Connect with us

Hi, what are you looking for?

ဆောင်းပါး

အမေရိကန်​၏ Blacklist စာရင်းထဲ ထပ်မံဝင်ရောက်ခဲ့တဲ့ မြန်မာနဲ့ မူးယစ်ဆေးဝါးပြဿနာ

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

သီဟံ ရေးသားသည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဒီထုတ်ပြန်ချက်အရမြန်မာနိုင်ငံဟာကမ္ဘာ့တရားမဝင်မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ မှောင်ခိုကူးသန်းမှု ကွန်ရက်ရဲ့ အဓိကဗဟိုချက်တစ်ခုအဖြစ် ပြန်လည် ရပ်တည်လာနေပြီဆိုတာကို ကမ္ဘာ့အဆင့်မှာ မီးမောင်းထိုးပြလိုက်တာဖြစ်ပြီး စစ်အုပ်စုရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးပျက်ကွက်မှုကိုလည်းအထင်အရှား သက်သေပြလိုက်တာပါ။

အိမ်ဖြူတော်ရဲ့ ၂၀၂၆ခုနှစ်၊စက်တင်ဘာ၁၆ ရက် ထုတ်ပြန်ချက်အရ ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် “အဓိက မူးယစ်ဆေးဝါး ထုတ်လုပ်ရာနှင့် သယ်ယူပို့ဆောင်ရာ နိုင်ငံများ” စာရင်းကို သမ္မတ ဒေါ်နယ်ထရန့်ကအတည်ပြု သတ်မှတ်ခဲ့ပါတယ်။ ဒီစာရင်းဟာ အမေရိကန်နိုင်ငံအတွင်းကို တရားမဝင် မူးယစ်ဆေးဝါးတွေ အဓိက ဝင်ရောက်လာတဲ့ မူလထုတ်လုပ်ရာ ဒါမှမဟုတ် ဖြတ်သန်းသယ်ယူရာ နိုင်ငံတွေကို နှစ်စဉ် သတ်မှတ်ထုတ်ပြန်တဲ့ စာရင်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီနှစ်မှာနိုင်ငံပေါင်း၂၃ နိုင်ငံပါဝင်ခဲ့ပြီးအဲဒီထဲကအာဖဂန်နစ္စတန်၊ ဘိုလီးဗီးယား၊ မြန်မာနဲ့ ကိုလံဘီယာတို့ကိုတော့ လွန်ခဲ့တဲ့ ၁၂ လအတွင်း နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာတာဝန်ဝတ္တရားတွေကို လုံလောက်တဲ့ အားထုတ်မှုမရှိခဲ့တဲ့ နိုင်ငံတွေအဖြစ် သီးခြား ဖော်ပြထားပါတယ်။ အမေရိကန်အစိုးရကလည်း ဒီနိုင်ငံတွေဟာ တရားမဝင် မူးယစ်ဆေးဝါးတွေနဲ့ ရှေ့ပြေးဓာတုပစ္စည်းတွေ ထုတ်လုပ်မှု၊ မှောင်ခိုကူးသန်းမှုတွေကြောင့် အမေရိကန်နဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ လုံခြုံရေးကိုခြိမ်းခြောက်နေတယ်လို့ထောက်ပြထားပြီးမူးယစ်ဆေးဝါးမှောင်ခိုကွန်ရက်တွေနဲ့ ရာဇဝတ်ဂိုဏ်းတွေကိုပိုမိုထိရောက်စွာ နှိမ်နင်းဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံအခုလိုထပ်မံသတ်မှတ်ခံရတာဟာ တစ်နှစ်အတွင်းမှဖြစ်ပေါ်လာတဲ့ ပြဿနာ မဟုတ်ပါဘူး။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ လုံခြုံရေး ယိုယွင်းလာတာ၊ အထူးသဖြင့် စစ်အာဏာရှင်လက်အောက်ခံ ဒါမှမဟုတ် ၎င်းတို့နဲ့ မဟာမိတ်ပြုထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်အချို့ထိန်းချုပ်ထားတဲ့ နယ်စပ် ဒေသတွေမှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ မှောင်ခိုကူးသန်းမှုတွေကလည်း ပြန်လည် အားကောင်းလာခဲ့ပါတယ်။

ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အစီရင်ခံစာတွေမှာလည်း မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေနဲ့ အခွန်ကောက်ခံမှုစနစ်တွေမှာ ဒီလက်နက်ကိုင်အဖွဲ့ အချို့ ပါဝင်ပတ်သက်နေမှုကို ဖော်ပြထားပါတယ်။

UNODC ရဲ့ အဆိုအရ မြန်မာဟာ ကမ္ဘာမှာ တရားမဝင် ဘိန်းအများဆုံး ထွက်ရှိတဲ့ နိုင်ငံပြန်ဖြစ်လာပြီး စိုက်ပျိုးမှု အများစုက အရှေ့ပိုင်း ရှမ်းပြည်နယ် ဖြစ်ပါတယ်။

ဘိန်းစေးတင်မကဘဲ မက်သာဖက်တမင်းလို့ ခေါ်တဲ့ ယာဘနဲ့ အိုက်စ် ထုတ်လုပ်မှုတွေကလည်း မြန်မာနိုင်ငံနယ်စပ်ဒေသတွေမှာဆက်တိုက် ကျယ်ပြန့်လာပါတယ်။ ဒီမူးယစ်ဆေးဝါးတွေကို ထုတ်လုပ်တဲ့ ဓာတ်ခွဲခန်းအများစုဟာ တရုတ်-မြန်မာနဲ့ ထိုင်း-မြန်မာ နယ်စပ် တောတောင်ဒေသတွေမှာ တည်ရှိနေပြီး ဖြန့်ချိရေးနဲ့ မှောင်ခိုကူးသန်းရေး ကွန်ရက်တွေကတော့ နယ်စပ်မျဉ်းတွေကို ကျော်လွန်ပြီး ဒေသတွင်းနိုင်ငံများမှတစ်ဆင့် နိုင်ငံတကာအဆင့်အထိ ပျံ့နှံ့နေကြပါတယ်။

ဒါကြောင့်ထရမ့်ရဲ့ယခုထုတ်ပြန်ချက်က မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးပြဿနာဟာ ကမ္ဘာလုံးဆိုင်ရာ အရေးကြီးတဲ့ စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေကြောင်းနဲ့ နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေ ပိုမိုကြီးထွား လာနေကြောင်းကို ဖော်ပြလိုက်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အရေးပါတဲ့ သတ်မှတ်ချက်တစ်ရပ်ဖြစ်ပါတယ်။

အိမ်ဖြူတော်ရဲ့အနက်ရောင်စာရင်း(Blacklist)သတ်မှတ်ချက်က ထင်ရှားစွာ မီးမောင်းထိုးပြ နေတာကတော့ မြန်မာနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ ထိရောက်မှုမရှိဘူးဆိုတာပါဘဲ။ ပိုမိုစိုးရိမ်ဖွယ်ကောင်းတာကတော့ စစ်အုပ်စုဟာ မူးယစ်ဆေးဝါးပြဿနာကို တိုက်ဖျက်မယ့် အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နေခြင်းထက်၊ ၎င်းတို့ရဲ့ အာဏာတည်မြဲရေးနဲ့ ဘဏ္ဍာရေး အကျိုးအမြတ်အတွက် ဒီမှောင်ခိုကွန်ရက်တွေနဲ့ အကျိုးစီးပွားဆိုင်ရာ ဆက်နွယ်မှုတွေ ရှိနေတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

အဲဒီလို အကျိုးအမြတ်ရရှိနေတဲ့ ကွန်ရက်တွေကို ထိန်းချုပ်ထားသူတွေ သို့မဟုတ် ပါဝင်ပတ်သက် နေသူတွေ အာဏာဆက်လက်ရှိနေသရွေ့ မူးယစ်ဆေးဝါးပြဿနာကို အမြစ်ကနေဖြေရှင်းပပျောက်ဖို့မလွယ်ကူနိုင်ပါဘူး။ ဒီပြဿနာဟာမြန်မာပြည်သူတွေရဲ့လူမှုဘဝနဲ့ အနာဂတ်ကိုသာထိခိုက်စေတာမဟုတ်ဘဲ၊ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးကွန်ရက်တွေကတစ်ဆင့် ဒေသတွင်းနဲ့ ကမ္ဘာ့နိုင်ငံများ အထိ သက်ရောက်နေတဲ့ အပြည်ပြည်ဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ်လာနေပါတယ်။ ။

ကိုးကား-
• The White House
• United Nations Office on Drugs and Crime (UNODC) Myanmar Opium Survey
• International Crisis Group (ICG)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အာကာသထဲမှာ လက်နက် တပ်ဆင်ထားကြောင်း အမေရိကန် စစ်တပ်က ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...