ဒိန်းမတ်နိုင်ငံမှာ နေထိုင်တဲ့ မြန်မာ အမျိုးသမီး တစ်ဦးက အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေကို အရေးယူပေးဖို့ ဒိန်းမတ် အာဏာပိုင်တွေဆီ တိုင်ကြားခဲ့ပါတယ်။
တိုင်ကြားသူဟာ ချင်းတိုင်းရင်းသူ နွမ်ဆီယန်ဒင်မ်ဖြစ်ပြီး အာဏာသိမ်း မြန်မာစစ်တပ်ဟာ လူနည်းစု တိုင်းရင်းသား မျိုးနွယ်တွေအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာကြောင့် အရေးယူပေးဖို့ အောက်တိုဘာ ၂၆ ရက်နေ့မှာ ဒိန်းမတ် အာဏာပိုင်တွေဆီ အရေးဆို တိုင်တန်းခဲ့တာလို့ သိရပါတယ်။
အမျိုးသမီးက မြန်မာနိုင်ငံ အနောက်ပိုင်း၊ ချင်းပြည်နယ်ထဲက သူ့ရဲ့ ဇာတိ ကျေးရွာမှာ နေအိမ် ၄၀ လောက် မီးလောင်ပျက်စီးသွားတာတွေကို ကိုယ်တိုင် တွေ့မြင်ဖူးသလို စစ်တပ်ရဲ့ မြေမြှုပ်မိုင်းဒဏ်ကြောင့် မိသားစုဝင်တွေ၊ မိတ်ဆွေတွေ သေဆုံးခဲ့တာ၊ မသန်စွမ်း ဖြစ်သွားတာတွေကို ကြုံခဲ့ဖူးကြောင်း ဆိုပါတယ်။
စစ်တပ်ကျူးလွန်ခဲ့တဲ့ ဆိုးရွားတဲ့ လုပ်ရပ်တွေက အများကြီး ဖြစ်ကြောင်း၊ ကလေးတွေလည်း ကျောင်းတက်ခွင့် မရဘဲ ဖြစ်ကုန်ပြီး လေကြောင်း တိုက်ခိုက်မှုတွေအတွင်း အိမ်တွေ ပျက်စီးခဲ့သလို ပြည်သူတွေ စိတ်ထောင်းကိုယ်ကျေ ဖြစ်ခဲ့ရကြောင်း အသက် ၃၉ နှစ်အရွယ် နွမ်ဆီယန်ဒင်မ်က ပြောကြားခဲ့ပါတယ်။

Public Service Announcement
နွမ်ဆီယန်ဒင်မ်ဟာ မြန်မာကနေ အိန္ဒိယဖက်ခြမ်းကို ထွက်ပြေးခဲ့ပြီး အဲဒီနောက် ထိုင်းနိုင်ငံဆီ ကူးသွားခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ဒိန်းမတ်ကို ရောက်ရှိလာခဲ့ပါတယ်။ ချင်းအမျိုးသမီးရဲ့ တိုင်ကြားမှုမှာ ဒိန်းမတ်ရောက် နောက်ထပ် မြန်မာ ဒုက္ခသည်တွေလည်း ပူးပေါင်းလာနိုင်တယ်လို့ အဲဒီ ဒုက္ခသည်တွေအတွက် ကိုယ်စားပြုပေးနေတဲ့ ရှေ့နေ အက်ဒီ ခဝါဂျာက ပြောကြားခဲ့ပါတယ်။
သူ့ရဲ့အမှုသည်တွေနဲ့ မြန်မာ့ လူ့အဖွဲ့အစည်းအပေါ် ကျူးလွန်တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ဒိန်းမတ် ရဲတပ်ဖွဲ့အတွက် အခွင့်အရေး ရလာမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ (Myanmar Action Group Denmark)ရဲ့ ဥက္ကဋ္ဌ ထရေစီ ဘော်ဝီလ်ဟလိုင်းက အခုဖြစ်ရပ်တွေကို လူသိရှင်ကြား ထုတ်ဖော် ပြေဆိုတာဟာ စစ်အာဏာရှင်က ပြည်သူတွေကို ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ဖော်ထုတ် ရှုတ်ချဖို့ အရမ်းအရေးကြီးတဲ့ ခြေလှမ်းတစ်ခု ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။
ဒိန်းမတ်ဟာ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် (universal jurisdiction)မူကို ၂၀၂၅ မှာ စတင်လက်ခံကျင့်သုံးလာပါတယ်။အဲဒီမူအရ တခြားနိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေအတွက် ဒိန်းမတ် တရားစီရင်ရေး ကဏ္ဍမှာ တရားစွဲဆိုခွင့် ရှိပါတယ်။
နှစ်ဆန်းပိုင်းတုန်းက ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)ကလည်း မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေကို အရှေ့တီမောမှာ စုံစမ်းစစ်ဆေး တရားစွဲဆိုနိုင်ဖို့ အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ကြောင်း ကြေညာဖူးပါတယ်။
ကိုးကား-The Star




















































