Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒိန်းမတ် ရဟတ်ယာဉ်ကို ရုရှားစစ်သင်္ဘောက မီးကျည်နဲ့ လှမ်းပစ်ခဲ့တဲ့အပေါ် EU ရှုတ်ချ

ဒိန်းမတ် ရဟတ်ယာဉ်ကို ရုရှားစစ်သင်္ဘောက မီးကျည်နဲ့ လှမ်းပစ်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥရောပ သမဂ္ဂ (EU)က အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images/File

ဒိန်းမတ် ရဟတ်ယာဉ်ကို ရုရှားစစ်သင်္ဘောက မီးကျည်နဲ့ လှမ်းပစ်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥရောပ သမဂ္ဂ (EU)က အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

စက်တင်ဘာ ၁၄ ရက်နေ့တုန်းက ဘောလ်တစ်ပင်လယ်ကို ဖြတ်သန်းခုတ်မောင်းတဲ့ ရုရှားရေတပ် ဖရီးဂိတ် စစ်သင်္ဘော တစ်စီးကို ဒိန်းမတ်လေတပ် ရဟတ်ယာဉ် တစ်စီးက လုပ်ထုံးလုပ်နည်းအတိုင်း ခြေရာခံ စောင့်ကြည့်ချိန်မှာ ရုရှားရေယာဉ်က အရေးပေါ် အခြေအနေတွေအတွက် အချက်ပြရာမှာ အသုံးပြုတဲ့ မီးကျည်နှစ်စင်းနဲ့ လှမ်းပစ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီထဲက တစ်စင်းဟာ ရဟတ်ယာဉ်နဲ့ အတော်လေး နီးကပ်ခဲ့ကြောင်း ဒိန်းမတ်က ပြောပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့မှာတော့ ဒိန်းမတ် အစိုးရဟာ ရုရှားသံအမတ်ကိုပါ ဆင့်ခေါ်ပြီး အဲဒီကိစ္စအပေါ် ကန့်ကွက်ခဲ့ပါတယ်။ ဒါပေမဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒိန်းမတ်ရော၊ ရုရှားကပါ အပြန်အလှန် ပြစ်တင် ပြောဆိုနေပါတယ်။ ရုရှား သံအမတ်က အခုကိစ္စအတွက် စုံစမ်းသွားမယ်လို့ ပြောပေမယ့် ဒိန်းမတ် ရဟတ်ယာဉ်ကရော မီးကျည်တစ်ကမ်းစာလောက် နီးကပ်တဲ့ထိ ရုရှားစစ်သင်္ဘောနား ဘာလာလုပ်သလဲလို့ တန်ပြန် မေးခွန်းထုတ်ခဲ့ပါတယ်။

EUရဲ့ ဥပဒေပြု အစုအဖွဲ့ဖြစ်တဲ့ ဥရောပ ကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန်က အခုဖြစ်ရပ်ဟာ ရုရှားရဲ့ ဆင်ခြင်တုံတရား ကင်းမဲ့ပြီး အန္တရာယ်များတဲ့ အမူအကျင့်ကို ညွှန်ပြနေကြောင်း ပြောကြားခဲ့ပါတယ်။ ရုရှားက EU အဖွဲ့ဝင်တွေကို ရန်စနေတဲ့ လုပ်ရပ်တွေကို သီးခြားပြဿနာတွေလို့ ရှုမြင်လို့ မရကြောင်း၊ အခုဆိုရင် ရုရှားဟာ ဥရောပရဲ့ အသင့်ဖြစ်မှုနဲ့ ကာကွယ်ရေးအတွက် စိတ်ပိုင်းဖြတ်မှုတွေကို အကဲစမ်းတဲ့ ရန်လိုမှုတွေ၊ လှုံ့ဆော်မှုတွေကို တစ်ဆင့်ချင်း ချဲ့ထွင်လာနေတယ်လို့လည်း သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

Fennec ရဟတ်ယာဉ်ဆီ ချိန်ရွယ်ပြီး မီးကျည်နဲ့ ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်အပြီး ရုရှား သံအမတ် ဗလာဒီမာ ဘာဘင်ကို ဆင့်ခေါ်ပြီး ကန့်ကွက် အရေးဆိုခဲ့ကြောင်း ဒိန်းမတ် နိုင်ငံခြားရေး ဝန်ကြီး လားစ် လိုကီ ရက်စ်မက်ဆန်က အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ဘာဘင်က နောက်ပိုင်းမှာ လူမှုကွန်ရက်ကနေ ထုတ်ပြန်ရာမှာတော့ နှစ်ဖက် ငြိကြတဲ့ ကိစ္စမှာ ရဟတ်ယာဉ်ဖက်က အလွန်ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

ရုရှားရဲ့ စစ်သင်္ဘောက ပုံမှန် လမ်းကြောင်းအတိုင်း အေးအေးဆေးဆေး ခုတ်မောင်းနေချိန်မှာ လှုံ့ဆော်ရန်စသလို ပုံစံမျိုးနဲ့ ကမူးရှူးထိုး ချဉ်းကပ်ခဲ့တဲ့အပေါ် ဒိန်းမတ် ရဟတ်ယာဉ်ဖက်က ဖြေရှင်းချက်ပေးဖို့လိုကြောင်း ဘာဘင်က ဆိုပါတယ်။ ဒိန်းမတ် ရဟတ်ယာဉ်တွေက ရုရှား စစ်သင်္ဘောတွေနားမှာ အန္တရာယ်ရှိလောက်အောင် နီးနီးကပ်ကပ် ပျံသန်းခဲ့တာက အခုတစ်ကြိမ် ပထမဆုံး မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

ဒိန်းမတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ နိုင်ငံပိုင်နက်ရေပြင်နားကနေ ရုရှားစစ်သင်္ဘောတွေကို စောင့်ကြည့်ခြင်းဟာ တရားဥပဒေအရ အပြည့်အဝ လုပ်ပိုင်ခွင့် ရှိတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ဒိန်းမတ်ဟာ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတစ်ခု ဖြစ်သလို ယူကရိန်းနဲ့ ရုရှားတို့ကြားက စစ်ပွဲမှာလည်း ယူကရိန်းဖက်ကနေ အခိုင်အမာ ရပ်တည် ကူညီပေးနေပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားစစ်တပ်ရဲ့ Mi-8 ရဟတ်ယာဉ် တစ်စီးဟာ အဝေးပြေး လမ်းပေါ်မှာ အရေးပေါ် ဆင်းသက်ရင်း လမ်းဘေးကို ထိုးဆင်းသွားတာကြောင့် ထိခိုက်ပျက်စီးခဲ့ပါတယ်။

နိုင်ငံတကာ

လဆန်းပိုင်းတုန်းက အမေရိကန် သမ္မတ စီးတော် ရဟတ်ယာဉ်ဖြစ်တဲ့ Marine Oneက ခရီးသည်တင် ဂျက်လေယာဉ် တစ်စီးနဲ့ နီးနီးကပ်ကပ် ပျံသန်းမိခဲ့တဲ့ ဖြစ်စဉ်ဟာ ဆက်သွယ်ရေးဆိုင်ရာ လစ်ဟာမှု တစ်ခုကြောင့်လို့ စုံစမ်းရေး အရာရှိတွေက ပြောပါတယ်။

နိုင်ငံတကာ

လူနှစ်ဦး သေဆုံးခဲ့တဲ့ ပျက်ကျမှုတစ်ခုအပြီး အမေရိကန် ကြည်းတပ်ဟာ AH64 Apache တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ အားလုံးရဲ့ လေ့ကျင့် ပျံသန်းမှုတွေကို ဆိုင်းငံ့ထားဖို့ အမိန့်ပေးခဲ့ပါတယ်။

သတင်း

ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းမှာ ဆရာတော်တစ်ပါးက အာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူတွေကို ဗုံးကြဲ သတ်ဖြတ်နေတဲ့ ရဟတ်ယာဥ်ကို အန္တရာယ်ကင်းအောင် သပြေခက်နဲ့ ပရိတ်ရေ ဖြန်းပေးနေတဲ့ ဓါတ်ပုံတွေ လူမှုကွန်ရက်မှာ ထွက်ပေါ်လာလို့ ဝေဖန်ခံနေရပါတယ်။