နှစ်နိုင်ငံ နယ်စပ်က ညှိနှိုင်းရေးရုံး အဆောက်အအုံကို ဗုံးခွဲ ဖျက်ဆီးခဲ့မှုအတွက် မြောက်ကိုရီးယားက တောင်ကိုရီးယားဆီ နစ်နာကြေးပေးဖို့ တောင်ကိုရီးယား တရားရုံး တစ်ခုက အမိန့် စီရင်ချက် ချမှတ်ခဲ့ပါတယ်။
ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ တည်ရှိပြီး နှစ်ဖက် ညှိနှိုင်းရေးအတွက် ရည်ရွယ် တည်ဆောက်ထားတဲ့ ရုံးအဆောက်အအုံကို ၂၀၂၀ ပြည့်နှစ်မှာ မြောက်ကိုရီးယားက ဖျက်ဆီးပစ်ခဲ့တာပါ။ ကိုဗစ်ကပ်ရောဂါ ကာလမို့ အဲဒီရုံးမှာ လူသူကင်းမဲ့နေချိန် မြောက်ကိုရီးယား စစ်တပ်က ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်အတွက် နစ်နာကြေး ရလိုကြောင်း တောင်ကိုရီးယားက တရားဥပဒေကြောင်းအရ အရေးဆိုခဲ့ပြီး စက်တင်ဘာ ၁၆ ရက်မှာတော့ ဆိုးလ်မြို့တော် တရားရုံးတစ်ခုက အခုစီရင်ချက်ကို ချမှတ်ခဲ့ပါတယ်။
တရားရုံး ဆုံးဖြတ်ချက်အရ မြောက်ကိုရီးယားဟာ ဒီကိစ္စအတွက် တောင်ကိုရီးယားဆီ ဝမ် ၄၄.၆ ဘီလီယံ၊ တစ်နည်းအားဖြင့် ဒေါ်လာ ၃၂ သန်းခွဲလောက် ပေးဆောင်ရမယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယားအပေါ် သဘောထား တင်းမာတဲ့ သမ္မတ ယွန်ဆွတ်ယော အုပ်ချုပ်နေချိန် ပြီးခဲ့တဲ့ တောင်ကိုရီးယား အစိုးရဟောင်း လက်ထက်၊ ၂၀၂၃ ခုနှစ် ဇွန်လတုန်းက ဒီကိစ္စအတွက် မြောက်ကိုရီးယားကို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာတော့ ယွန်ဟာ အငြင်းပွားဖွယ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တာကြောင့် အရှုပ်အထွေးတွေနဲ့ ရင်ဆိုင်ရပြီး နောက်ဆုံး ရာထူးကနေပါ ဖယ်ရှားခံခဲ့ရပါတယ်။

Public Service Announcement
အဲဒီနောက် ကိုရီးယား နှစ်နိုင်ငံ စေ့စပ်ဆွေးနွေးမှုတွေကို အားပေးတဲ့ သမ္မတ လီဂျေမြောင်ရဲ့ အစိုးရ အာဏာရလာပေမယ့် ဆိုးလ်ခရိုင် တရားရုံးကတော့ အမှုကို ဆက်လက် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ စစ်ဆေးချက်တွေအရ မြောက်ကိုရီးယားဟာ ရုံးအဆောက်အအုံကို ဖောက်ခွဲ ဖျက်ဆီးမှုမှာ အမှန်တကယ် ပြစ်မှုထင်ရှားကြောင်း တွေ့ရှိခဲ့တာကြောင့် တရားလို တောင်ကိုရီးယား အစိုးရ တောင်းဆိုတဲ့ ဝမ် ၄၄.၆ ဘီလီယံကို အပြည့်အဝ ပေးချေရမယ်လို့ တရားရုံးက ကြေညာပါတယ်။
နောက်ပြီး တရားရေး စရိတ်စကတွေကိုလည်း မြောက်ကိုရီးယားဖက်ကပဲ ကျခံရမယ်လို့လည်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ တောင်ကိုရီးယား အစိုးရရဲ့ ကိုရီးယား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနကတော့ တရားရုံး စီရင်ချက်ကို လေးစားလိုက်နာမှာဖြစ်ပြီး လိုအပ်မယ့် နောက်ဆက်တွဲ လုပ်ဆောင်စရာ ကိစ္စတွေကို ဆန်းစစ် လေ့လာသွားမယ်လို့ ပြောပါတယ်။
မြောက်ကိုရီးယား အစိုးရကတော့ အခုကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးသလို အစိုးရ မီဒီယာကလည်း သဘောထား ကြေညာချက် တစ်ခုခုကို ဖော်ပြလာတာမျိုး မတွေ့ရသေးပါဘူး။
မြောက်ကိုရီးယား ပြည်ပြေးတချို့က မြောက်ကိုရီးယား ဆန့်ကျင်ရေး ဝါဒဖြန့် လက်ကမ်းစာစောင်တွေကို နယ်စပ်ဖြတ်ကျော်ပြီး လေထဲကနေ ကြဲချစေတဲ့ လုပ်ရပ်တွေ ကျူးလွန်ပေမယ့် တောင်ကိုရီးယား အစိုးရက ထိထိရောက်ရောက် မတားမြစ်ခဲ့ဘူးလို့ စွပ်စွဲပြီး နှစ်နိုင်ငံကြား နယ်စပ်မှာ ဆောက်လုပ်ထားတဲ့ ရုံးအဆောက်အအုံကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၆ ရက်နေ့မှာ မြောက်ကိုရီးယားက ဖျက်ဆီးပစ်ခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: Reuters


















































