိကန် စစ်တပ်က ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။